Breaking News

အောင်ဝေး - မောင်ချောနွယ်၊ သစ္စာနီ၊ အမည်မသိ

မောင်ချောနွယ်၊ သစ္စာနီ၊ အမည်မသိ
အောင်ဝေး
(မိုးမခ) ဖေဖော်ဝါရီ၊ ၂၀၂၂

"ပန်းဆိုတာ
ကြွေမှာပဲလေ
တစ်ပွင့်ကြွေရင်၊ နှစ်ပွင့်ဝေမယ်
ကြွေတာကိုကပွင့်ခြင်းပဲ"
(မောင်ချောနွယ်၊ တော်လှန်ကဗျာစာအုပ်၊ ၁၉၆၉ မှ)

ဒီကဗျာ
မလွမ်းလောက်ရင်
မရေးဘူးကိုချော။
ဒီနေ့က
တစ်ပွင့်ကြွေရင်
တတောလုံးဝေမယ်ဆိုတဲ့ခေတ်။

ကလေးတွေ
Gen Z တွေ
ရဲရင့်လှချည်ရဲ့။
နွေဦးရဲ့
အသည်းစိုင်မှာ
သူတို့စိတ်ကျောက်တိုင်
ခိုင်ကျည်လှပေရဲ့။

သူတို့ဓားတွေက
ပြတ်သားလှသပေါ့။
ကိုချောရေ
ကလေးတွေ
ခင်ဗျားထပြီး
ဂုဏ်ပြုပါဦးတော့လား။

ခင်ဗျားအသေစောတာပဲ
ကောင်းပါတယ်။
ခေါင်းကိုတည့်တည့်ချိန်ပစ်တဲ့
ခေတ်
ခင်ဗျားမကြုံရတော့ဘူးပေါ့။

မင်းဆိုးမင်းညစ်တွေလက်အောက်မှာ
ရှင်သူတွေက သေသူတွေအပေါ်
မနာလိုဝန်တိုကြသတဲ့။
ဆာဝေါ်လ်တာစကော့ရဲ့
အိုင်ဗင်ဟိုဝတ္ထုထဲမှာ
ပါတယ်။

ခင်ဗျား(တို့)ကိုတော့
မနာလိုဝန်တိုမဖြစ်ပါဘူး။
ခရမ်းပြာထက်လူ
ရေးသလိုပေါ့
ခင်ဗျားဟာ
မကွယ်လွန်သူမောင်ချောနွယ်ပါ။

တစ်ပွင့်ကြွေရင်
တပင်လုံးမက
တတောလုံးဝေပြတဲ့နွေဦးမှာ။

ခင်ဗျားရဲ့
၆၉ အဘိဓမ္မာ
ရှင်သန်နေဆဲပါ။
မျိုးဆက်ဟောင်းတို့ရဲ့
မဟာတော်လှန်ရေးများ
လေးစားဦးညွှတ်ပါ၏။
အနာဂတ်ကိုတော့
မျိုးဆက်သစ်ကပိုင်သည်။

+++

"အခြေခံလူတန်းစားမပါတဲ့
တော်လှန်ရေးဆိုတာ
အတောင်ပံမပါတဲ့ငှက်ပဲ"
(သစ္စာနီ၏လှိုင်သာယာကဗျာ မှ)
ငါတို့ဟာ
မြို့ပြခရောင်းတောကပါ။
ငါတို့ဟာ
ကျေးလက်ထွန်တုံးကြားကပါ။
ဘဝက
မြေနိမ့်ရာ လှံစိုက်။
တော်လှန်ရေးက
ဒီရေတက်လာပေါ့
နွေဦးဒီရေမြင့်သစ်။

မှတ်ထား
မြေအနိမ့်ဆုံးနေရာမှာ
ရေကအနက်ဆုံးပဲ။
မြေနိမ့်ရာလှံစိုက်
ဘဝတွေမှာ
တော်လှန်ရေးဒီရေက
အနက်ဆုံးပဲ။
ရွာတွေမြေလှန်
မြို့တွေမီးရှို့
သင်းတို့တွေ
ဖင်လှန်ပြေးရတော့မယ်။
နွေဦးလင်းယုန်
တောင်ဟုန်ခတ်ရင်
ဖက်ဆစ်တပ်ကြီးတခုလုံး
ဘုံးဘုံးလဲစေရမယ်။

ဒီတိုက်ပွဲမှာ
ငါတို့ကျဆုံးချင်ကျဆုံးမယ်
ဒါပေမဲ့
ငါတို့နှလုံးသား
ဘယ်တော့မှကျဆုံးမသွား။
ခရောင်းတောကလာတဲ့သူ
ပြန်ကျတော့လည်း
ခရောင်းတောပေါ်ပဲကျမယ်။
ထွန်တုံးပေါ်ကလာတဲ့လူ
ပြန်ကျရင်
ထွန်တုံးပေါ်ပဲကျမှာပေါ့။

ဘဝက
နှောင်ကြိုးမှအပ
ဆုံးရှုံးနတ္ထိ ဘာမှမရှိ။
အရေးတော်ပုံ
အောင်ကိုအောင်ရမယ်။
+++
"ခွေးအစစ်သေတော့ဝမ်းနည်းကြတယ်
ခွေးအတုတွေသေတော့
ပျော်နေကြလေရဲ့"
(အမည်မသိ၊ မျက်နှာစာအုပ် မှ)
ဒေါ်အောင်ဆန်းစုကြည်
ပြောခဲ့တယ်။
နိုင်ငံရေးလုပ်ချင်ရင်
တပ်ကထွက် တဲ့။
ဗိုလ်ချုပ်အောင်ဆန်းက
နိုင်ငံရေးလုပ်ဖို့
စစ်တပ်ကထွက်ခဲ့တယ်။

မင်းအောင်လှိုင်
သမ္မတလုပ်ချင်ရင်
တပ်ထဲကထွက်။
ပြည်သူကရွေးချယ်ရင်
သမ္မတဖြစ်မယ်။
ပြည်သူကဘေးဖယ်ရင်တော့
ခွေးပဲဖြစ်မယ်။
ခွေးအစစ်သေရင်
ပြည်သူတွေ
ဝမ်းနည်းလွမ်းတကြတယ်။

ခွေးအတုတွေ နေ့တိုင်းသေတော့
ပြည်သူတွေနေ့တိုင်းပျော်မဆုံး
တပြည်လုံးပေါ့။
ကမ္ဘာကြီးကပြောနေတယ်
"ငါမပျော်ရတာကြာပြီမင်းအောင်လှိုင်" တဲ့။

မင်းကိုနိုင်က
နွေဦးကိုထမ်းလာတယ်။   ။

အောင်ဝေး
(ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar