အောင်ဝေး — ရှက်ဗ်ချင်ကိုအတွက်ကဗျာတစ်ပုဒ်
မနေ့က
နန်းမယ်ခုံ ကျသွားတယ်။
မအလစစ်ခွေးတွေ
လေကြောင်းက ထိုးစစ်ဆင်လို့
မိုးဗြဲနဲ့ ဒီးမော့ဆိုကြားက
သေနင်္ဂဗျူဟာကျတဲ့
နန်းမယ်ခုံ ကျသွားတယ်။
ကန္ဒရဝတီ
ကျတာ မဟုတ်ပါဘူး။
ကရင်နီ တော်လှန်ရေး
ကျတာ မဟုတ်ပါဘူး။
ခွာစစ်ဟာ
ထိုးစစ်ပြန်ဖြစ်ရမယ်။
မနေ့က
ဗာလာနံပူတင်
ယူကရိန်းကို
စတင်ကျူးကျော်တိုက်ခိုက်လိုက်ပြီ။
ပီကာဆိုရဲ့
ချိုးဖြူငှက်
အိပ်မက်သွေးစွန်းသွားပြီ။
ဥရောပစစ်မီးလား
တတိယကမ္ဘာစစ်ကြီးလား
ဟစ်တလာ ပြန်လာမှာလား
မူဆိုလီနီ ပြန်လာမှာလား။
မာကယ်ယာဗယ်လီ
မွှေးခဲ့တဲ့မီးက
အခုထိ မငြိမ်းတော့ဘူး။
နန်းမယ်ခုံဟာ
ငါတို့အရေး ဖြစ်တယ်။
ယူကရိန်းဟာ
ကမ္ဘာကြီးအရေးဖြစ်တယ်။
နန်းမယ်ခုံ
ငါတို့ ပြန်ယူရမယ်။
ယူကရိန်းရေ
ယူကရိန်း ကျသွားလို့ မဖြစ်ဘူး။
ယူကရိန်းကို
ကမ္ဘာကြီး ကာကွယ်ရမယ်။
စစ်သွေးဆာလောင်နေတဲ့
သိန်းငှက်သုံးကောင်
ကမ္ဘာ့ခေါင်မိုးပေါ်မှာ။
ယူကရိန်း ကျသွားရင်
ငါတို့ရှမ်းမြေတစ်ကွက်
ရတက်မအေးဖြစ်မယ်။
ယူကရိန်း ကျသွားရင်
နောက်တစ်ခါ
ထိုင်ဝမ်အလှည့်ပဲ။
ယူကရိန်း ကျသွားရင်
၃၈ မျဥ်းပြိုင်မှာ
ပန်မွန်ဂျုံဟာ
ပုံပြင်ဖြစ်ရော့မလား။
ကမ္ဘာ့ခေါင်မိုးပေါ်က
သိန်းငှက်သုံးကောင်
စစ်သွေးဆာလောင်နေပုံ။
ပူတင်က
ယူကရိန်းအသားတစ်ကို
ဝင်ဆွဲပစ်ပြီ။
ရှီကျင့်ဖျင် ဘာလဲ ဘယ်လဲ
ကင်ဂျုံအန်း ဘာလဲ ဘယ်လဲ။
ငါတို့ဟာ
ငါတို့စစ်ပွဲမှာ
ဖက်ဆစ်စစ်တပ်ကို
အမြစ်ဖြတ်ရတော့မယ်။
မင်းအောင်လှိုင် သေရင်
နွေဦး ရှင်မယ်။
နန်းမယ်ခုံမှာ
အောင်ပွဲနဲ့ ရင်ခုန်
ငါတို့ ပြန်ဆုံကြမယ်။
ယူကရိန်းမှာ
ငြိမ်းချမ်းရေးအတွက်
မိခင်နို့ထက်
ဖြူတဲ့ငှက်ဟာ
ပြန်ရောက်လာမယ်။
ပူတင်သေရင်
ကမ္ဘာကြီးရှင်ပြီ။ ။
အောင်ဝေး
(ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂)
* Andry Shevchenko
ယူကရိန်းနိုင်ငံသား။
Chelsea ဘောလုံးသမားဟောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar