ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၄)
(မိုးမခ) ဖေဖော်၀ရီ ၂၅၊ ၂၀၂၂
ကမ္ဘာကြီးရဲ့ဖြစ်တည်မှုနဲ့အတူ လူသားတွေကလည်း မျိုးဆက်တွေတစ်ခုပြီးတစ်ခု ဖြတ်သန်းကျော်ဖြတ်ခဲ့ကြပါတယ်။ ပြောင်းလဲမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေကလည်း နတ်ရေကန်ထဲပစ်ချလိုက်သလို အလိုရှိရာ ဝုန်းခနဲ ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ အဆင့်ဆင့် တိုးတက်ခဲ့ရတာဖြစ်ပါတယ်။
ဆိုကြပါစို့။ တယ်လီဖုန်းကို တီထွင်ခဲ့ကြတဲ့ အန်တိုနီယို မော်ချီ (Antonio Meucci)၊ အလက်ဇန်းဒါး ဂရေဟမ် ဘဲလ် (Alexander Graham Bell) တို့ဟာ ယနေ့ ကျနော်တို့အသုံးပြုနေကြတဲ့ ဆဲလ်ဖုန်းတွေ၊ စမတ်ဖုန်းတွေကို ကိုင်တွယ်ခွင့် ရမသွားကြပါဘူး။ သူတို့တီထွင်ခဲ့တဲ့ တယ်လီဖုန်းတွေကနေ အခြားသောပညာရှင်ပေါင်းများစွာက အဆင့်ဆင့် ဆန်းသစ်မှုတွေ၊ ဖန်တီးမှုတွေ ပြုလုပ်ခဲ့ကြလို့ ဒီကနေ့ မြင်တွေ့ သုံးစွဲနေရတဲ့အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ တယ်လီဖုန်းကိုကိုင်တွယ်ပြီး နည်းမျိုးစုံ အသုံးပြုနေကြတဲ့ ကျနော်တို့အနေနဲ့ စတင်တီထွင်ခဲ့သူတွေ၊ အဆင့်ဆင့် ဖန်တီးခဲ့ကြသူတွေရဲ့ ကျေးဇူးတရားကို မေ့ထားလို့မဖြစ်ပါဘူး။ ကိုယ်က ငွေကုန်ကြေးကျခံပြီး ဝယ်ယူသုံးစွဲတာဖြစ်ပေမယ့် သန်းပေါင်းများစွာသော လူသားများအတွက် အကျိုးရှိအောင် ကြိုးပမ်းခဲ့သူများရဲ့ကျေးဇူးကို မေ့လို့မဖြစ်ပါဘူး။
နိုင်ငံရေးနဲ့ပတ်သက်ရင်လည်း ဦးဆောင်လမ်းပြသူ၊ သက်စွန့်ကြိုးပမ်းသူ၊ လွတ်လပ်ရေးမျိုးစေ့ချသူများက သက်ဆိုင်ရာ တိုင်းပြည်များရဲ့ ကျေးဇူးရှင်များဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးရတာ နှစ်ပေါင်း ၂၅၀ နီးပါး ရှိပေမယ့် ဂျော့ဂျ်ဝါရှင်တန်၊ ဂျွန်အက်ဒမ်၊ သောမတ်ဂျက်ဖာဆင်၊ ဘင်ဂျမင် ဖရန်ကလင် စတဲ့ လွတ်လပ်ရေးဖခင်များရဲ့ ကျေးဇူးကို အမြဲတမ်း အောက်မေ့သတိရ ဂုဏ်ပြုနေကြရပါတယ်။
ဒါတွေကို သိုင်းဝိုင်းပြီး ပြောနေရတာက အကြောင်းရှိပါတယ်။ သမိုင်းအမှားတွေနဲ့ဖြတ်သန်းလာရတဲ့ ကျနော်တို့တိုင်းပြည်မှာ မျိုးဆက်တစ်ခုနဲ့တစ်ခု ပြတ်တောက်နေတဲ့အကြားက အသိအမြင် အယူအဆ ကွဲပြားမှုတွေကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်က စတင်သန္ဓေတည်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစပြီး မြန်မာပြည်မှာ မွေးဖွားခဲ့ပါတယ်။ စစ်အာဏာသိမ်းတဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ဆိုပြီး အာဏာရှင်တွေက အလိမ် အညာတွေအောက်မှာ တိုင်းပြည်ကို ကြီးထွားစေခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တဲ့မျိုးဆက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့မျိုးဆက်နဲ့ နောက်မျိုးဆက်ဖြစ်ပါတယ်။ အရင်ဆုံး ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခံခဲ့ရတာလည်း အဲဒီမျိုးဆက်တွေပါပဲ။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် ကြားကာလဟာ မြန်မာပြည် လူထုအနေနဲ့ ကမ္ဘာနဲ့အဆက်အပြတ်ဆုံးကာလဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ ကျွန်းဆွယ်အရေးအခင်း စတဲ့ အရေးတော်ပုံများကို ကမ္ဘာက သိဖို့မဆိုထားနဲ့၊ ကာယကံရှင်များနဲ့ နီးစပ်ရာလူတချို့ကလွဲရင် ပြည်တွင်းကလူတွေတောင် မသိကြပါဘူး။
အာဏာရှင်တွေကလည်း တိုင်းပြည်မှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်လာပြီဆိုရင် လူထုအာရုံမစိုက်အောင် ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးပြီး အာရုံလွှဲခဲ့တော့ ဘာတွေဖြစ်တယ်ဆိုတာ ပြည်သူတွေက မသိသလို အချင်းချင်း ရန်တိုက်ပေးတဲ့ ဆိုးကျိုးကိုပါ ခံစားခဲ့ရပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံမှာတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးမားဆုံးတော်လှန်ရေးအဖြစ် မျိုးဆက် သုံးလေးခုက ပါဝင်အုံကြွခဲ့ပါတယ်။ အဲဒီတုန်းက အာဏာသိမ်းတယ်ဆိုတာ အုပ်ချုပ်ရေးအာဏာကို စစ်အရေခွံချွတ်ထားသူတွေထံကနေ ယူနီဖောင်းဝတ်တွေက အစားထိုးနေရာယူလိုက်တဲ့သဘောပါ။ အာဏာသိမ်းတယ်ဆိုတာထက် လူပြောင်း နာမည်ပြောင်းပြီး အကြမ်းနည်းနဲ့အုပ်ချုပ်ပြလိုက်တာပါ။
မြန်မာပြည်ရဲ့ စစ်အာဏာရှင်တော်လှန်ရေးသမိုင်းဟာ နှစ်ပေါင်း ၆၀ အတွင်း အလှည့်အပြောင်းမျိုးစုံ၊ တော်လှန်မှုပုံစံမျိုးစုံကို ဖြတ်သန်းခဲ့ရသလို အခွင့်အရေးအကန့်အသတ်တွေကြားမှာ အတွေးအခေါ် အသိအမြင်တွေ လက်ဆင့်ကမ်းရင်း ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ လူသိထင်ရှား အဖြစ်အပျက်တွေထက် မထင်မရှား ဆုံးရှုံးနစ်နာခဲ့ရမှုတွေက ပိုများပါတယ်။ အမှောင်ထုကြီးစိုးတဲ့အခါ တော်ရုံအလင်းရောင်က တိုးမပေါက်ပါဘူး။ ဒါပေမယ့် ရှေ့ပိုင်းမျိုးဆက်တွေရဲ့ လုပ်ဆောင်မှုတွေက တော်လှန်ရေးကို မျိုးစေ့ချခဲ့တာ ဖြစ်ပါတယ်။
မျိုးဆက်တိုင်းမှာ အားနည်းချက်၊ အားသာချက်တွေ ရှိပါတယ်။ အရာရာ ပြီးပြည့်စုံတဲ့ မျိုးဆက်ဆိုတာ မရှိပါဘူး။ ဉာဏ်အမြော်အမြင် ရှိတာချင်းတူရင်တောင် ပထမ မျိုးဆက်က အတွေ့အကြုံပိုရှိပြီး နောက်မျိုးဆက်က နည်းပညာတတ်ကျွမ်းမှု ပိုရှိပါတယ်။ ရှင်သန်ကြီးပြင်းရတဲ့ ကာလပေါ်မှာမူတည်လို့ ကွဲပြားတဲ့အသိအမြင်တွေလည်း ရှိနိုင်ပါတယ်။ ကျေးဇူးတင်ကြမယ်ဆိုရင်လည်း ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်ခဲ့သူများက နောက်လူတွေကျေးဇူးတင်ရမယ့်သူတွေပါ။
ဒီကနေ့ ကြုံနေရတဲ့ နွေဦးတော်လှန်ရေးဟာ တိုင်းပြည်ရဲ့နေရာအနှံ့က မျိုးဆက်အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်သလို မြန်မာ့သမိုင်းမှာ အညီညွတ်ဆုံး အာဏာရှင်တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံ ပျက်စီးရာပျက်စီးကြောင်း သပ်လျှိုသွေးခွဲမှုတွေကို အပြန်အလှန် လေးစားမှု၊ အပြန်အလှန်သင်ယူမှုတွေနဲ့ အင်အားအပြည့် ကျော်ဖြတ်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေက အမြစ်ပြတ် မောင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဟာ အကြီးမားဆုံး အင်အားဖြစ်ပါတယ်။
မမေ့ပါနဲ့၊ ငါတို့မှာ ငါတို့ ရှိပါတယ်။ ။
ထိန်လင်း
၂၂၊ ၂၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar