Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၂ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၂ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၂

◾️ ဒုက္ခသည်၊ လူသားချင်းစာနာမှု အကူအညီ၊ လက်နက်ကိုင်တိုက်ပွဲ 
နေ့စဥ်သတင်းတွေထဲမှာ တိုက်ပွဲတွေ လက်နက်ကြီးပစ်ခတ်မှုတွေ မြို့တွေ ကျေးရွာတွေကို စွန့်ခွာထွက်ပြေးရတာတွေ၊ ဒုက္ခသည်စခန်းလို့ခေါ်ဆိုကြတဲ့ ယာယီနေစရာနေရာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှ ယာယီလုပ်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေ၊ လူသားချင်းစာနာမှု အကူအညီပေးခွင့်မရတဲ့အကြောင်း သတင်းတွေက နေ့စဥ်သတင်းတွေထဲက ခပ်ဆင်ဆင် သတင်းအကြောင်းအရာတွေ ဖြစ်နေပါတယ်။ 

ဒီနေ့အဖို့ သတင်းတွေမှာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသက ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတဲ့အခြေအနေ ရက်ပိုင်းလို့မှန်းဆပြီး စစ်ဘေးရှောင်ရင်း တလလောက်ထိကြာရှည်လာတဲ့ အနေအထား၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကေအန်ယူအဖွဲ့ကတာဝန်ရှိသူ၊ မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေ ကုလသမဂ္ဂက ဒုက္ခသည်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြတဲ့ သတင်း၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က ဒုက္ခသည်တွေအရေး ယူအန်အိုချာရဲ့ထုတ်ပြန်ချက်၊ အာဆီယံခေါင်းဆောင်အစည်း အဝေး ရက်ရွှေ့ဆိုင်းတဲ့သတင်း၊ စစ်ကိုင်းတိုင်းမှာတော့ တိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေ အရပ်သားအသက်ဆုံးရှုံးရမှုတွေ စတဲ့ သတင်းတွေက သတင်းစာမျက်နှာမှာ နေရာယူထားကြပါတယ်။ 

ယေဘုယျအားဖြင့် စစ်ဘေးရှောင်ဒုက္ခသည်ပြဿနာဟာ စစ်ပွဲရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ တိုင်းရင်းသားဧရိယာတွေမှာ စစ်ပွဲတွေက တောထဲတောင်ထဲမှာချည်း ဖြစ်ကြတာမဟုတ်ပဲ ကျေးရွာတွေမှာ ကျေးရွာတွေနဲ့အနီးအနားမှာ ဖြစ်ပွားကြတာမျိုးဖြစ်ပြီး အခုလို ကျေးရွာလူထုရဲ့ ထောက်ခံမှုအပေါ်အခြေခံပြီး ထွက်ပေါ်လာတဲ့တပ်ဖွဲ့တွေက ကျေးရွာတွေကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်၊ ကျေးရွာတွေက အကူအညီအထောက်အပံ့ကို ရယူဖို့ရည်ရွယ်ချက်နဲ့ အဲဒီဒေသတွေကို စိုးမိုးထားကြတာဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တိုက်ခိုက်တဲ့ စစ်တပ်က ကျေးရွာတွေကို သူပုန်အားပေးတဲ့သူတွေလို့ ယူဆတာ၊ သူပုန်တွေကို အကူအညီပေးနေသူတွေလို့ ယူဆကာ ကျေးရွာတွေကို ပိတ်ဆို့ဖို့၊ ပစ္စည်းရိက္ခာဖျက်ဆီးဖို့ ထောက်ခံသူလို့စွပ်စွဲကာ ညှင်းဆဲသတ်ဖြတ်ဖို့တွေ ဖြစ်ပွားလာတာ မြန်မာနိုင်ငံ ပြည်တွင်း စစ်ရဲ့ အစဉ်အဆက် ထုံးစံလိုဖြစ်လာနေတာပါ။ 

အခုလတ်တလောဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာလည်း ဒေသခံနေထိုင်သူတွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDFတွေကို ယေဘုယျအားဖြင့် ထောက်ခံကြတာမို့ စစ်ကောင်စီဘက်ကဝင်ရောက်လာတဲ့အခါ တဖက်လက်နက်ကိုင်တွေကို အားပေးသူအနေနဲ့ယူဆပြီး ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာတွေလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဒေသခံတွေပိုင်ဆိုင်တဲ့ နေအိမ်၊ ရိက္ခာ၊ ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားတာ ဖျက်ဆီးတာတွေလည်း လုပ်ကြသလို နေအိမ်မီးရှို့တာတွေလည်း လုပ်ဆောင်ကြတာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေက တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ ဘယ်လိုမှနေထိုင်ဖို့ မဖြစ်နိုင်တဲ့အကြောင်းအချက်တွေ ဖြစ်နေတာပါ။ လက်နက်ကြီးထိမှန်နိုင်တာ၊ အပြန်အလှန်ပစ်ခတ်တဲ့အခါ ကျည်ထိမှန်သေဆုံးနိုင်တာအပြင် ပေါ်တာဖမ်းခံရနိုင်ချေ၊ သူပုန်လို့စွပ်စွဲကာ ဖမ်းခံရနိုင်တာ၊ သတ်ဖြတ်ခံရနိုင်တာတွေကြောင့် တိမ်းရှောင်ကြရတာလည်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဝတ်အစားအသုံးအဆောင်၊ အသက်မွေးဝမ်းကျောင်းလုပ်တဲ လယ်ယာ၊ မွေးမြူထားတဲ့ ကျွဲနွား၊ ဆိတ်၊ ဝက်တို့ကိုပစ်ထားပြီး တိမ်းရှောင်ရတဲ့အဖြစ်က ဘဝမှာ နာကျင်စရာကောင်းပါတယ်။ မြို့ပေါ်မှာနေထိုင် လုပ်ကိုင်ကြသူတွေအဖို့လည်း ပိုင်ဆိုင်မှုတွေ ယူနိုင်သလောက်ယူပြီး ကျန်တာကို ဖြစ်လိုရာဖြစ် ထားခဲ့ရမှာမို့ စိတ်ထဲနှမြောမှာ ကိုယ့်နေအိမ်ကိုစွန့်ခွာရတဲ့အဖြစ်က လူတိုင်းအဖို့ဆုံးဖြတ်ရခက်ခဲတဲ့ အဖြစ်စိတ်ထဲနာကျင်ရတဲ့အဖြစ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ 

မြန်မာနိုင်ငံဟာ စစ်ဘေးဒုက္ခသည်တွေထွက်ရှိရာနိုင်ငံတနိုင်ငံဖြစ်နေတာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလတွေကစလို့ ၇၀ ခုနှစ်တွေ၊ ၈၀ ခုနှစ်တွေကနေ ခုကာလထိတိုင် ဖြစ်ပါတယ်။ အခုတဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာတော့ ပိုမိုအရှိန်မြင့်လာ ကျေးရွာတွေတင်မက မြို့ကြီးတွေအထိ ရောက်ရှိလာနေတာ ဖြစ်ပါတယ်။ 

ယာယီအားဖြင့်ရှောင်ရတဲ့ စစ်ဘေးရှောင်မှုတွေ နှစ်တွေနဲ့ချီပြီးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်စခန်းတွေ၊ ဆယ်စုနှစ်ချီတဲ့တိုင် မိမိမြို့ရွာပြန်မနေနိုင်တော့လို့ ရွာပျက်တွေက ပြီးခဲ့တဲ့ဆယ်စုနှစ်သမိုင်းတွေမှာ အများအပြားရှိခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ကျေးရွာတွေလည်း ဒါဇင်နဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီနေရာတွေမှာ အရင်ကရွာရှိခဲ့တယ်လို့ မထင်ရအောင် မကြာခင်နှစ်တွေကပဲ ဖြစ်ပျက်ခဲ့တာပါ။ 

စစ်ပွဲ၊ စစ်ဘေးရှောင်၊ ဒုက္ခသည်စခန်း၊ ပေါ်တာ၊ လူသားဒိုင်း၊ အပြစ်မဲ့ အရပ်သားတွေသတ်ဖြတ်ခံရမှု ဖမ်းဆီးနှိပ်စက်ခံရမှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အပစ်ရပ် စေ့စပ်ဆွေးနွေးမှု၊ လူသားချင်းစာနာမှုအကူအညီ ဆိုတာတွေက မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်သမိုင်းတွေ ဖြစ်ပျက်နေတာ အဆုံးသတ်မယ့်အလားအလာ ခုချိန်မှာတော့ မမြင်ရသေးပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar