Breaking News

သီအိုဇော် — လူငယ်ငယ် သမိုင်းကြီးကြီးနဲ့ ဒဏ္ဍာရီမဟုတ်တဲ့ ဂျန်ဇီဗိုလ်ချုပ်


သီအိုဇော် — လူငယ်ငယ် သမိုင်းကြီးကြီးနဲ့ ဒဏ္ဍာရီမဟုတ်တဲ့ ဂျန်ဇီဗိုလ်ချုပ်

(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂

 

အများသိကြတဲ့အတိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၇) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ ဗိုလ်ချုပ်ရဲ့ကျေးဇူး၊ ဗိုလ်ချုပ်ရဲ့ဂုဏ်ဒြပ်တို့ကို ကမ္ဘာတည်သရွေ့  ပြောလို့မဝ၊ ရေးလို့မကုန် ဖြစ်နေကြမှာ သေချာပါတယ်။ အဲဒီအထဲမှာ တစ်ယောက်အပါအဝင် ဆိုပေမယ့် ‘ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ မြင်းထိန်းငတာ’ မဖြစ်စေဖို့ အထူးဂရုစိုက်ရမယ်ဆိုတာကို သဘောပေါက်ထားပါတယ်။

ဒီဆောင်းပါးဟာ သမိုင်းဝင် ဆောင်ရွက်ချက်အကြောင်းတွေထက် အရွယ်နဲ့မမျှအောင် ကြီးလေးသော  တာဝန်များထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ အသက်အရွယ်နဲ့၊ သမိုင်းပေးတာဝန်ကို ပခုံးပြောင်း ထမ်းရွက်နေကြတဲ့ ဒီနေ့ခေတ်ငယ်ငယ်ရွယ်ရွယ် ဂျန်ဇီများအကြောင်းကို ဆက်နွှယ်စဥ်းစားမိရင်း၊ ဗိုလ်ချုပ်ဟာလည်း သူ့ခေတ်သူ့အခါက ဂျန်ဇီတော်လှန်ရေးသမားလေးပါပဲဆိုတဲ့ အတွေးကနေ ဆင့်ပွားခံစားကြည့်ခြင်း ဖြစ်ပါ တယ်။

ဒီနွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပေါ်ထွက်လာကြတဲ့ ဂျန်ဇီများဟာ ၁၉၉၇ ခုနှစ်ကစလို့ မွေးဖွားခဲ့ကြသူများ ဖြစ်ပါတယ်။ အသက်အကြီးဆုံး ဂျန်ဇီဟာ အခု ၂၀၂၂ ခုနှစ်မှာဆိုရင် ၂၅ နှစ်အရွယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ‘မောရစ်ကောလစ်’က သူ့ရဲ့ Last and First in Burmaစာအုပ်ထဲမှာ ‘၂၄ နှစ်အရွယ် လူငယ် သခင်အောင်ဆန်းဟာ တိုင်းပြည်က တိမ်းရှောင်ပြီး ဂျပန်ပြည်ကို ရောက်၊ ရဲဘော်သုံးကျိပ်ဖွဲ့၊ ဂျပန်တပ်တွေနဲ့ ပြန်ချီတက်လာခဲ့တယ်’လို့ ရေးသားထားပါတယ်။ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့အတွက် လက်နက်စွဲကိုင် တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ငယ်ရွယ်တဲ့အရွယ်ကို အလေးအနက် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်က ကျောင်းပြီးလို့ မြန်မာပြည်မှာ ၁၉၁၂ ခုနှစ်အတွင်း စတင်အမှုထမ်းဖို့ ရောက်လာ တဲ့ ‘မောရစ်ကောလစ်’ရဲ့အသက်က (၂၃) နှစ်အရွယ်ပါ။ သူတို့ရဲ့  ဗြိတိသျှနေမဝင်အင်ပါယာကို ဆန့်ကျင်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်နေတဲ့ အသက် (၂၄) နှစ်အရွယ် လူထုခေါင်းဆောင်တစ်ယောက်အကြောင်း စာအုပ်ထဲ ရေးသားတဲ့အခါမှာ ကိုယ်တိုင်ဖြတ်သန်းမှုနဲ့ ယှဥ်ထိုးပြီး အံ့အားသင့်နေမိမယ် ထင်ပါတယ်။

သခင်အောင်ဆန်းဟာ ၁၉၃၉ ခုနှစ် အသက် (၂၄) နှစ်မှာ တို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်နေပါပြီ။ ၁၉၄၀ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ညမှာ   တရုတ်နိုင်ငံအမွိုင် (ယခုအခေါ် ရှာမဲန်-Xiamen) သို့ ‘တန်လူရှောင်’ ဆိုတဲ့တရုတ်နာမည်နဲ့ ဟိုင်းလီ (Hai Lee) သ‌င်္ဘောကိုစီးပြီး ရုပ်ဖျက် ထွက်ခွာခဲ့ချိန်က အသက် (၂၅) နှစ်အရွယ် ဖြစ်ပါတယ်။

ကိုဗစ်မတိုင်မီ ကာလကဆိုရင် XiamenAirနဲ့ ‘မန္တလေး-ရှာမဲန်’ အပတ်စဥ်ခရီးရှိပါတယ်။ အဲဒီလိုသက်သောင့် သက်သာ အခုသွားလာနိုင်ပေမယ့်၊ ဟိုင်းလီရဲ့ သ‌င်္ဘောခရီးစဥ်မှတ်တမ်းဟောင်းကို ပြန်လေ့လာကြည့်တော့ Rangoon-Penang - Port Swettenham (ယခု Port Klang) - Singapore - Hong Kong - Amoy အနေနဲ့ တွေ့ရပြီး အမွိုင်ကို ဩဂုတ်လ ၂၄ ရက်နေ့မှာမှ ရောက်ပါတယ်။ ၂၅ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုပါပဲ။ သူနဲ့အတူ သခင်လှမြိုင်(ဗိုလ်ရန်အောင်)လည်း လိုက်ပါသွားပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးလေးတဲ့တာဝန်တွေ ထမ်းရွက်ခဲ့တဲ့  ဗိုလ်ချုပ်အကြောင်း ခေါင်းထဲဝင်လာမိတိုင်း ပြန်အမှတ်ရမိနေတတ်တာ တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ပတ်ဝန်းကျင်က ငွေမင်သုတ် ဆင်ဆာစာ မျက်နှာများနဲ့ ကင်းလေ့မရှိတဲ့ စာပေသိက္ခာရှိတဲ့ လစဥ်ထုတ်မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာစကားကိုပါ။ မင်း၊ ငါ၊ နာမ်စားသုံးပြီး ပြောဆိုခေါ်‌ဝေါ် နိုင်သူချင်း ဖြစ်တဲ့အတွက်ကြောင့်သာ မဟုတ်ပဲ၊ စိတ်ဓါတ်နဲ့ခံယူချက်ကို ကောင်းစွာသိထားလို့ သူ့မဂ္ဂဇင်းဖတ်မိတိုင်း သူ့ရဲ့အယ်ဒီတာ စကားကဏ္ဍကို အလေးပေးဖတ်ရှုပါတယ်။ အသက် (၃၂) နှစ်အရွယ် ကျဆုံးသွားချိန်အထိ  ဗိုလ်ချုပ် လုပ်ဆောင်ခဲ့သမျှကို ပြန်စဥ်းစားပြီး သူ ရေးခဲ့တာက ‘ဗိုလ်ချုပ်ဟာ လူစင်စစ် ဟုတ်မှဟုတ်ပါလေစ’ လို့တောင် ထင်ရလောက်စရာ ဆိုတဲ့ အတွေးနဲ့ တင်စားရေးလိုက်ခြင်းပါ။ စာသားအတိအကျတော့မဟုတ်သော်လည်း ဒီအဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ ဒဏ္ဍာရီထဲက သူရဲကောင်းမဟုတ်တာ သိထားတဲ့ကြားက အခုလိုရိုးရိုးလေးတွေးပြီး ရှင်းရှင်းလေး ရေးပြလိုက်တဲ့အခါ ခေတ်သမိုင်းတာဝန်ကို အရွယ်နဲ့မမျှ ဗိုလ်ချုပ် ထမ်းရွက်နိုင်ခဲ့ပုံကို ပိုမိုပေါ်လွင်စေပြီး အလေးပြုဦးညွှတ်လိုတဲ့စိတ်ကို သာလို့စေ့ဆော်ပေးနိုင်စေခဲ့ပါတယ်။ အမှတ်မမှားဘူးဆိုရင် ဇူလိုင်လထုတ်မဂ္ဂဇင်း၊ အာဇာနည် နေ့အတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်လို ငယ်ငယ်ရွယ်ရွယ်နဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့သူ၊ တိုင်းပြည်ကို စုစည်းပေးနိုင်တဲ့သူ ‌ပေါ်လာစေချင်တဲ့စိတ်  လူတိုင်းမှာရှိကြပါလိမ့်မယ်။ တစ်ခေတ် တစ်ယောက်လို့ဆိုရမယ့် ဗိုလ်ချုပ်လိုလူမျိုး ပေါ်ထွက်လာဖို့ဆိုတာကတော့ လက်တွေ့မကျတဲ့ဆန္ဒ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့အရည်အချင်းအချို့ရှိသူ၊ ဗိုလ်ချုပ်ရဲ့ ပင်ကိုဗီဇအချို့ ပိုင်ဆိုင်ထားသူ ဂျန်ဇီများကို ‌နွေဦးတော်လှန်ရေးတလျှောက် မွေးထုတ်ပေးနိုင်မှာကတော့ သေချာပါတယ်။ သူတို့တတွေရဲ့ စုစည်းလုပ်ဆောင်နိုင်မှုက ဗိုလ်ချုပ်လှမ်းမယ့်လမ်း၊ ဗိုလ်ချုပ်သွားလိုတဲ့ခရီးနဲ့ ထပ်တူကျနိုင်ပြီး အားရဖွယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာပြီလို့ ဆိုနိုင်တဲ့အချိန် ရောက်ရှိလာပါလိမ့်မယ်။

ဂျန်ဇီတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ၊ ဒီမျိုးဆက်သစ်တွေကပဲ တစ်ချိန်မှာ အသိပညာရှင်၊ အတတ်ပညာ ရှင်များ ဖြစ်လာကြပြီး အနာဂတ်မြန်မာနိုင်ငံသစ်ကို ပုံဖော်ကြပါလိမ့်မယ်။ အဆိုးထဲက အ‌ကောင်းလို့ ပြောနိုင်တာကတော့ ရဲရင့်ပြီး လူမျိုးရေး၊ ဘာသာရေးအမြင် ကျယ်ပြန့်တဲ့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်စနစ်တို့ကို ရှေ့တန်းတင်တဲ့၊ လူငယ်ထုတရပ်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းပါ။

ပေးဆပ်လိုက်ရခြင်းများစွာ ရှိခဲ့ကြပေမဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီကို ဦးတည်နိုင်ခဲ့ခြင်းဟာ ဒီနွေဦးတော်လှန်ရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုလို့ ဆိုရပါမယ်။ ဒီလမ်းကြောင်းကို မတိမ်းမစောင်းစေဘဲ ဆုံးခန်းတိုင်ဆက်လျှောက်နိုင်ဖို့အတွက် မြန်မာ့သမိုင်းမှာ အစားထိုးလို့ မရနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တလေးတစား ချစ်ခင်ရုံမျှမကပဲ၊ ကိုယ်တိုင်အတုယူ ကျင့်ကြံကြမယ့် မျိုး ဆက်သစ်များစွာ လိုအပ်ပါတယ်။

ဗိုလ်ချုပ်ရဲ့မွေးနေ့ဟာ ပြည်ထောင်စုနေ့အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေလေတော့ ခေတ်စကားနဲ့ ပြောရရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနဲ့ ‘ဘယ်လိုများ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးနိုင်ခဲ့ကြသလဲ’ ဆိုတာကို စဥ်းစားကြည့်ချင်ပါသေးတယ်။ သွေးချင်းတွေက ဗိုလ်ချုပ်ရဲ့အရည်အချင်းတွေထက် အရင်းခံစိတ်နေသဘောထားအပေါ် ဆုံးဖြတ်ပြီး နွေးထွေးတဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့ကြတယ်လို့ မြင်မိပါတယ်။ ဗိုလ်ချုပ်ရဲ့စိတ်နေစိတ်ထားကို သူ့အစ်ကို ဦးအောင်သန်းက အတွင်းကျကျ ပိုပြောနိုင်မယ်လို့ ယုံကြည်မိတဲ့အတွက် “အောင်သန်း ရဲ့ အောင်ဆန်း”ကို အနည်းငယ်ကိုးကားလိုပါတယ်။

“အစ်ကိုအနေထက် ရာဇဝင်သုတေသီတဦးအနေဖြင့် ဆန္ဒဂတိ-ဒေါသဂတိမလိုက်ဘဲ ရေးသားထားတယ်လို့လည်း ဆိုထားတဲ့စာအုပ်လည်း ဖြစ်ပါတယ်။

“အောင်ဆန်းသည် မည်သည့်အခါမှ လုပ်ကြံ၍ လည်ဆည်၍ မပြောတတ်ပါ”

ဒီစာသားကို ဖတ်ရတဲ့အခါ  သူ့အမေရဲ့ စပါးအရောင်းအဝယ် စကားဝိုင်းထဲဝင်ပြီး “လိမ်ပြောတာ မကောင်းဘူး” ဆိုကာ မိခင်ဖြစ်သူရဲ့ စပါး ဝယ်ရင်းစျေးမှန်ကို ဖွင့်ပြောခဲ့တဲ့ ကလေးအရွယ် “အောင်ဆန်း” အကြောင်းကို ပြန်သတိရကြပြီး ဘယ်သူကမှ စောဒကတက်မယ်လို့ မထင်ပါ။

“ရောက်လေရာအရပ်တိုင်းရှိ တိုင်းရင်းသားလူမျိုးစုများသည် ဗိုလ်ချုပ်အောင်ဆန်း၏  ရှင်းလင်းပြတ်သားမှုကို အထူးနှစ်ခြိုက်သဘောကျကြလေသည်။ လောကွတ်မပါ လိုရင်းကိုသာ ဒဲ့ဒိုးပြောတတ်သည့် ဗိုလ်ချုပ်ကို ယုံကြည်လာကြလေသည်။”

ဒါကိုလည်း အထူးပြောစရာလိုမည်ဟု မထင်၊ ဗိုလ်ချုပ်အကြောင်း ဖတ်ဖူး၊ ကြားဖူးကြသူများအတွက် အဆန်းမဟုတ်။

“What you see is what you get” လို့ အနောက်နိုင်ငံများက နိုင်ငံရေးသမားများ စည်းရုံးရေးဆင်းကျရင် အခါအားလျော်စွာ ပြော‌လေ့ရှိကြပါတယ်။ ဘာမှချန်ထား ဖုံးထားတာမရှိဘူးလို့ သူတို့နဲ့ပတ်သက်ပြီး ပြောတဲ့သဘောပါ။ ဗိုလ်ချုပ်ကတော့ အဲဒီလိုပြောပြဖို့ လိုကိုမလိုတဲ့သူတစ်ယောက်ဆိုတာ၊ သူနဲ့ထိတွေ့ ဆက်ဆံသူ အားလုံးက နားလည်တဲ့အတွက် အထက်ကဆိုခဲ့သလို လွယ်လွယ်ကူကူ ဂျပ်ပင်ထိုးနိုင်ခဲ့ကြတယ်လို့လည်း တွေးနိုင်ပါတယ်။ ပရိယာယ်မကြိုက်တဲ့ တိုင်းရင်းသားသွေးချင်းများနဲ့ ရိုးရိုးရှင်းရှင်း ဗိုလ်ချုပ်တို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တာဟာ ဘာမှနားမလည်နိုင်စရာမရှိလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အသက်ငယ်ရွယ်ပေမယ့် သူဟာ လူနည်းစုအရေး အလေးအနက်ထား စဥ်းစားပေးတတ်သူ၊ တိုင်းပြည်တစ်ခုလုံး  စည်းလုံးညီညွတ်ဖို့အတွက် ရေရှည်ကိုကြည့်တတ်သူဆိုတာ လက်တွေ့မှာလည်း ပြသခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် မေ ၁၉ ရက်နေ့ ၊ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ သူ လေးစားရတဲ့ ဒီးဒုတ်ဦးဘချိုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းဖို့ တိုက်တွန်းတဲ့အခါ လက်ခံခြင်းမရှိဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာက သက်သေပါ။

ဗိုလ်ချုပ်ဟာ သူ့ရဲ့ကိုယ်ကျင့်တရားကိုလည်း မှတ်ကျောက်အတင်ခံနိုင်တဲ့သူ ဖြစ်တယ်။ ၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၀ ရက် ရွှေတိဂုံဘုရား အနောက်မုခ်မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲ အဲဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့  ဘယ်အချိန်အခါမဆို အစစ်ဆေးခံကြောင်း ထည့်သွင်းစိန်ခေါ်ရဲလောက်အောင် တည်ကြည်ဖြောင့်မတ်ခဲ့သူ၊ အတုယူသင့်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက် စက္ကူဖြူစာတမ်း ကန့်ကွက်ဆန္ဒပြပွဲမှာတော့ “သူ့အသက်ဟာ အင်မတန်ငယ်ပြီး တတိုင်းပြည်လုံးရဲ့တာဝန်ကို ရှေ့ဆုံးက ထမ်းနေကြောင်း၊ ထိုတာဝန်တွေအတွက် အရည်အချင်းပြည့်စုံတယ်လို့ မယူဆကြောင်း၊ နဂိုစိတ်တိုတတ်သူတစ်ဦးဖြစ်ကာ အလုပ်ရှုပ်ပြီး အနှောင့်အယှက်များရင် စိတ်တိုတတ်ကြောင်း၊ ဒါပေမဲ့ အဲဒါကိုပြုပြင်နိုင်သမျှပြုပြင်မယ်”ဆိုပြီး သူ့ရဲ့လိုအပ်ချက်တွေကိုလည်း အရိုးခံအတိုင်း ထည့်ပြောသွားခဲ့ဖူးပါတယ်။ ’လက်ညှိုးညွှန်ရာ ရေဖြစ်တယ်’ ဆိုပြီး သူ့ရဲ့ ဩဇာတိက္ကမကြီးမားမှုအပေါ်  တင်စားပြောနေကြရတဲ့ကာလမှာ သူ့ကိုယ်သူ ပြန်လည်သုံးသပ်ခဲ့ရုံသာမက၊ ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြခဲ့တာကလည်း နမူနာယူစရာပါ။

ဗိုလ်ချုပ်ကို ဝက်စ်မင်စတာပါလီမန်၊ ယူအက်စ်ကွန်ဂရက်၊ ကင်ဘာရာပါလီမန် အဆောက်အဦတွေထဲကို ခဏ ပို့ကြည့်မိပါတယ်။ ဗိုလ်ချုပ်ရဲ့အရည်အချင်းကို ယုံကြည်ပေမယ့် အံဝင်ခွင်ကျဖြစ်ပါ့မလား ဆိုတဲ့ အတွေးကလည်း ဝင်မိပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း အဲဒီနိုင်ငံရေးသမားတွေကြား ကြာကြာထိုင်ချင်မှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။ ဒါ့ကြောင့်လည်း သူ့အကြောင်းသူသိတဲ့ ဗိုလ်ချုပ်က လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက နားပြီး စာပဲရေးမယ် ဆိုတဲ့သဘော ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဗိုလ်ချုပ်ဟာ ပါတီနိုင်ငံရေးသမားအဖြစ် ရေရှည်လုပ်နိုင်မှာ မဟုတ်တဲ့၊ တော်လှန်ရေးသမား အမျိုးသားခေါင်းဆောင် တစ်ယောက်ပါ။

 “အောင်သန်းရဲ့ အောင်ဆန်း” စာအုပ်ထဲကပဲ တိုင်းရင်းသားအရေးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် ဗိုလ်ချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေတဲ့ စာပိုဒ်များကို ထပ်မံကိုးကားချင်ပါတယ်။ သူ ဘာလုပ်ခဲ့တယ် ဆိုတာက အထင်အရှားရှိပြီးဖြစ်လို့ သူ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ ဆိုတာကို ပိုစိတ်ဝင်စားမိပါတယ်။

“သခင်အောင်ဆန်းသည် လုပ်မည်ဟုဆုံး ဖြတ်လိုက်သည်နှင့်တပြိုင်နက် နောက်ပြန်မကြည့်ပဲ ရှေ့သို့သာ ဆက်လက်ချီတက်တတ်သူ ဖြစ်ပေသည်။ အခြေအ‌နေကို မှန်ကန်စွာ သုံးသပ်တတ်သူဖြစ်သည်။”

“နောက်ပိုင်း၌ သူ၏လုပ်ဆောင်ချက်များ အောင်မြင်ခြင်းသည် ပြဿနာတရပ်၏အကြောင်းရင်းကို ရှင်းရှင်းပြတ်ပြတ် ထိုးထွင်းသိမြင်တတ်သော အရည်အချင်းကြောင့်ဟုဆိုလျှင် မှားမည်မထင်ပေ။”

ဖတ်ခဲ့၊ လေ့လာခဲ့ဖူးတာများအရ သုံးသပ်ရရင် ဗိုလ်ချုပ်ဟာ တွေဝေတတ်သူ မဟုတ်၊ တစိုက်မတ်မတ်ရှိပြီး အလုပ်ကို အချိန်မဆိုင်းဘဲ လုပ်တတ်သူပါ။ ဦးအောင်သန်း ရေးခဲ့သလို ပြဿနာရဲ့ အကြောင်းရင်းကို မြင်အောင် ကြည့်၊ အဖြေကိုရအောင်ရှာပြီး နောက်မဆုတ်တမ်း လုပ်တတ်တဲ့သူမျိုး ဖြစ်ပါတယ်။ အချိန်ကို တန်ဖိုးထားတဲ့ လက်တွေ့ကျသူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်လည်းပဲ အသက်ငယ်ပေမယ့် အောင်မြင်မှုများစွာနဲ့ ထုဆစ်ထားတဲ့ ကြီးမားတဲ့သမိုင်းကို ချန်ထားရစ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ထင်ရှားတဲ့သူ၊‌ အောင်မြင်တဲ့သူတွေရဲ့ အဆိုအမိန့်တွေမှာတော့ ဖတ်ရှုဖူးပါတယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ၊ ပြောကြားချက်တွေမှာ သတိမထားမိခဲ့ပေမယ့် ထိုသူတွေရဲ့ အဆိုအမိန့်တွေလို ဗိုလ်ချုပ် ကျင့်ကြံနေထိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ “ဒီနေ့ဟာ ကိုယ့်ရဲ့နောက်ဆုံးနေ့ပဲ”လို့ သဘောထားပြီး လုပ်စရာရှိတာတွေကို ရာခိုင်နှုန်းပြည့် အားစိုက်ထုတ်ပြီး အချိန်ဆွဲမလုပ်ဘဲ လက်တွေ့ကျကျ ဖြေရှင်းကျော်ဖြတ်သွားခြင်းမျိုးပါ။ ပင်လုံစာချုပ်လို  မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါ အခြေခံကျလှတဲ့ သဘောတူညီချက်ကို အသက် (၃၂) နှစ်အရွယ်မျှသာ  ရှိတဲ့ လူထုခေါင်းဆောင်တစ်ယောက်က စည်းရုံးရယူပေးနိုင်ခဲ့တာကတော့  အံ့မခန်းပါပဲလို့သာ ပြောရမှာပါ။ ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်နိုင်ငံမှာမဆို အမြင်မတူ ဓလေ့ကွဲပြား ခြားနားကြသူများအကြား၊ သမိုင်း တွင်မယ့် သဘောတူညီချက်တစ်ခုကို ရယူနိုင်ဖို့ဆိုတာ အင်မတန်မှခက်ခဲလှပါတယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားများစွာ မှီတင်းနေထိုင်တဲ့ တိုင်းပြည်အတွက်ဆိုရင် ပိုပြီးမလွယ်ကူတဲ့ကိစ္စလို့ အသိအမှတ်ပြုကြရပါမယ်။

အနာဂတ်ကို လက်လွှဲပြောင်းယူကြမယ့် မျိုးဆက်သစ်များအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ တန်ဖိုးမဖြတ် နိုင်တဲ့ ပြဋ္ဌာန်းစာအုပ်တစ်အုပ်ပါ။ လေ့လာလို့ မကုန်နိုင်သလို မလေ့လာလို့လည်း မဖြစ်တဲ့ ဘာသာရပ်တစ်ခု လည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်သာဆိုရင် ဒီပြဿနာမျိုးကို ဘယ်လို ဖြေရှင်းလေမလဲဘယ်လို ဖြေရှင်းခဲ့သလဲ။ ဘာ့ကြောင့် အဲဒီလိုဖြေရှင်းရသလဲဆိုတဲ့ ပိုင်းခြားစိတ်ဖြာ တွေးခေါ် ခြင်းနဲ့ အနှစ်သာရ ပြည့်ဝစွာ ချဥ်းကပ် လေ့လာကြရပါမယ်။

မြန်မာနိုင်ငံသားအားလုံးဟာ ဗိုလ်ချုပ်ကို ရင်ထဲအသည်းထဲက ချစ်ကြတာပါ။ အခွင့်များရှိခဲ့ရင် သူ့ကို ချစ်ကြသူများက နိုင်ငံအနှံ့ မြို့ကြီးမြို့ငယ်များမှာ နည်းမျိုးစုံနဲ့ အထိမ်းအမှတ်ပြု ချစ်ကြ၊ အချို့ဒေသများမှာဆိုရင် စကားများ ရန်ဖြစ်ခံပြီးတောင် ချစ်ပြကြတာတွေကို ပြသချင်ပါသေးတယ်။ ပြီးတော့ ဗိုလ်ချုပ်နှုတ်က ထွက်လာမယ့် “ငါနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကိုကျတော့ (၇၅) နှစ်ကြာတဲ့အထိ အပြည့်အဝ အကောင်အထည်မဖော်ပေးကြပဲနဲ့” လို့ အစချီပြီး ဗိုလ်ချုပ်ဝသီအတိုင်း ဆက်ပြောလာမယ့် စကားလုံး ကြမ်းကြမ်းကြီးတွေကိုလည်း ပျော်ပျော်ကြီး နားထောင်လိုက်ချင်ပါသေးတယ်။

သီအိုဇော်

 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar