ကိုအောင်မှိုင်း — ထာဝရငြိမ်းချမ်းရေးလော၊ အရိုးအရင်းကိုက် ငြိမ်းချမ်းရေးလော
ကိုအောင်မှိုင်း — ထာဝရငြိမ်းချမ်းရေးလော၊ အရိုးအရင်းကိုက် ငြိမ်းချမ်းရေးလော
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂
စကစဟာ အာဏာတည်မြဲရေးအတွက် တဘက်က လိမ်တယ်၊ ညာတယ်၊ မျက်နှာပြောင်တိုက်တယ်။
နောက်တဘက်က အစီအစဥ်ရှိရှိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တယ်။ မုဒိမ်းကျင့်တယ် ခိုးဆိုး လုယက် ဓားပြတိုက်တယ်။ မြို့၊ ရွာတွေကို မီးရှို့တယ်။ လူတွေကို
အရှင်လတ်လတ် မီးရှို့တယ်။ ဒါတွေက မြန်မာနိုင်ငံတဝန်းမှာ တကယ်ဖြစ်နေတာပါ။ တိကျခိုင်မာတဲ့
သက်သေတွေ ရှိနေသလို ဆက်ပြီးတော့လဲ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါတွေက
ရာဇဝတ်မှုတွေပါ။
ကနေ့ စစ်တပ်ဟာ ကလေး ၁၆ ဦး အပါအဝင် လူပေါင်း ၁၈၄ ဦးကို
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို လူပေါင်း ၁၅၀၀ ကျော်ကိုပါ တနိုင်ငံလုံးမှာ သတ်ဖြတ်ခဲ့ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်မရှိဘဲ လူထုကိုလည်း သတ်ဖြတ်လို့မရသလို PDF တွေကိုလဲည်း သတ်ဖြတ်လို့မရပါဘူး။
ဂျီနီဗာကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တာကြောင့်
ဒီကျူးလွန်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။
အမည်နာမ၊ နေရပ်လိပ်စာ၊ သက်သေအထောက်အထားတွေနဲ့ပါ အတိအကျရှိပြီးဖြစ်လို့ စကစဟာ သေချာပေါက် အရေးယူခံရမှာပါ။
စကစအနေနဲ့ လူစိတ်မရှိတဲ့၊
လူလို မစဥ်းစားနိုင်တဲ့ နလပိန်းတုန်း တကိုယ်ကောင်းသမားတွေနဲ့ ဖွဲ့ထားတဲ့ လူ့တိရစ္ဆာန်စစ်တပ်ရှိနေတာကလွဲပြီး
ကျန်တာအကုန်လုံး ဆုံးရှုံးသွားပြီ ဆိုတာကတော့ တနိုင်ငံလုံးလည်း သိနေသလို
တကမ္ဘာလုံးလည်း သိနေတဲ့ကိစ္စပါပဲ။ ကျနော့်တဦးတည်း အမြင်အရ စကစနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးဟာ
လုံးဝထိုက်တန်တဲ့ စကားလုံး မဟုတ်ဘူးလို့ပဲ ပြောပါရစေ။ စကစမှာ ထာဝရငြိမ်းချမ်းရေးလည်း
မရှိဘူး။ လတ်တလော ငြိမ်းချမ်းရေးလည်း မရှိဘူး။ ဟိုဘက်ကို တိုက်ဖို့ ဒီဘက်ကို ခဏရပ်ထားတယ်ဆိုတာပဲ
ရှိပါတယ်။ ဒါကလည်း စစ်တပ်အနေနဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်
လုပ်လာတဲ့နည်းဟောင်းကြီးတခုပါ။ ဒါထက်လည်း မလုပ်တတ်ပါဘူး။ လုပ်လည်း မလုပ်နိုင်ဘူးလို့ပဲ
ပြောပါရစေ။
စကစမှာ ရှိတာကတော့ ပေါင်းစား တောင်းစားချင်သူတွေအတွက် အဓမ္မငြိမ်းချမ်းရေးပဲ
ရှိပါတယ်။ တနည်းပြောရရင် “အရိုးအရင်းကိုက် ငြိမ်းချမ်းရေး”ပဲ ရှိပါတယ်။ အဓိပ္ပာယ်က
စကစ စားပြီးကျန် တဲ့ အရိုးအရင်းကို ခွဲပေးဖို့ ကမ်းလှမ်းလိုက်တဲ့ အတုအယောင် ငြိမ်းချမ်းရေးလို့ဆိုရင်
မှားမယ်မထင်ပါ။
နောက်တခုကတော့ “စစ်ကျွန်ပြုမှုခြေဆင်း”တခုထက် ဘာမှမပိုပါဘူး။
ဗိုလ်ဇော်မင်းထွန်း လိမ်နေကျလုပ်ငန်း MRTV ရဲ့ လိမ်နေကျလုပ်ငန်းတွေကို သနပ်ခါးပါးပါးလိမ်းပြီး
နာမည်အလှပေးထားတဲ့ ကောက်ကျစ်ယုတ်မာမှုတခုထက် မပိုပါဘူး။
ရည်ရွယ်ချက်ကတော့ အတော်ကို ရှင်းရှင်းလင်းလင်း ရှိပါတယ်။ တကယ်
ကုန်းကောက်လို့ မရလောက်အောင် ဖြစ်သွားတဲ့ စစ်ကောင်စီအနေနဲ့ သူ့ထောက်ခံသူတွေရှိကြောင်း
ကမ္ဘာနဲ့ မြန်မာလူထုအကြား ရလိုရငြား နိုင်ငံရေးသိက္ခာ
ဆယ်လိုပုံရပါတယ်။ နှစ်ကတော့ ဟိုလိုလိုဒီလိုလို လုပ်နေတဲ့ အဖွဲ့တွေကို ရန် ငါ စည်းခြားလိုက်တာပဲ
ဖြစ်ပါတယ်။ သူ့ဘက်က ရပ်ချင်ရပ်၊ ဒါမဟုတ် လူထုဘက်ကရပ် ဆိုတာကို မေးခွန်းထုတ်လိုက်တာပဲ
ဖြစ်ပါတယ်။ တတိယအချက်ကတော့ EAOs လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား လုပ်နိုင်သမျှ
သွေးခွဲသပ်လျှိုလိုက်တာပဲ ဖြစ်ပါတယ်။ တချက်ခုတ် သုံးချက်ပြတ်ပေါ့ဗျာ။ ဒါထက် ရည်ရွယ်ချက်ကြီးကောင်းကြီးနိုင်ပါတယ်။
သေချာတာက တိုင်းပြည်အတွက် မဟုတ်တာကတော့ သေချာပါတယ်။
ကျနော့်အမြင်ကတော့ တခုမှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒီလောက် ပက်ပက်စက်စက်
သတ်ဖြတ်နေ တဲ့ စစ်တပ်က ထာဝရငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတော့ ၂၁ ရာစုအတွက်
အကောင်းဆုံးကမ္ဘာ့ပြက်လုံးထဲက တခုထက်မပိုပါဘူး။ သူ့လက်ဝေခံတွေ၊ သူနဲ့အကျိုးစီးပွား
ဝေစုရှယ်ထားတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကလွဲပြီး ဝင်ရောက်ပတ်သက်လိမ့်မယ်လို့
ကျနော်တော့ မထင်လှပါ။ ပြောလို့တော့မရဘူးပေါ့ဗျာ။ မျက်စပစ်နေတဲ့ ဖောက်ပြန်ရေးသမားတွေ၊
ဖောက်ပြန်ရေးအဖွဲ့အစည်းတွေကလည်း စကစနဲ့ လည်ပင်းဖက် ငရဲပြည်ဆင်းဖို့ တာစူနေသူအချို့
ဆိုတာလည်း ခေတ်တိုင်းမှာရှိနေတတ်တာ သဘာဝပါပဲ။သိပ်တော့မထူးဆန်းလှပါဘူး။
ကျနော်တို့ အကြံပေးလိုတာကတော့ NCA ထဲက တချို့အပါအဝင် မအူမလည်တချို့ကို
ဆိုလိုတာပါ။ ကာချုပ်မူ ၆ ချက်ကိုတော့ ပျက်ပြယ်ပြီလား၊ ရှိသေးလားဆိုတာ အသေအချာမေးမြန်းပြီးမှ
ဆက် စဥ်းစားစေလိုကြောင်းတော့ ပြောလိုပါတယ်။ တော်ကြာ အဖမ်းခံ၊ အနှိပ်စက်ခံ
ဒါမှမဟုတ် မထင်ရင် မထင်သလို သတ်နေတဲ့ ခေတ်ကြီးမှာ သူဌေးဖြစ်မလား ထင်လို့သွားပါတယ်၊
သင်္ချိုင်းကို လူမသိသူမသိ ရောက်သွားရတဲ့ အဖြစ်မျိုးနဲ့ ကြုံနေကြပါဦးမယ်။ စကစ
ကတော့ စိတ်မထင်ရင် BGF တောင်
သတ်တာဆိုတော့ အရိုးအရင်းမကိုက်ရဘဲ အလိုက်ပါပေးနေရတဲ့ကိန်း ဆိုက်နေကြပါဦးမယ်။
ဒီလို ချက်ကျတဲ့ အချိန်ကာလတွေမှာ အဖွဲ့အစည်းတွေ ၂ ခြမ်းကွဲတတ်ပါတယ်။ လူထုအကျိုးစီးပွားဖက်နဲ့
တဦးချင်း အကျိုးစီးပွား လွန်ဆွဲတဲ့ဘက်တွေ တခါတရံ အပြင်းအထန်တိုက်ပွဲရှိတတ်ပါတယ်။
အသေအချာပြောနိုင်တာကတော့ နွေဦးတော်လှန်ရေးဟာ လူထုဖြစ်တယ်။ လူထုမှာ
မကုန်ခန်းနိုင်တဲ့ အင်အားတွေရှိတယ်။ ဒီအင်အားတွေက နိစ္စဓူဝ လက်နက်တွေတိုးပွားလာမယ်။
အင်အားတွေ တိုးပွားလာမယ်။ နည်းပညာတွေ တိုးပွားလာမယ်။ အကန့်အသတ် မရှိပါဘူး။ စစ်တပ်ရဲ့
ကနေ့ လူအင်အား၊ လက်နက်အင်အားဆိုတာ အကန့်အသတ် ရှိပါတယ်။ ဂိတ်တဂိတ် ရောက်ရင်
လျှောဆင်းသွားမှာ မြေကြီးလက်ခတ်မလွဲ ပြောနိုင်မယ် ဖြစ်ကြောင်းပါဗျား။
ကိုအောင်မှိုင်း
ဖေဖော်ဝါရီလ ၉ ရက် ၂၀၂၂ ခုနှစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar