Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၁)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၁)
(မိုးမခ) ဖေဖော်၀ါရီ ၁၀၊ ၂၀၂၂

"မတရားမှုကြီးစိုးတဲ့အခြေအနေတွေမှာ ကြားနေတယ်ဆိုတာ 
ဖိနှိပ်သူဘက်ကရပ်တည်ဖို့ ရွေးချယ်လိုက်တာပဲ" 

ဒီစကားက တောင်အာဖရိက လွတ်မြောက်ရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ပြောဖူးတဲ့စကားပါ။ 

ဘာသာရေးခေါင်းဆောင်တွေ တော်လှန်ရေးမှာ ဝင်ရောက်ဦးဆောင်တဲ့အခါ ဆန့်ကျင်ဘက်အင်အားစုတွေက သဘောမကျတာ သဘာဝပါ။ တောင်အာဖရိကနိုင်ငံမှာလည်း ဒက်စမွန်တူးတူးတို့လို ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေးလှုပ်ရှားမှုထဲ ဝင်ရောက်လာတော့ လူဖြူအများစုက "နိုင်ငံရေးမှာ ဘာသာရေးမရောယှက်ရ" လို့ ပြောဆိုပြီး မနှစ်မြို့ကြပါဘူး။ ဒါကြောင့် အုပ်စိုးသူတွေရော၊ ဆန့်ကျင်ဘက်အင်အားစုတွေကိုပါ တော်လှန်ရတဲ့အနေအထား ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ ဒက်စမွန်တူးတူးဟာ အလွယ်တကူနဲ့ အောင်မြင်မှုတွေရရှိခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့ ဘဝဖြစ်စဥ်အကျဥ်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ခရီးကြမ်းတချို့ကို ပြောပြချင်ပါတယ်။ 

ဒက်စမွန်တူးတူးကို ၁၉၃၁ ခုနှစ် အောက်တိုဘာလ ၇ ရက်က တောင်အာဖရိကနိုင်ငံမှာ အချမ်းသာဆုံးမြို့ဖြစ်တဲ့ ဂျိုဟန်နစ္စဘတ်မြို့ရဲ့ ဆင်းရဲသား လူမည်းရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ သန့်ရှင်းသပ်ရပ်မှုမရှိတဲ့ နေအိမ်မှာ ကျပ်ကျပ်ညပ်ညပ်နေထိုင်ရပြီး ရေကို အများသုံး ရေဘုံဘိုင်ကသာ ရပါတယ်။ 
ဖခင်ဖြစ်သူက လူအများလေးစားတဲ့ ကျောင်းဆရာဖြစ်ပေမယ့် မကြာခဏဆိုသလို ရဲတွေက တားဆီးပြီး အထောက်အထား စာရွက်စာတမ်းတွေ စစ်ဆေးတာခံရပါတယ်။ မိခင်ဖြစ်သူက လူဖြူတွေရဲ့အိမ်မှာ အိမ်အကူ လုပ်ကိုင်ရပါတယ်။ ဒက်စမွန်တူးတူးကလည်း လိမ္မော်သီးရောင်းတာ၊ လူဖြူတွေရဲ့ဂေါက်ကွင်းမှာ ဂေါက်အိတ်ထမ်းတာတွေ လုပ်ကိုင်ခဲ့ရပါတယ်။ 

အထက်တန်းကို ဂုဏ်ထူးနဲ့အောင်တဲ့အခါ ငွေကြေးမပြည့်စုံလို့ ဆရာဝန်ဖြစ်ချင်ပေမယ့် ကျောင်းဆရာလုပ်ဖို့ပဲ ကြိုးစားခဲ့ရပါတယ်။ တက္ကသိုလ်က ဘီအေဘွဲ့ရလို့ ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့ပေမယ့် လူဖြူအစိုးရရဲ့ ပညာရေးဥပဒေကြောင့် ဆက်လက်လုပ်ကိုင်ခွင့်မရတော့ပါဘူး။ ဒါကြောင့် ဘာသာရေးနယ်ပယ်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ 

ဒက်စမွန်တူးတူးက ကမ္ဘာကျော်တွေဖြစ်ကြတဲ့ လူဝီ အမ်းစထရောင်း၊ ဂျက်စီအိုဝင်တို့လို လူမည်းတွေအကြောင်းစိတ်ဝင်စားသလို သူတို့အတွက် ဂုဏ်ယူလေ့ရှိပါတယ်။ မာတင်လူသာကင်း ကိုလည်း အားကျကြည်ညိုသူဖြစ်ပါတယ်။ 

သူက တောင်အာဖရိက လူဖြူအစိုးရကို ဆန့်ကျင်တဲ့အခါ အစိုးရအနေနဲ့ သူတို့ပြဋ္ဌာန်းထားတဲ့ အသားအရောင်ခွဲခြားမှု ဥပဒေ (Apartheid) ဟာ မတရားကြောင်း၊ လူမဆန်ကြောင်း၊ မိုက်မဲခြင်းဖြစ်ကြောင်း သိလာအောင်၊ ရှက်လာအောင် ရည်ရွယ်ကြိုးပမ်းပါတယ်။ ဥပဒေနဲ့ တားမြစ်ထားတဲ့ လူဖြူရပ်ကွက်ထဲ ထောင်နဲ့ချီတဲ့လူမည်းတွေက ညဘက်မှာ လမ်းလျှောက်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ပါတယ်။ ဒီလိုဆောင်ရွက်လို့ အဖမ်းခံရ၊ အကျဥ်းချခံရပေမယ့် စာနယ်ဇင်းသမားတွေကို ကြိုတင်အကြောင်းကြားထားတာကြောင့် ဖြစ်ရပ်တွေကို လူအများက သိလာပါတယ်။ 

ဒက်စမွန်တူးတူးက တစ်ဖက်မှာ ဘာသာရေးကိစ္စတွေလုပ်ကိုင်ရင်း တစ်ဖက်မှာ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ထင်ရှားတဲ့အသံရှင် ဖြစ်လာပါတယ်။ ဒါပေမယ့် လူဖြူအများစုက သူ့ကိုပစ်မှတ်ထား တိုက်ခိုက်ကြပြီး တချို့မီဒီယာတွေက သူ့ကို အကြမ်းဖက်တော်လှန်ရေးသမားအဖြစ် သုံးနှုန်း ဖော်ပြခဲ့ပါတယ်။ 

လူမျိုးရေးခွဲခြားပြီး ဖိနှိပ်တဲ့ လူဖြူအစိုးရကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ ဒက်စမွန်တူးတူးက တောင်းဆိုခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်အတွင်း ဒိန်းမတ်ရုပ်မြင်သံကြားမေးမြန်းခန်းတစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့ တောင်အာဖရိက အစိုးရဆီက ကျောက်မီးသွေးမဝယ်ဖို့ ဒိန်းမတ်နိုင်ငံသားတွေကို တိုက်တွန်းခဲ့တာကြောင့် လူဖြူအစိုးရက သူ့ရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းယူခဲ့ပါတယ်။ အင်္ဂလန်က ဂိုဏ်းချုပ်ဘုန်းတော်ကြီးနဲ့ တခြားဘုန်းတော်ကြီးတွေရဲ့ အရေးဆိုမှုကြောင့် နိုင်ငံကူးလက်မှတ်ကို ပြန်လည်ပေးအပ်ခဲ့ပေမယ့် အဲဒီနှစ်ထဲမှာပဲ လူဖြူအစိုးရက ဒက်စမွန်တူးတူးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့စဥ်မှာ သူ့ကို ရာဇဝတ်သားလို ဆက်ဆံခဲ့ကြပါတယ်။
 
"လူမျိုးရေးခွဲခြားမှုဥပဒေဟာ နာဇီဝါဒပြီးရင် အရက်စက်အဆိုးဝါးဆုံး စနစ်တစ်ခုဖြစ်တယ်" လို့ ၁၉၈၁ ခုနှစ် အမေရိကန်ပြည်ထောင်စုကို ရောက်ခိုက် ပြောကြားခဲ့ပါတယ်။ အဲဒီခရီးစဥ်အပြီးမှာလည်း ပြည်ပမှာပြောကြားခဲ့တဲ့ စကားတွေကြောင့် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အသိမ်းခံရပြန်ပါတယ်။ 

တောင်အာဖရိကနိုင်ငံမှာ အာဏာရှင်အစိုးရ ပြုတ်ကျတဲ့အထိ ကြိုးပမ်းခဲ့တဲ့ ဒက်စမွန်တူးတူးဟာ ၁၉၈၄ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဆုယူဖို့ နော်ဝေနိုင်ငံကိုသွားရောက်တဲ့အခါ သူ့ကို အခမ်းအနားကျင်းပပြီး ဂုဏ်ပြုကြပါတယ်။ အဲဒီဂုဏ်ပြုပွဲမှာ ဗုံးထောင်တဲ့အဖြစ် ကြုံခဲ့ရပြန်ပါတယ်။ ဒါတွေဟာ ဒက်စမွန်တူးတူး ဖြတ်သန်းခဲ့ရတဲ့ ဘဝမှတ်တိုင်တချို့ဖြစ်ပါတယ်။ 

အောင်မြင်မှုတိုင်း၊ အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရင်းနှီးပေးဆပ်မှုတွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ဇွဲသတ္တိတွေ ရှိနေပါတယ်။ ဒီအချက်တွေကို သိရှိနားလည်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းကြမယ်ဆိုရင် ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေ မလွဲမသွေ ရရှိကြမှာဖြစ်ပါတယ်။ အထူးသဖြင့် တူညီတဲ့စိတ်ဓာတ်တွေနဲ့ လက်တွဲလျှောက်လှမ်းနေကြတဲ့ ယနေ့အခါမှာ ကျနော်တို့တွေ မနိုင်စရာ မရှိပါ။ 

လုံးဝ မမေ့ပါနဲ့။
ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း 
၂၆၊ ၁၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar