Breaking News

ကိုကျော် (မြစ်ကြီးနား) - ထရမ့်ကို စိတ်ပျက်လာတဲ့ ရီပတ်ပလီကင်များ



ကိုကျော် (မြစ်ကြီးနား) - ထရမ့်ကို စိတ်ပျက်လာတဲ့ ရီပတ်ပလီကင်များ 
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၁


ဒီရက်ပိုင်း ရီပတ်ပလီကင်ထဲမှာ ကွိုင်လေးတစ်ခုတက်ခဲ့ပြီး သတင်းမှာ ဟော့နေပါတယ်။ ဖြစ်ပုံက ဒီလို၊ ပြီးခဲ့တဲ့နှစ်ရက် တနင်္ဂနွေနေ့က တောင်ဒါကိုတာပြည်နယ် (South Dakota) ရီပတ်ပလီကင် ဆီးနိတ်အမတ် မိုက်ရောင်းစ် (Mike Rounds) က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုမရှိခဲ့ဘူး၊ သမ္မတဂျိုးဘိုင်ဒန် အနိုင်ရခဲ့တာ မှန်ကန်တယ်လို့ အေဘီစီသတင်းမှာ ပြောခဲ့တယ်။

အဲဒါကိုကြားတော့ မကျေမနပ်ဖြစ်ပြီး သမ္မတဟောင်းထရမ့်က မိုက်ရောင်းစ်ကို ပြန်တိုက်ခိုက်တယ်။ "ဒီလူက ရူးနေတာလား ဒါမှမဟုတ် ငတုံးလား?" ဆိုပြီး ထရမ့်က ပြောခဲ့ပါတယ်။ ပြီးတော့ မိုက်ရောင်းစ်ကို နောက်ထပ်အရွေးခံရဖို့ ဘယ်တော့မှ ထောက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ (တကယ်တော့ မိုက်ရောင်းစ်က ၂၀၂၆ ခုနှစ်အထိ ရွေးကောက်ပွဲဝင်ရဦးမှာ မဟုတ်ပါဘူး)။

ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို မိုက်ရောင်းစ်က ဂရုမစိုက်ဘဲ သူရဲ့ပြောဆိုချက်အတိုင်း ရပ်တည်သွားမယ်လို့ နောက်တစ်ရက် တနင်္လာနေ့မှာပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"သမ္မတဟောင်းထရမ့်ရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး ကျနော် စိတ်ပျက်မိပေမဲ့ အံ့ဩမသွားပါဘူး။ ဒါပေမဲ့ ကျနော် ပြောခဲ့တဲ့အတိုင်း အမှန်တရားက မပြောင်းလဲသွားပါဘူး၊ သမ္မတဟောင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ သတင်းအချက်အလက်အသစ် မဟုတ်ပါဘူး။ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲသွားစေမယ့် မဲမသမာမှု ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့ အထောက်အထား လုံးဝမရှိပါဘူး။" စသဖြင့် မိုက်ရောင်းစ်ရဲ့ ထုတ်ပြန်ချက်မှာ တုံ့ပြန်ထားပါတယ်။  

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရင့်ရီပတ်ပလီကင်များက မိုက်ရောင်းစ်ဘက်မှာ ရပ်တည်လာကြပါတယ်။

"၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မိုက်ရောင်းစ်က အမှန်တရားကို ပြောခဲ့တယ်လို့ ကျနော် ထင်ပါတယ်၊ မိုက်ရောင်းစ် ပြောတာကို သဘောတူပါတယ်" လို့ ရီပတ်ပလီကင် ဆီးနိတ်အမတ် Mitch McConnell က အင်္ဂါနေ့မှာ စီအင်အင်ကို ပြောခဲ့ပါတယ်။

"ရွေးကောက်ပွဲမှာ မဲခိုးမှုမရှိခဲ့ဘူးဆိုတာ လက်ခံပါတယ်လို့ ကျနော် အမြဲတမ်းပြောခဲ့ပါတယ်။ ကျနော်က ၂၀၂၀ ရွေးကောက်ပွဲကို  ခေါင်းထဲမထည့်တော့ဘဲ ရှေ့ဆက်သွားနေတာ ကြာပါပြီ၊ မိုက်ရောင်းစ် အပါအဝင်ပါပဲ" လို့ မြောက်ဒါကိုတာပြည်တယ် ရီပတ်ပလီကင် ဆီးနိတ်အမတ် Kevin Cramer က ပြောခဲ့ပါတယ်။

အထူးသဖြင့် ရီပတ်ပလီကင် ဆီးနိတ်အမတ် အတော်များများက သမ္မတဟောင်း ထရမ့်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မကျေမနပ် စိတ်စွဲလမ်းနေမှုကို ချန်ရစ်ထားခဲ့လိုကြပြီး အဲဒီအစား သမ္မတဘိုင်ဒန်ရဲ့ လုပ်ဆောင်ချက်တွေနဲ့  ၂၀၂၂ မှာ ကွန်ကရက်နေရာများကို ပြန်လည်ရယူထိန်းချုပ်နိုင်ဖို့ အာရုံစိုက်လိုကြပါတယ်။

အခုလည်း ထရမ့်ရဲ့အကျင့်စရိုက်အတိုင်း မိုက်ရောင်းစ်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ရီပတ်ပလီကင် အတော်များများက မကျေမနပ် ဒေါသဖြစ်နေကြပါတယ်။ မိုက်ရောင်းစ်ရဲ့ဇနီးက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

"မိုက်ရောင်းစ်ကို ငတုံးငအလို့ ခေါ်တဲ့လူတိုင်းကို ကျမ လုံးဝလက်မခံနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ မိုက်ရောင်းစ်က ကျမတို့အဖွဲ့ဝင်တွေထဲမှာ သဘောထားအကောင်းဆုံး စိတ်ရင်းအမှန်ဆုံး လူတစ်ယောက် ဖြစ်ပါတယ်" လို့ အနောက်ဗာဂျီးနီးယားပြည်နယ်မှ ရီပတ်ပလီကင် ဆီးနိတ်အမတ် Shelley Moore Capito က ပြောပါတယ်။

ရီပတ်ပလီကင် တချို့ကျတော့လည်း ဒီအရှုပ်ထုတ်ကိစ္စ နဲ့ ခပ်ဝေးဝေးရှောင်လိုကြပါတယ်။ ပြဿနာနဲ့ ပတ်သက်ပြီး Wyoming ပြည်နယ်မှ ရီပတ်ပလီကင် ဆီးနိတ်အမတ် John Barrasso အား မေးမြန်းခဲ့ရာမှာ သူကတော့ "ဖြစ်လည်းဖြစ်ခဲ့ပြီပဲ၊ ကျနော့်အနေနဲ့ ဘာမှဖြည့်စွက်စရာ ပြောစရာမရှိပါဘူး" လို့ ဖြေကြားသွားကြောင်း။ ။ 

(ကိုးကား။ ။ CNN - Jan 11, 2022 - Top Republicans stand up for Rounds after Trump's attack: He 'told the truth)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar