ကိုသန်းလွင် — လူတို့၏သမိုင်းကြောင်း
ကိုသန်းလွင် — လူတို့၏သမိုင်းကြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၂
( ၁ )
လူ့သမိုင်း၏ အဖြစ်အပျက်များမှာ ကျွန်တော်တို့အဖို့ မေ့လျော့ကုန်ပါပြီ။ လူ (Homo Sapiens) တို့ ဖြစ်ပေါ်တည်ရှိခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်ရှိပါပြီ။ သို့သော် ထိုနှစ်များ၏များစွာသော အစိတ်အပိုင်း များ တွင် လူတို့ မည်သို့ နေထိုင်ခဲ့ကြသည်ကို မမှတ်မိနိုင်တော့ပါ။
စပိန်နိုင်ငံ အယ်တာမီယာ (Altamira) ဂူတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ကျော် (၂၅၀၀၀ - ၁၅၀၀၀ ဘီစီ) အတွင်းတွင် ရေးဆွဲခဲ့သော ပန်းချီကားများကို တွေ့ရှိခဲ့ကြပါသည်။ ထိုအချိန်က စိတ်ဝင်စားဖွယ် အဖြစ်အပျက်များဖြစ်ခဲ့မည်မှာ သေချာသော်လည်း ဘာတွေဖြစ်ခဲ့သည် ဟုအတိအကျ မသိရပါ။ လူတို့အဖို့ ကြီးစွာသောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့မှာ အမှန်ပင်ဖြစ်သော်လည်း ရိုးရိုးလူတို့အဖို့ စိတ်ဝင်စားဖွယ်မရှိပါ။ ကမ္ဘာကြီးတွင် ယနေ့ဖြစ်ရပ်များမှာ အလွန်ရှုပ်ထွေးနေခြင်း၊ လူအချင်းချင်း ဆက်ဆံရာတွင် ဆိုးရွားလွန်းခြင်း၊ စစ်ပွဲများမကြာခဏဖြစ်ရခြင်း၊ လူ့လောဘနှင့် အခွင့်အရေးယူလွန်းခြင်းများမှာ များပြားလွန်းနေပါသည်။ ဤကဲ့သို့သော အပြုအမူမှာ တလျှောက်လုံး လူ့အပြုအမူများပေလော၊ သို့မဟုတ် ကာလတခုတွင် အပြောင်းအလဲဖြစ်ခဲ့ကြလေသလော။
( ၂ )
ပထမဦးဆုံးခေတ်သစ်တွင် ဤမေးခွန်းကို မေးခဲ့သူမှာ ဆွစ်- ပြင်သစ်လူမျိုး မစ္စတာရူးဆိုး (Jean Jacque Rousseau)ဖြစ်ပါသည်။ ၁၇၅၄ ခုနှစ် အက်ဆေးပြိုင်ပွဲတခုတွင် ပါဝင်ယှဉ်ပြိုင်ရေးသားခဲ့ရာတွင် လူသည် အမဲလိုက်၍ အသက်မွေးဝမ်းကျောင်းပြုခဲ့စဉ်က ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းစင်ခြင်းမျိုးသာရှိခဲ့ပါသည်။ အားလုံး တန်းတူမျှတူ ဖြစ်ရမည်ဟု သဘောပေါက်ခဲ့ကြခြင်းမှာ လူအုပ်စုတစ်ခုစီသာ နေကြပြီး တကွဲတပြားစီဖြစ်နေသောကာလမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးကို တွေ့ရှိပြီး လူ့ယဉ်ကျေးမှုများကို တည်ဆောက်၍ မြို့ကြီးများ ပေါ်လာပြီးသည့်နောက်တွင်မှ ထိုသို့ လူတို့အချင်းချင်း ရိုင်းပင်းကူညီမှုများ ပျောက်ဆုံးသွားခြင်း ဖြစ်ပါသည်။ မြို့ကြီးများတွင် နေထိုင်သည် ဆိုရာဝယ် စာအရေးအသားများ ပေါ်ပေါက်ပြီး ဖီလိုဆိုဖီနှင့် သိပ္ပံပညာရပ်များ ထွန်းကားနေပါ ပြီ။ ထို့နောက် စစ်တပ်ကြီးများ ပေါ်ပေါက်လာပါသည်။ လူအချင်းချင်း သတ်ဖြတ်မှုများရှိလာကြပြီး လူ့ဘဝအတွက် မကောင်းသောအရာများ ပေါ်ပေါက်ခဲ့ကြပါသည်။
ရူးဆိုး၏ အက်ဆေးမှာ ပြိုင်ပွဲတွင် အရွေးမခံခဲ့ရပါ။ သို့သော် သူပြုစုခဲ့သော ကျမ်းစာသည် အသက်ရှင်နေခဲ့ပြီး ဒိုင်းမွန်း (Jared Diamond) ဖူကူရားမား (Francis Fukuyama) ဟာရာရီ (Harari) ကဲ့သို့သော လူ့သမိုင်း ရေးသူတို့အတွက် လိုက်နာရန် ဘလူးပရင့် ဖြစ်လာခဲ့သည်။ ထိုစာရေးဆရာများက လူတို့၏မညီမျှမှုများကို အပို ပစ္စည်းအများကြီးရှိသည့် လူ့လောကတွင် နေရခြင်း၏ အကျိုးတရားအဖြစ် ရေးလာကြသည်။ ဟာရာရီ၏ (Sapiens) စာအုပ်တွင် စိုက်ပျိုးရေး ပေါ်လာပြီးသည့်နောက် စိုက်ပျိုးသူတို့က ထုတ်လုပ်လိုက်ကြသည့် အပိုပစ္စည်းကို သုံးစွဲ ရန်ဘုရင်များ၊ အုပ်ချုပ်သူများနှင့် လောဘဖြစ်နေသူများ အလျှိုလျှို ပေါ်လာကြသည်ဟုရေးခဲ့သည်။
အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်ပြည် စသည်တို့မှ ရှေးဟောင်းပစ္စည်း တူးဖော်လာရာမှ ထိုအဆိုကို အတည်ပြုသောအချက်များ တွေ့ရှိလာရသည်။ တစ်နေရာတည်းတွင် လူအများကို စုဝေးထားလိုက်ပါက လူတို့သည် အချင်းချင်း ခွဲခြမ်းစိတ်ဖြာကြပြီး မတူညီသော လူ့အလွှာများ ပေါ်ပေါက်လာပါသည်။ မတူညီမှုများမှာဘုရားကျောင်းများ၊ နန်းတော်ကြီးများ တူးဖော်ရာတွင် အထင်အရှားတွေ့ရပါသည်။ လူ့ယဉ်ကျေးမှုသည် (Package) သဖွယ် အထုပ်လိုက်လာပြီး အုပ်ချုပ်သူလူတန်းစား၊ ကျွန်၊ ငွေတိုးချေးစားသူတို့ပေါ်ပေါက်လာသလိုအနုပညာနှင့် တက် စခနိုလိုဂျီ သိပ္ပံအတတ်ပညာများကိုပေါက်ဖွားလာပါသည်။
ထိုကဲ့သို့ မကောင်းမြင်သောဘက်ကကြည့်လျှင်လည်း လူ့သမိုင်းသည် ယုတ္တိရှိသယောင်ထင်ရပါသည်။ တကယ်စင်စစ် စိုက်ပျိုးရေးလုပ်ပြီးလုပ်ကိုင်စားသောက်၍ကျေနပ်နေမည်ဆိုလျှင် ပစ်ဂမီ တို့လို၊ Kalahari Bush man လိုအဆင့်နှင့်နေလျင်လည်းရပါသည်။ သို့သော်နယူးရော့၊ လန်ဒန်၊ ရှန်ဟိုင်းတို့လိုမြို့ကြီးများတွင်နေမည် ဆိုလျင်တော့ လူ့ယဉ်ကျေးမှု၏အကောင်းဆုံးအသီးအပွင့်များနှင့် ကောင်းသောအရာများကိုတစုတဝေးကြီးတွေ့ ရပါလိမ့်မည်။ သို့သော် ထိုကောင်းသောအရာများနှင့်အတူ မကောင်းသောအရာများကိုလည်း သင်လက်ခံရပါ လိမ့်မည်။ တချို့က မိမိတို့ချမ်းသာသမျှကို အာဏာပါ၀ါအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသဖြင့် သင်သည် မြို့ကြီးများတွင် နေထိုင်ရသည်မှာ မညီမျှမှုများကို ကြုံတွေ့ရမည် ဖြစ်ပါသည်။ သင့်ဆန္ဒတွေသည် ဘာမှအရေးမကြီးသလို၊ သင့်ဘဝသည် ဘာမှအရေးမပါသလိုခံစားရပါလိမ့်မည်။
ကျွန်တော်တို့က ဤနည်းဖြင့်မဟုတ်သော၊ မတူကွဲပြားသည့်နည်းဖြင့် လူ့သမိုင်းတိုးတက်လာပုံကို ဖော်ပြချင်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များက မနုဿဗေဒပညာရှင်များ တူးဖော်ရရှိသေ ာအချက်အလက်များကို ကြည့်ပါက အထက်ပါလူ့သမိုင်းရေးသူတို့နှင့်ကွဲလွဲသောအဖြေကိုရရှိခဲ့ပါသည်။ အများသောအားဖြင့် လူတို့သည် သာတူညီမျှအေးချမ်းစွာနေခဲ့ကြသည်ကများပါသည်။ တချို့နေရာများတွင်လူတို့သည်ရာစုပေါင်းများစွာကြာကြာ ဘုရားကျောင်းများ၊ နန်းတော်ကြီးများကို ဆောက်စရာမလိုဘဲ နောက်ပိုင်းမှသာ တည်ဆောက်ခဲ့ကြကြောင်း သိလာရပါသည်။ လူတစ်ဦးကို တစ်ဦး လွှမ်းမိုးအုပ်ချုပ်ခဲ့ကြသည်ဟူသော အရိပ်အယောင်ကို မတွေ့ခဲ့ရပါ။ အုပ်ချုပ်သော နိုင်ငံရေးရာအဖွဲ့အစည်းဟူလည်း မရှိခဲ့။ ထို့ကြောင့် ယခင်က ကျွန်တော်တို့ မမြင်ခဲ့ရသော အတိတ်ကာလက ဘဝများတွင် သာတူညီမျှနေခဲ့ရခြင်းဆိုခြင်းက ကျွန်တော်တို့ကို မျက်စိပွင့်စေပါသည်။
မြို့ကြီးများ ပေါ်ပေါက်လာခြင်းမှာ လူ့သမိုင်းတွင် တဆင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ ကျော်ကစ၍ လူအများ အစုလိုက်အပြုံလိုက် နေခြင်းကိုတွေ့ခဲ့ရပါသည်။ သိပ္ပံလက်မှုအတတ်ပညာ တိုးတက်လာခြင်း၏ ပြယုဂ် ဖြစ်ပါသည်။ စိုက်ပျိုးရေးတွင် လွန်စွာ အောင်မြင်လာခြင်း၏ သက်သေလည်း ဖြစ်ပါသည်။ ထိုတိုးတက်မှုများက လူများစွာကို တနေရာတည်းတွင် စုဝေးနေထိုင်ရန်အခွင့်အရေးကို ဖြစ်စေခဲ့ပါသည်။
ထိုမြို့ကြီးများတွင် ဘီးတပ်သောယာဉ် မရှိပါ။ ရေထဲ၌ သွားခဲ့သောလှေ မရှိခဲ့။ သတ္တုကို နိုင်နင်းပုံလည်း မပေါ်ဘဲ ဗျူရိုကရေစီဆိုသည်မှာ အဝေးကြီးဖြစ်ပါသည်။ အဆောက်အဦများမှာ မြူနီစီပါယ် အရည်အသွေးကို ပြသကြပါသည်။ လူအများ စုပေါင်းနေထိုင်ပြီး စနစ်ကျသော အဆောက်အဦများကိုသာ တွေ့ရပါသည်။ သူတို့ အဓိက အလေးထားကြသည်မှာသူတို့၏ လူမျိုးနွယ်ကိုစခဲ့သည့် ရှေးဦးလူများ၊ ဘုရားသခင်နှင့် ဟီးရိုးများသာဖြစ်ပါသည်။ တရုတ်ပြည် ရှန်ဒေါင်းဒေသတွင် လူတို့ နေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်ချီ၍ကြာမြင့် ခဲ့ပါသည်။ ၄င်းတို့မှာ တော်ဝင်မိသားစုများ မပေါ်လာမီ အကြာကြီး ရှည်ကြာမြင့်သည့်ကာလက ဖြစ်ပါသည်။
ထိုလူနေမှုစနစ်ကို တခုတည်းဖြစ်အောင် မည်သို့ စုစည်းထားခဲ့ပါသနည်း။ ဘုရင်များ၊ စစ်သားများ ဗျူရို ကရက်များ မဟုတ်လျှင် ဘယ်သူတွေဖြစ်မည်နည်း။ တူးဖော်သူများက ပင်လယ်နက်၏မြောက်ပိုင်း အရှေ့ဥရောပတွင် မက်ဆိုပိုတေးမီးယားကဲ့သို့သော မြို့တော်ကြီးကို တွေ့ရှိခဲ့ကြပါသည်။ အချိန်မှာ ၄၁၀၀ ဘီစီခန့်ကဖြစ်ပါ၏။ ယခု ဆီးရီးယားနှင့် အီရတ်တို့ရှိရာနေရာများတွင် ယူကရိန်းနှင့် မိုနီးဗား (Mondova ) မြို့တော်ကြီးများ တည်ရှိခဲ့ကြပါသည်။ သူတို့မြို့တည်ပုံမှာ မြို့တော်၏ အဆုံးဟူ၍မရှိ အစဟူ၍မရှိ စက်ဝိုင်းပုံများဖြစ်ပြီး တစ်ဝိုင်းနှင့် တစ်၀ိုင်း ပို၍ပို၍ကြီးသွားကြပါသည်။ အဆုံးအိမ်၊ အစအိမ်ဟူ၍ မရှိသော်လည်း လူအများ တွေ့ဆုံရန်နေရာတွင်တော့ အဆောက်အဦများ ရှိကြပါသည်။
ထိုယူကရိန်း မြို့တော်များမှ သစ်တော၏ အစပ်၌ ရှိပြီး စိုက်ပျိုးပင်များ အကောင်အလှောင်မွေးသူများနှင့် သမင်လိုက်သူများ၊ ဝက်ဝံအရိုင်းများကို ဖမ်းသူများ နေကြပါသည်။ ဆား၊ မီးခတ်ကျောက်နှင့် ကော့ပါးကိုတ ခြား နေရာများမှ ဝယ်ယူကြပါသည်။ ဥယျာဉ်ခြံများ စိုက်ကြပြီးစပါး၊ ဂျုံ၊ အက်ပဲ၊ ဘယ်ရီသီးစသည်တို့ကိုစိုက်ပျိုးကြ ပါသည်။ သူတို့ သုံးသော ပန်းကန်ပြားများမှာ ရှေးလူတို့သုံးသော ကြွေထည်များဖြစ်ပြီး ဒီဇိုင်း အလွန်လှပါသည်။
သူတို့တွင် မိမိတို့၏အပိုပစ္စည်းများကို သိမ်းဆည်းကြသော်လည်း နှစ်ပေါင်း ၈၀၀ ကျော်ကြာသည့်တိုင် စစ်ရေးစစ်ရာများ၊ တိုက်ခိုက်သိမ်းပိုက်ခြင်းများကို မတွေ့ရပါ။ မြို့ကြီးတည်ထောင်ရန် ကြိုးစားခြင်းများလည်း မရှိခဲ့ကြပါ။
ထိုယူကရိန်းမြို့တွင် ဘီစီ ၄၁၀၀ မှ ၃၃၀၀ ဘီစီအထိ လူအများ နေထိုင်ခဲ့ကြပါသည်။ ထိုသူတို့သည် မြို့ ကြီးများတွေ့ရသည့်အထဲတွင် လူနေအကြာဆုံးမြို့များ ဖြစ်ပါသည်။ ထိုမြို့များတွင် လူတို့သည် မနေထိုင်ကြတော့ဘဲ စွန့်လွှတ်သွားခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသည်ကိုတော့ မသိနိုင်ပါ။ သူတို့ဥပမာက ကျွန်တော်တို့ကို သင် ခန်းစာပေးနေသည်မှာ ထိုကဲ့သို့ သာတူညီမျှ အေးချမ်းစွာနေထိုင်နိုင်ဖို့ ဖြစ်နိုင်သည်ဟူသော အယူအဆဖြစ်ပါ၏။
ထိုကဲ့သို့ အတိတ်ကာလက အေးချမ်းစွာ နေထိုင်ခဲ့ကြသော လူအဖွဲ့အစည်းရှိခဲ့သည် ဆိုခြင်းသည် ယနေ့ ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုပါသနည်း။ အထူးသဖြင့် ၂၀၀၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်၏ နောက်ပိုင်းတွင် လူလူချင်း မညီမျှမှုသည် ဆိုးဝါးခဲ့ပါသည်။ ဤသို့ လူတန်းစားမညီမျှခြင်းသည် ရေရှည်စိတ်ဝမ်းကွဲစရာ ဖြစ်ခဲ့ပါသည်။ ပစ္စည်းဥစ္စ ာရှိသူနှင့် မရှိသူတို့၏ ကွာဟမှုသည် ကမ္ဘာတဝန်းလုံး၌ နိုင်ငံရေးအားဖြင့် ကွဲလွဲကြရသည့် အဓိကအရင်းခံအကြောင်း ဖြစ်လာခဲ့ပါသည်။
( ၃ )
ယနေ့ ဖြစ်ပေါ်နေသော မြို့ကြီးများကိုကြည့်လျှင် ရှေးခေတ်ကို လွမ်းစရာဖြစ်တော့သည်။ ဂါးဒင်းစီတီများ၊ စားစရာ သောက်စရာ အလျှံပယ်ဖြစ်နေသော အိမ်များ၊ စူပါဘလော့ ခေါ် ကားမဝင်ရသော ရပ်ကွက်များကိုပြန်လည်တည်ဆောက်ရန် ဖြစ်နိုင်ပါသေးသည်။ မညီမျှမှုများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဤမြို့ပုံစံများမှာ ဖြစ်နိုင်ဖွယ် ရှိလာပါသည်။ လူတို့တွင် နိုင်ငံရေးအရဖြစ်လိုသော (Political will) သာ လိုပါသည်။ ပုံစံသစ် ကမ္ဘာကို ထူထောင်ကြမည်ဆိုလျှင် ရှေးကပုံစံအဟောင်းသည် ရှိနေပြီး ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Ancient History Shows how we can create a more equal world, David Graeber, David Wengrow, New York Times Nov 13 2021.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar