Breaking News

ဆားပုလင်းသာပိန် — ရာဇဝတ်အိုးထဲမှာ ကြင်စိုးကိုထားရစ်ခဲ့ (၉)



ဆားပုလင်းသာပိန် — ရာဇဝတ်အိုးထဲမှာ ကြင်စိုးကိုထားရစ်ခဲ့ (၉)

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂


ဟိုးရှေးရှေးက ‘ဖင်ပုတ် ခေါင်းပုတ်’နိုင်ငံကြီးမှာလို့ အစချီပြီး ပြောရမလောက်‌အောင် လူတွေက ရပ်ကွက်ထဲမှာလည်း ဖင်ပုတ် ခေါင်းပုတ်ကြ၊ ဖေစ့်ဘွတ်ပေါ်လည်း ဖင်ပုတ် ခေါင်းပုတ်ကြ၊ နေရာအနှံ့ ဖင်ပုတ် ခေါင်းပုတ်ကြပါတယ်။ တချို့တွေများဆို ခလုတ်တိုက်ရင်တောင်’အောင်မယ်လေး ဖင်ပုတ် ခေါင်းပုတ်’လို့သာ အော်ကြတော့သတဲ့။

ဒီလောက် ပေါပေါပဲပဲ ဖြစ်လာလေတော့ ဖင်ပုတ် ခေါင်းပုတ်အကြောင်ဆို မရေးလို့ ဆားပုလင်းသာပိန်
တို့အဖွဲ့က စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ဒီရက်ပိုင်းအတွင်း ပေါက်ကြားလာတဲ့ “ကြိုးစားတဲ့ကြားက လူကယ်ပြန်ဝန်ကြီးဌာနရဲ့ စွမ်းအားမကောင်းသေးဘူးဆိုတာ ဝန်ခံပါတယ်” ဆိုတဲ့ အီစီကလီအသံ‌ရဲ့ နောက်က၊ “အဲဒီလိုဆိုရင်တော့..ဟဲ...ဟဲ...ဟဲ”လို့ အစချီပြီး ပြောလာတဲ့ ကြင်စိုးရဲ့ ပြီတီတီ အသံဖိုင်အကြောင်းကိုတောင် ဆုံးဖြတ်ချက် ထိခိုက်မှာစိုးပြီး မရေးဖို့ ချုပ်တည်းခဲ့ကြတာပါ။ စွမ်းအားမကောင်းတဲ့သူကို ကြင်စိုးတစ်ယောက် ဘာလုပ်တော့မယ် ဆိုတာ ကိုယ့်ဘာသာ ကိုယ်သာပဲ စဥ်းစားကြည့်ကြပါတော့။

ဒီတော့ ချိပ်လုံချည်တွေ၊ ဒေါက်မြင့်ပုံတော်ဖိနပ်တွေနဲ့ ဖလန်းဖလန်းထကြသူများ အကြောင်းနဲ့ပဲ စလိုက်ကြတာပေါ့။ တချို့ သတင်းလိုက်သူများက ပိုးထည်တိုက်တွေ ဘာတွေသွားပြီး ချိပ်ဘယ်နှစုံ ရောင်းရတယ် ဆိုတာ စုံစမ်းကြသတဲ့။ ဒါကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ဆားပုလင်းသာပိန်တို့ အဖွဲ့ကတော့ သူများတကာထက် ထောက်လှမ်းရေး စွမ်းရည်ပိုမြင့်မားလေတော့၊ ပိုအတွင်းကျတဲ့သတင်းကို မရရအောင် စုံစမ်းကြပါတယ်။ အတွင်းသတင်းဆိုတဲ့အတိုင်း ဘော်လီတွေ၊ ဘရာတွေ ရောင်းတဲ့ဆိုင်တွေက အရောင်းစာရင်းနဲ့ ပြန်တိုက်စစ်ကြည့်လိုက်တော့၊ တိုက်တိုက်ဆိုင်ဆိုင် ချိပ်လုံချည်အရေအတွက်တွေနဲ့ ကွက်တိဖြစ်နေပါရော့လား၊ ကဲ ဖြည့်စွက်ပြီးသာတွေးကြည့်လိုက်ကြပါ။

ပြောလက်စနဲ့ မထူးတော့ပါဘူး။ နောက်ထပ် တိုးတိုးတိတ်တိတ် ရလိုက်တဲ့ သတင်းအရဆိုရင် ‘G for General’ ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားကြတဲ့ ဗိုလ်ချိတ်ကြီးများရဲ့ အလုအယက်အားပေးမှုနဲ့ G String (ဂျီစထရင်း) တွေပါ အတော်ရောင်း‌ကောင်းသွားသတဲ့။ ဆန္ဒရှိရင်တော့ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့ ကြင်စိုးတို့အဖွဲ့ ဝတ်စားထားတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်‌ပေမယ့် ‘အော့အော့’လို့သာ ဆိုပြီး နှာခေါင်းရှုံ့ ၊ မျက်နှာလွှဲလို့ အတွေးထဲကတောင် အမြန်မောင်းထုတ်လိုက်ကြမယ်ဆိုတာ သံသယမရှိပါဘူး။

ဆက်ပြီး ဖောက်သည်ချမယ့် အကြောင်းကတော့ ဆားပုလင်းသာပိန်တို့အဖွဲ့ ရေသာခိုပြီး ဘာမှအားစိုက်ထုတ် စရာမလိုပဲ ရရှိလိုက်တဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ‘ဂရုမစိုက်ခြင်းအနုပညာ’မှာ ပါဝင်ထားကြသူများပီပီ စုံစမ်းထောက်လှမ်းခြင်း လုံးဝမပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကြင်စိုးတို့ပွဲနဲ့ ပတ်သက်တာတွေ ဖြစ်လို့ပါ။

ဒါပေမယ့် အခုကာလက ဖရဲသီးလှိုင်လှိုင်ပေါ်တဲ့ရာသီဆိုတော့ သူတို့ပို့ပေးတဲ့ ညစာစားပွဲသတင်းကို ဖတ်ကောင်းအောင် နည်းနည်းပါးပါး ဖြည့်စွက်ရေးသားလိုက်ရုံပါပဲ။ ဖတ်ရှုပြီး မြင်ယောင်သာ ကြည့်လိုက်ကြပါတော့၊ ဒီလိုပါ။

ကြင်စိုးကို လူလည်လို့ခေါ်ရမလား အရူးပါးလို့ပဲပြောရမလားမသိ၊ ဒီတခါ တခြားညစာစားပွဲတွေမှာလို စားပွဲထိပ်မှာ အခန့်သား ထိုင်မနေပဲ၊ မီနူးစာရွက်လေးတကိုင်ကိုင်နဲ့ တပ်လက်ကိုင်ရှိပြီး ရှေ့တန်းကိုကွပ်ကဲ နေရတဲ့ ဗိုလ်ချိတ်ဂျန်လီများကို စကားရောဖောရော လာလုပ်ပါတယ်။ ကြင်စိုးတို့ဘက်မှာ ထက်ထက်မြက်မြက် ဂျန်ဇီတွေသာ အုံနဲ့ကျင်းနဲ့မရှိတာ၊ ထူထူထိုင်းထိုင်း ကြောက်ကြောက်လန့်လန့် ဂျန်လီတွေကတော့ ဒီမို ရပ်ကွက်ဘက်ကလိုပဲ ရှိပါတယ်။(စာမျက်နှာပေါ်မှာ အဆင်ပြေအောင်ရေးထားရတဲ့ ဂျန်လီကို ပြောနေကျအသံထွက်နဲ့ပဲ လွတ်လွတ်လပ်လပ် ထွက်နိုင်ပါတယ်)။

“တွေ့ရတာဝမ်းသာတယ်ဟေ့၊ ပဒေသာမိုင်းနဲ့ လွတ်လာကြတယ်ပေါ့” ထုံးစံအတိုင်း ဘလွတ်ရွှတ်တ၊ပေါက်ပန်းလေးဆယ် ထွက်တတ်တဲ့ ကြင်စိုးပါးစပ်က အခုလည်းပြောသင့်၏ မသင့်၏ စဥ်းစားမနေတော့ပဲ အဲဒီလို စကားစလိုက်တယ်။

တချို့ ဗိုလ်ချိတ်ငယ်လေးများက မျက်နှာမကောင်း၊ သူတို့အောက်ကတပ်တွေ တကယ်ပဲ ပဒေသာမိုင်းနဲ့ အီစလံ ဝေဖူးကြတယ်လေ။ 

”ကဲ ... ဒီမှာကြည့် မင်းတို့တတွေ မိုင်းကွင်းထဲမှာ ကြောက်ဒူးတုန်နေတုန်း ၊ ဘကြင်စိုးကိုယ်တိုင် အချိန်ပေးစီစဥ်‌ရေးဆွဲထားတဲ့ ဒီညအတွက်မီနူး၊ အဘဖတ်ပြမယ်၊ စားချင်တာရွေးကြ၊ ဘာမှ အားနာစရာ မလိုဘူး၊ ငါတို့ ကုန်တာမှ မဟုတ်တာ၊ ပြည်သူတွေရဲ့ပိုက်ဆံပဲ” လို့ စပ်ဖြီးဖြီးပြောပြီး သူ့မီနူးဇာတ်လမ်းကို စဖို့ပြင်လိုက်ပါတယ်။

“ကဲ ... ပထမဦးဆုံးက ‘မုန့်ဟင်းခါး’၊ ဘယ်သူစားမလဲ”၊ 

အားလုံးကငြိမ်နေကြတော့မှ

 “ဟုတ်သားပဲ၊ မင်းတို့တ တွေက နေ့တိုင်းနေ့တိုင်း မုန့်ဟင်းခါးဆို မမြင်ချင်အဆုံး ဖြစ်နေကျတဲ့သူတွေဆိုတော့ ဘယ်စားချင်ပါ့မလဲ၊ ဆောရီး၊ နောက်တမျိုးရွေးကြမယ်”လို့ပြောလိုက်တယ်။

“ဒန်ပေါက်စားကြမလား၊ တိုင်းရင်းသား အစားအစာတွေပဲကျွေးချင်လို့ ဒန်ပေါက်တောင်မှ ’ကချင်ဒန်ပေါက်’ ကို ရွေးထားတာ၊ စားပြီးရင် ဆွေတွေမျိုးတွေ မေ့သွားမယ် သိတယ်မဟုတ်လား ... 

 ♪ ကချင်မြေကိုလာပါ့ တကယ် ဆော်တယ်နော်♬

 ♪ကချင်မြေကိုလာပါ့ တကယ်ဆော်တယ်နော်’♬

 ♪ကချင်မြေကိုလာပါ့ တကယ်ဆော် တယ်နော်♬ 

ကြင်စိုးက သူဟိတ်ဟန်မရှိတာ ပေါ်စေချင်လို့ အပျော်အပျက် သီချင်းဆိုပြလိုက်တော့မှ ပိုဆိုးသွားပါတယ်၊ လောလောလတ်လတ် ကချင်ဘက်မှာ တပ်ရင်းလိုက်ပြုတ်ထားတဲ့ ဗိုလ်ချိတ်ငယ်လေး ခမျာ မျက်နှာဇီးရွက်လောက်သာ ကျန်ပါတော့တယ်။

“အစက ‘ကချင်စကောထမင်း’ ရွေးထားတာ၊ ‘ကိုးကန့်စကောထမင်း’ကလည်း အခုနောက်ပိုင်း နံမည်ရ လာလို့ ပြန်ပြောင်းလိုက်တာ၊မင်းတို့အတွက် အပြောင်းအလဲဖြစ်အောင်ပေါ့၊ ဘယ်ကဟာပဲဖြစ်ဖြစ်ပါ စားပိုး နင့်အောင် စားချင်စရာတွေပဲကွ” ကိုးကန့်ကလည်း လက်စလက်န မသေးဘူး၊ ဟုတ်တယ်မဟုတ်လား။"

 ကြင်စိုးအတည်ပြောတာလား၊နောက်နေတာလား မသိလို့ ‘ဟုတ်’ဆိုတဲ့အသံတိုးတိုးတွေက နည်းနည်းပါးပါးပဲ ထွက် လာပါတယ်။

“ထူးထူးခြားခြား အသစ်ထည့်ထားတာလေးတွေလည်းရှိတယ်၊ အရင်တုန်းကဆို ကယားလက်ရာကို စဥ်းတောင်မစဥ်းစားမိဘူး၊ ဒီမှာတွေ့လား ‘မက်ခါသီးနိုင်းချင်းနဲ့ ကယားဝက်အူချောင်းတို့၊ ကယားအမဲလုံးကြော် တို့’ မင်းတို့ဆွေမျိုးတင်မကဘူး၊ အိမ်က မော်ဒယ်အောက်နေတဲ့ မိန်းမတွေတောင်မေ့သွားမယ် ”ပြောရင်းနဲ့ မဒမ်ကြင်စိုးများ ကြားသွားလေမလားဆိုပြီး ခိုးကြည့်လိုက်ရသေးတယ်။ ပြီးတော့လေသံတိုးတိုးနဲ့ “မဲလုံး ရှေ့တော့သွားပြီး ’အမဲလုံးကြော်’ အကြောင်းမပြောနဲ့နော်၊ သူ့ကိုစောင်းပြောတယ် ထင်နေအုံးမယ်” လို့ သတိ ပေးလိုက်တယ်။

“နောက်ဟင်းအသစ်တွေက ဘာလဲဆိုတော့ ဒီမှာတွေ့လား ‘ချင်းရိုးရာ နွားနောက်သားဟင်း’၊ရှားရှားပါးပါး ရထားတာဆိုပြီး အသားကုန်မစားလိုက်နဲ့၊ဗိုက်ပွင့်သွားမယ် ‘ချို’ပါ ထည့်ချက်ထားတာ။  ဟား..ဟား.. နောက်တာပါကွ၊ ဟင်းထဲမှာ ‘ချို’မပါ ပါဘူး။ လန့်မသွားပါနဲ့”။ မင်းတို့ကြည့်ရတာ ချင်းပြည်ဘက်မှာ ခဏခဏ ဟိုပွင့်၊ ဒီပွင့် ဖြစ်နေကျပုံစံမျိုး ပါလား။ ချင်းပြည်နယ်ဘက်ကို ကွပ်ကဲနေရသူ‌တွေက ကြင်စိုးနဲ့အတူ ဟန်ဆောင်ပန်ဆောင်တောင် လိုက် မရယ်နိုင်ရှာပါဘူး။

“ငါတို့တိုင်းရင်းသား အစားအစာတွေက အရသာသိပ်ရှိတော့ အဲဒီဘက်တွေ ရှေ့တန်းထွက်ကြရင် တချို့ဆိုရင် ပြန်တောင် ပါမလာကြတော့ဘူးဆို၊ အစားမက်ပြီး ကျန်နေရစ်ခဲ့တာဖြစ်မှာပေါ့၊ ဒီကောင်တွေခက်ပါတယ်ကွာ အဲဒီလောက် ငတ်ကြီးကြရသလား” လို့လည်းပြောလိုက်ပါတယ်။

“ရှမ်းစာကြိုက်တဲ့သူတွေပါလား၊အဲဒါက နည်းနည်းပြဿနာရှိတယ်ကွ၊ ‘ရှမ်းခေါက်ဆွဲ’က မြောက်ပိုင်းချက် တောင်ပိုင်းချက်၊ သူ့ဟာကိုယ့်ဟာ၊ နှစ်ဖွဲ့ကြားငြင်းခုန်ရန်ဖြစ်ကြရင်း အချိန်မမီလို့ မစီစဥ်လိုက်နိုင်ဘူး၊ အာသာပြေ တို့ဟူးကြော်တို့၊ ခေါပုတ်တို့လောက်တော့ရမယ်၊ ပလောင်လက်ဖက်ခြောက် ရေနွေးကြမ်း‌လေးနဲ့လည်း လိုက်တာပေါ့” ဆိုပြီးပြောပြန်တယ်။

“ကဲ ... အညာသားများအတွက် အလွမ်းပြေ အညာအစားအစာ အလျှံအပယ်ပါဗျာ၊ စစ်ကိုင်းဘက်က ဆိတ်မွကြော်၊ မုံရွာဝက်အူချောင်း၊ လေခြူသီး၊ အညာအရွက်စုံသုပ်၊ ပဲထမင်း၊ နှမ်းဖတ်ချဥ်၊ အရာတော်ဘက်က ထန်း လျက်၊ ပေါက်ပေါက်ဆုပ်၊ ဒါတင်ပဲလားဆိုတော့ မကသေးဘူးလို့ ပြောရလိမ့်မယ်၊ ချက်သမျှဟင်း‌တွေအား လုံးက စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်းဘက်တွေက အညာဆုံဆီစစ်စစ် သုံးထားတာကွ။ဘာဆီ ပဲဖြစ်ဖြစ်ကွာ လျှော့တော့စား၊ မင်းတို့ အညာဆီအစားလွန်ပြီး သွေးတိုး၊နှလုံးသွေးကြောပိတ်ပြီး ရှောကုန် ကြရင် ငါ့မှာ ’ရှင်နည်းရာ အဂ္ဂလူထွက်’ဆိုသလိုဖြစ်ကုန်လိမ့်မယ်။ ဂျန်ဇီတွေလုပ်သမျှ ငါဒုက္ခရောက်ရတဲ့အထဲ မှာ လူသစ် စုမရအောင် အဖြတ်ခံထားရသလို ဖြစ်သွားတာက အနာဆုံးပဲ။ စစ်မှုမထမ်းမနေရ ဆိုတာကလည်း လုပ်မယ်သာပြောရတယ်၊ တော်ကြာ NUGရဲ့
လက်နက်ထောက်ပံ့ရေး၊ လေ့ကျင့်ရေးအလုပ်တွေ ဝင်လုပ်ပေး မိသလို ဖြစ်သွားမှာကလည်းစိုးရသေးတယ်”။ အဲဒီကျရင် ယောက်ဖကြက်ဥတိုက်တဲ့ ကြင်စိုးဆိုပြီး အခေါ် ခံ ရဦးမှာ။ငါကိုက ရှည်ကဲပြီး အာဏာသိမ်းမိလိုက်တာ၊ ကဲ စိတ်ရှုပ်စရာတွေ ထားလိုက်ပါကွာ၊မီနူးဆက်ဖတ်ကြ ရအောင်။

ကြင်စိုးပြောလေသမျှ မီနူးတွေ နားထောင်ရတာ ခေါင်းထဲကို ဒေသထွက် အစားအစာအကြောင်းက နည်း နည်းပဲဝင်ပြီး အဲဒီဘက်တွေမှာ အဗျင်းခံခဲ့ရသမျှ အကြောင်းတွေပဲ ပြန်ဝင်လာမိလို့  နားထောင်သူတွေမှာ အတော့်ကို မအီမလည်နဲ့ စိတ်မချမ်းမသာ ဖြစ်နေကြရှာပါတယ်။ဒါကိုမရိပ်မိတဲ့ကြင်စိုးကတော့ သူ့ရဲ့ စပယ် ရှယ်မီနူး အကြောင်းကိုသာ စိတ်ပါလက်ပါ ဆက်ပြီးပြောနေလေရဲ့။

ဘာမှမစားမသောက်ရသေးပဲ သူ့ဒဏ်ကို ပိုခံလိုက်ရသူကတော့ သူ့နားကပ်ထိုင်မိတဲ့ ဗိုလ်ချိတ်ငယ်လေးပါ၊ ကြင်စိုးရဲ့အားရပါးရ အပြောကြောင့် သူ့ မျက်နှာကို တံတွေးတွေလာစင်နေတဲ့ အတွက်ပါ။ ပေါ်တင်ကြီးလည်းမသုတ်ရဲတော့ စကားဝိုင်းကြာလာတာနဲ့ အမျှ တံတွေးစက်တွေ ဗရပွနဲ့ဖြစ်လို့၊ ကြင်စိုးကြောင့် တံတွေးခွက်ထဲမျောရပုံ နောက်တစ်နည်းလို့လည်း ပြော နိုင်ပါတယ်။

“တိုင်းရင်းသားအစာတွေ အကုန်ပါအောင် စီစဥ်ထားတာကွာ၊အချိန်ကမကိုက်‌လေတော့ ‘မွန်သင်္ကြန်ထမင်း’ မပါဘူးဖြစ်သွားတယ်။ သူက သင်္ကြန်နဲ့မှ ပိုလိုက်တာကိုး။ ထားဝယ်ငါးမုန့်ကတော့ ငါငယ်ငယ် အဲဒီဘက်မှာ နေတုန်းကတည်းက အရမ်းကြိုက်လို့ ဈေးထဲမှာလစ်ရင် သွားခိုးနေကျလေ၊ အခုမီနူးထဲ ထည့်ထားတယ်။မင်းတို့ စားကြည့်ကြ၊ ငါ့ဆီကတော့ ပြန်ခိုးဖို့မကြိုးစားကြနဲ့၊ ဒီနိုင်ငံမှာ ငါ့ကိုကျော်ပြီး ခိုးနိုင်တဲ့သူတစ်ယောက်မှ မ ရှိဘူး။

“ပြောရဦးမယ်၊ဒီမှာ ဘကြင်စိုးလက်ရေးနဲ့ ဖြည့်ရေးထားတာက၊ ဗြုန်းစားကြီး အနားကပ်‌မှ ထပ်ထည့်လိုက်ရ တဲ့ ‘ရခိုင်မုန့်တီ’ ပေါ့၊ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ထင်မထားဘူး၊ကြိုစီစဥ်ထားတာလည်းမဟုတ်ဘူး၊သိတယ်မဟုတ် လား၊ သူတို့လက်ရာကတော့ရှယ်ပဲ၊ တပွဲဆိုရင် ဆိုသလောက် သိသာတယ်ဟေ့။ မင်းတို့စားဖူးပါတယ် ဟိုးနှစ် တွေတုန်းကလေ။အချိန်ကပ်သွားလို့‌ပေါ့ကွာ၊ မဟုတ်ရင် ‘ရခိုင်ကြက်သောက်ဆမ်းဟင်းရည်’တောင် ပါလာနိုင် သေးတယ်။’ရခိုင်မုန့်တီ’တလှည့်၊ ‘ရခိုင်ကြက်သောက်ဆမ်းဟင်း’တလှည့်နဲ့ဆို မင်းတို့တတွေ ခေါင်းတောင် ထောင်နိုင်ကြမှာမဟုတ်ဘူး။

“မီနူး ဒီလောက်ပဲကွ၊ “ဝ အာလူးထောင်း”ကတော့ ချက်တဲ့သူ စိတ်မပါဘူးဆိုတာ အစကတည်းကသိထားတော့ မီနူးထဲ ထည့်ရိုက်မထားဘူး”။

“ကဲ အဝသာစားကြကွာ၊ နောက်နှစ်ဆိုတာက သေကိုမသေချာတာ။ အဘ တခြားဝိုင်းတွေသွားလိုက်ဦးမယ်” လို့ ပြောပြီး ကြင်စိုးထွက်သွားပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ပြန်လှည့်လာပါတယ်၊ ”ပြောဖို့ကျန် သွားတယ်၊ အချိုရည်က ဘာနိုင်ငံခြားဖြစ်မှ စီစဥ်မထားဘူး၊ ‘ကရင်ဆော်ဒါ’တစ်မျိုးတည်း”တဲ့။

ဒါနဲ့တင် မရပ်သေးဘူး၊ ဆက်လိုက်သေးတယ် “မူလလက်ဟောင်း ကရင်ဆော်ဒါနော် ပေါ့သေးသေး မဟုတ် ဘူး၊ လျှော့မတွက်လိုက်နဲ့၊ ‘ရန်ကုန်အစိုးရကာလ’ကို ပြန်သတိရလိုက်”တဲ့။ 

ဗိုလ်ချိတ်ဂျန်လီတို့ တစ်သိုက် မှာတော့ စိတ်မသက်မသာနဲ့ ရယ်ရမလို ငိုရမလို ဖြစ်နေပြီး၊ ဒေါ်စိန်အေးကျောင်းတက်ခဲ့မိတဲ့ သူတို့ရဲ့ အပြစ်လား၊ရှေ့အကြိမ်တွေက ခွေးကျဝက်ကျ ကျခဲ့ပေမယ့်၊ (၃) ကြိမ်မြောက် ဖြေဆိုအပြီးမှာ ကြင်စိုးကို တက်ရောက်ခွင့်ပေးခဲ့တဲ့ ဒေါ်စိန်အေးကျောင်းရဲ့ အပြစ်လားဆိုတာကို စဥ်းစားရင်း စိတ်ညစ်ပြီး ကျန်ရစ်ခဲ့ကြပါ‌ တော့တယ်။

ဆားပုလင်းသာပိန်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar