မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ ရက်မြောက်နေ့ မြင်ကွင်း

Photo Mindat Post, Htantalan, Feb 1st 2022
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၃၊ ၂၀၂၂မြို့အဖြစ်က ပျောက်ပျက်သွားနိုင်ချေရှိတဲ့ ထန်တလန်၊ ICJ ရဲ့ လျှောက်လှဲချက် ရုပ်သိမ်းခြင်း
လူဦးရေ ၂ သောင်းလောက်ရှိပြီး အိမ်ခြေထောင်နဲ့ ရှိတဲ့ ချင်းပြည်နယ် အနောက်ပိုင်း ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ မိုးရာသီက ပစ်ခတ်မှု မီးရှို့မှုနဲ့ ခရစ်ယာန်ဓမ္မဆရာတယောက်ကို စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက်မှာ မြို့နေလူထုက ရက်အနည်းငယ်အတွင်း စွန့်ခွာသွားခဲ့ကြရာက မြို့ပျက်လိုဖြစ်နေခဲ့တာ လနဲ့ချီရှိနေပါပြီ။ ထန်တလန်မြို့ဟာ ပြည်နယ်မြို့တော် ဟားခါးမြို့ကနေ ကားနဲ့၂ နာရီ ၃နာရီခရီးအကွာလောက် မှာရှိပြီး ချင်းပြည်နယ်ရဲ့ အစဥ်အဆက်ရှိခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ CNF နယ်မြေနဲ့ နီးစပ်ဆုံးမြို့တမြို့လည်း ဖြစ်ပါတယ်။
မြို့နေလူထု မြို့ကိုစွန့်ခွာသွားကြပြီးနောက် သီတင်းပတ်တွေ ခြားပြီးမကြာခဏ မီးလောင်ကျွမ်းမှုတွေ ဖြစ်နေလို့ မြို့ရဲ့ အိမ်ခြေအတော်များများ ပြာကျကုန်ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာလည်း ထန်တလန်မြို့က လူနေအိမ်တွေ မီးထပ်မံလောင်ကျွမ်းတယ်လို့ သတင်းတွေထဲပါလာပြန်ပါတယ်။ မြို့နေလူ ထုစွန့်ခွာသွားတဲ့ ထန်တလန်မြို့ဟာ စစ်ကောင်စီတပ်တွေရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းယူဖို့ ရှာဖွေဖို့ အဲဒီနောက် သက်သေအထောက်အထားတွေ ဖျက်ဆီးတဲ့ သဘော၊ တဖက်လက်နက်ကိုင်တွေကို ထောက်ခံတဲ့ မြို့ဆိုတဲ့ သဘောနဲ့ ပြစ်ဒဏ်ခတ် ဖျက်ဆီးတဲ့ အဓိပ္ပါယ်လို့ မှန်းဆရပါတယ်။ ဝိုင်းကြီးချုပ် အပြစ်ပေးခြင်းနဲ့ မြေလှန်ကာ လက်နက်ကိုင် ဆန့်ကျင်သူတွေကို မထောက်ခံရဲအောင် နမူနာ အဖြစ်လုပ်ပြတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ခိုးဝင်တယ်လို့ စစ်တပ်နဲ့ အမျိုးသားရေးဝါဒီတွေက ပြောဆိုကြတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေကိုလည်း ၂၀၁၇ ခုနှစ်တုန်းက အလားတူ မီးရှို့ပြီး မြေပုံပေါ်မှာ ကျေးရွာတွေမရှိတော့ အောင် လုပ်ဆောင်ခဲ့တာ သတင်းနဲ့ အဖြစ်အပျက်မှတ်တမ်းတွေမှာ ရှိပြီးဖြစ်ပါတယ်။ ဒီလိုလုပ်နည်းလုပ်ဟန်ဟာ မြန်မာစစ်တပ်အတွက် အသစ်အဆန်းတော့မဟုတ်ဘူးလို့ဆိုရမယ် ထင်ပါတယ်။
ခုတော့ ချင်းပြည်နယ်မှာ ထန်တလန်မြို့တင်မက မြို့နေလူထု အတော်များများ စွန့်ခွာတိမ်းရှောင်နေတဲ့ မင်းတပ်မြို့ကိုလည်း လူထုအနေနဲ့ မြို့ကို ပြန်လာမနေရင် နေအိမ်တွေသိမ်းဆည်းမယ်ဆိုတဲ့ သတင်းဖြန့်ဝေမှုတွေ စစ်ကောင်စီဖက်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထန်တလန်မြို့နေလူထုဟာ လက်နက်ကိုင် ပဋိပက္ခရှိနေသရွေ့တော့ ပြန်လာနေထိုင်ရဲကြမှာ မဟုတ်သလို အခုလို ပြန်လာရင်တောင် နေထိုင်စရာ နေအိမ်မရှိအောင် စစ်ကောင်စီတပ်တွေက မီးရှို့နေခြင်းက လူမဆန်တဲ့ လုပ်ရပ် တခုဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အမိန့်နဲ့ ညွှန်ကြားမှုအောက်က စစ်တပ်လို့ဆိုခဲ့ရင် အခုလိုမီးရှို့မှုကို တာဝန်ခံရမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားဧရိယာနဲ့ တိုင်းဒေသကြီးတွေမှာ ရှိတဲ့ အခြားသော မြို့ကြီးတွေလည်း မြို့ကိုစွန့်ခွာသွားကြမယ်ဆိုရင် အထက်က ထန်တလန်လို ဖျက်ဆီးခံရနိုင်ချေရှိတယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ သတင်းစကားလည်း စစ်ကောင်စီဘက်က ပါးလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ စစ်ကိုင်းတိုင်းက အချို့သောမြို့တွေကို စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ခံအားပေးရင်သော်လည်းကောင်း မြို့ကို စွန့်ခွာပြီး စစ်မျက်နှာအဖြစ်ဖွင့်လှစ်ကြမယ်ဆိုရင် အခုလို ကံကြမ္မာနဲ့ ကြုံရနိုင်တယ်ဆိုတာမျိုး ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့ အဖို့ နောက်သတင်းတပုဒ်ကတော့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ခုံရုံး ICJ မှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ်က လျှောက်လှဲခဲ့တဲ့ လျှောက်လှဲချက်ကို NUG အစိုးရဘက်က ပြန်ရုပ်သိမ်းဖို့ လျှောက်ထားတယ်ဆိုတဲ့ သတင်းပါ။ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာနှမ်နှင်းသတ်ဖြတ် မှုတွေအတွက် လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် ပြီးအိုင်စီဂျေကို တိုင်ကြားခဲ့တဲ့ အမှုကို NLD အစိုးရက မြန်မာနိုင်ငံကိုယ်စား၂၀၁၉ ခုနှစ်က နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့မှာ သွားရောက် ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
Myanmar Leaders and ICJ, 2019 |
မြန်မာနိုင်ငံက တရားခံ အဖြစ်အမှုစွဲဆိုခံရပြီး ထိုစဥ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင် လျှောက်လှဲခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကို စွဲဆိုတဲ့အမှု ဖြစ်တဲ့အတွက် ထိုစဥ်က နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် သွားရောက်ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သဘောထားကွဲလွဲမှု အချို့ရှိခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်းမှာ အနောက်နိုင်ငံတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။
ခုအခါမှာ NUG အစိုးရအနေနဲ့ ယခင်လျှောက်လှဲထားတဲ့ လျှောက်လှဲခုခံချက် ကို ပြန်ရုပ်သိမ်းတယ်လို့ တရားရုံးကို အသိပေးတင်ပြခဲ့ပြီး နိုင်ငံကိုယ်စားပြု အနေနဲ့ ၄င်းတို့အစိုးရ အနေနဲ့သာ တရားရုံးကိုတက်ခွင့်ပြုမယ့် အကြောင်းလည်း တင်ပြထားပါတယ်။ ဒီအချက်တွေက လုပ်ထုံးလုပ်နည်း ၊ သံတမန်ရေး ပရိုတိုကောလ် ၊ အသိအမှတ်ပြုခြင်းဆိုင်ရာ ကိစ္စရပ်ဖြစ်သော်လည်း အနှစ်သာရအားဖြင့်ဆိုရရင် ရခိုင်မှာ ကျူးလွန်ခဲ့တာတွေဟာ စစ်တပ်ခေါင်းဆောင်ရဲ့ အမိန့်ပေးမှုကို လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ရင်းတွေက သတ်ဖြတ် မီးရှို့ ၊ မုဒိမ်းကျင့်၊ နေအိမ်တွေ မီးရှို့ခဲ့တာ ဖြစ်လို့ စစ်တပ်ရဲ့ အမိန့်ပေးသူတွေကိုသာ တိုက်ရိုက်ရင်ဆိုင်စေသင့်တာ ဖြစ်ပါတယ်။
ပရိုတိုကောလ်အရ ၊ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှုအရ NUG က ရခိုင်အရေးကို ဝင်ဖြေရှင်းဖို့ လျှောက်ထားခြင်းဟာ ရည်ရွယ်ချက်ကို နားလည်နိုင်သော်လည်း မတူတဲ့အမြင်ရှုထောင့်က ကြည့်တဲ့အခါ မတူတဲ့ သဘောထားတွေ ဖြစ်ပေါ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar