နေသွင်းနိုင်း - ငါတို့ဟာ အချိန်မရွေးပျက်ကျနိုင်တဲ့ လေယာဥ်တစ်စင်းဖြစ်တယ်
နေသွင်းနိုင်း - ငါတို့ဟာ အချိန်မရွေးပျက်ကျနိုင်တဲ့ လေယာဥ်တစ်စင်းဖြစ်တယ်
(မိုးမခ) ဖေဖော်၀ါရီ ၂၆၊ ၂၀၂၂
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဉ်တစ်စင်းပေါ်မှာ
ငါတို့ဟာ ဆွိုင်းပဲ
ငါတို့ဟာ ညီမလေး ကြယ်စင်ပဲ
ငရဲသစ်ငုတ်ပေါ်က သွေးစက်တန်းလန်း
အသားတုံးတစ်တုံးဟာ ငါတို့ပဲ။
ငါတို့ဟာ ညီမလေး မြသွဲ့သွဲ့ခိုင်ပဲ
ငါတို့ဟာ စနိုက်ပါတွေရဲ့ သားကောင်လို
ငါတို့ဟာ မြို့လယ်ခေါင်မှာ သေနတ်နဲ့ဒိုင်းခနဲ
အပစ်ချခံလိုက်ရတဲ့ ကိုယ်ဝန်သည်လို
ငါတို့ဟာ
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဥ်တစ်စင်းပေါ်မှာ...။
ငါတို့ဟာ ကဗျာဆရာ ခက်သီရဲ့ဝိညာဉ်ပဲ
ငါတို့ဟာ ရင်ခွဲပြီးသား အသားစတွေလို
ငါတို့ဟာ ကဗျာဆရာ ကေဇဝင်းရဲ့အသက်ဓာတ်ပဲ
ငါတို့ဟာ နေရပ်မသိတဲ့ ကျည်ဆန်တွေရဲ့ ပစ်မှတ်စက်ဝိုင်းလို
"၂၄ နာရီ အများပြည်သူများ မီးလင်းပါစေ" တဲ့
အမှောင်ထဲကျဆုံးသွားတဲ့ ကလေးတို့ရဲ့ ဖခင်ဟာ
ငါတို့ပဲ။
ငါတို့ဟာ
ငါတို့ရေးတဲ့သမိုင်း ငါတို့ဖတ်ခွင့်မရှိတဲ့
စာမျက်နှာ တွေဆိုရင်တောင်
ငါတို့သမိုင်း ငါတို့ရေးရမှာပဲပေါ့
ငါတို့ဟာ
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဉ်တစ်စင်းပေါ်မှာ...။
ငါတို့ဟာ အသေခံဗုံးခွဲသမားတွေရဲ့သွေးထဲက
နာကျည်းမှု
ငါတို့ဟာ အနာဂတ်ရဲ့ မြေဆီမြေနှစ်
ငါတို့ဟာ ဘုရားသခင်ရှေ့က စပျစ်ဝိုင်
ငါတို့ဟာ ဘုရားသခင်ရှေ့က အသက်မုန့်
ငါတို့ဟာ ထွန်ယက်ခံရမယ့် ကုန်းမြင့်မြေသား
ငါတို့ဟာ နောဧသင်္ဘောလက်မှတ်ကို
ဆုတ်ဖြဲစွန့်ပစ်ရမယ့်သူတွေဆိုတာ မမေ့နဲ့
ငါတို့ဟာ
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဉ်တစ်စင်းပေါ်မှာ...။
ငါတို့ဟာ
ကားစင်တင်မီးရှို့ခံရတဲ့ ထန်တလန်မြို့လေးဖြစ်တယ်
ငါတို့ဟာ
မငြိမ်းချမ်းတော့တဲ့ ငြိမ်းချမ်းရေးမြို့ပျက်ကြီးတစ်ခု
ငါတို့ဟာ
ပန်းပွင့်တွေမရှိတော့တဲ့ ပန်းရွာက ကျေးလက်လူထု
ငါတို့ဟာ
ငါတို့နွား ငါတို့ဝက်တွေ မုဒိန်းကျင့်ခံနေရတာကို
ကျောခိုင်းထွက်ပြေးနေရတဲ့ ကျေးလက်ဖြစ်တယ်။
ငါတို့ရဲ့ကျမ်းစာအုပ်ဟာ "ကမ္ဘာမကြေဘူး"
ငါတို့ရဲ့သီချင်းဟာ "အနိုင်ရမှ ဖြစ်မယ်"
ငါတို့ရဲ့ မနက်စာဟာ မိစ္ဆာတွေရဲ့အသွေးနဲ့အသား
ငါတို့ရဲ့လက်ဖျံရိုးက တက်တူးဟာ
"သွေးကြွေးမှာ ဆွေးနွေးစရာမရှိ"
ငါတို့ဟာ
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဉ်တစ်စင်းပေါ်မှာ...။
သူ့ဒဏ်ရာနဲ့သူ လျှာနဲ့ယက်နေရတဲ့
ကမ္ဘာကြီးကို မမျှော်နဲ့တော့
ငါတို့အသက်တွေ တောင်လိုပုံလို့
နောက်ထပ်မီးတောက်ဟာ ငါတို့ဆိုလည်း
နွေဦးကောင်းကင်မှာ
လင်းချင်းမယ့် အရုဏ်ဦးကြယ်ဟာ
ငါတို့ပဲဖြစ်ရမယ်။
"ငါတို့မြို့ ငါတို့ပိုင်တယ်"
"ငါတို့ကျေးလက် ငါတို့ပိုင်တယ်"။
သူရဲကောင်းတွေကို အားနာတတ်တဲ့နှလုံးသားမျိုးနဲ့
ငါတို့ဟာ သေရဲရဲ ရှင်ရဲရဲ
ဒီမွန်မြတ်မှုနဲ့ သေခြင်းရှင်ခြင်းကို မွေးမြူကြ
ငါတို့အရေး ငါတို့ရေးကြ
ငါတို့ဟာ တိုင်တန်တွေလို
ငါတို့ဟာ အိုလံပီယာနတ်ဘုရားတွေလို
ဘယ်တော့မှ မသေဆုံး
ငါတို့ဟာ တယောက်ကြွေ တယောက်ပွင့်
ဒီကမ္ဘာပြီးရင် နောက်ကမ္ဘာမှာ နောက်ကဗျာလည်း
ပွင့်ပေလိမ့်။
ငါတို့ဟာ
အချိန်မရွေးပျက်ကျနိုင်တဲ့
လေယာဉ်တစ်စင်းပေါ်မှာ...။ ။
နေသွင်နိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar