Breaking News

သုထက်စျာန် - သွေးချည်ဥတွေနဲ့ ကမ္ဘာကြီး


သွေးချည်ဥတွေနဲ့ ကမ္ဘာကြီး
သုထက်စျာန်
(မိုးမခ)ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

(၁)

လှိုင်းပုတ်သွားတဲ့ ညနေခင်းတွေမှာ အလိုက်မသိလွင့်မျောနေမိတဲ့ ဒိုက်ကလေးတွေ ဟိုတစ ဒီတစ။ မဖြောင့်တဲ့မြစ်ကြောင်းမှာ တိတ်ဆိတ်ငြိမ်သက်မိတဲ့ပျော်ဝင်မှုလေးတွေလည်းရှိပါရဲ့။ ညနေဆည်းဆာထဲ ပျံသန်းနေတဲ့ ရောင်စုံတိမ်တိုက်လေးတွေလည်း အိပ်မက်ကိုယ်စီသီလျက်။ အသော့နှင်လာတဲ့ လေ တိုးသံလေးတွေက သစ်ရွက်ဂီတကို ဖွဲ့နွဲ့နေတယ်။ ရုတ်တရက်ထပျံသွားတဲ့ငှက်ကလေးတွေမှာ ဒဏ်ရာတချို့တလေ ကိန်းဝပ်နေခဲ့သလား။

(၂)

အကျည်းတန်နေတဲ့ ကမ္ဘာကြီးထဲမှာ အထီးကျန်နေတဲ့သူတွေ ​ပြည့်သိပ်နေလျက်။ အစားထိုးစိုက်ခင်းတွေနဲ့အံဝင်လာတဲ့ ယဥ်ကျေးမှုတွေကြား သဘာဝဟာ မှေးမှိန်ပျောက်ရှလို့။ လမ်းမီးတိုင်လေးတွေက သူ့တကိုယ်ရည်ဝပ်ကျင်းလေးတောင် မကာကွယ်နိုင်ခဲ့။ ခေတ်ဟောင်းရေဒီယိုတလုံးနဲ့ ကျေးလက်က အဘိုးအိုတယောက်ရဲ့အပြုံးတွေက လျှို့ဝှက်လွန်းနေသလိုပဲ။ တခါတရံဆွေးမြည့်နေတဲ့မျက်ဝန်းတွေကလည်း ထိတ်ထိတ်လန့်လန့်။ လွဲချော်မှုမြစ်ကျဥ်းထဲကူးခတ်နေတဲ့ ရေပျော်ငါးတွေရဲ့ဓလေ့ဟာ ရှင်သန်မှုတခုလား။ သေဆုံးခြင်းလား။ ကံဟာ ရိုးမယ်ဖွဲ့စရာ လက်သုံးစကားဖြစ်လာခဲ့တယ်။

(၃)

ငိုနေတဲ့ကောင်းကင်ကို မြင်ဖူးတယ်။ တောင်ကုန်းမို့မို့လေးပေါ် မြက်ရိုင်းလေးတွေ ညှိုးရော်ခြောက်ကပ်နေပုံက မိုးကုပ်စက်ဝိုင်းကို မသတီသလိုကြည့်နေကြတယ်။ နှုတ်ဆက်ဖို့တွန့်ဆုတ်နေတဲ့ နေမင်းကြီးရဲ့သက်ပြင်းချသံကို ကြားမိကြလား။ တဖန်မွေးဖွားလာဖို့သေဆုံးခြင်းကို ရွေးသွားခဲ့။ နံနက်ခင်းပွင့်ဖို့ စောင့်မျှော်နေတဲ့ပန်းကလေးတွေ အစီအရီ။ ဒီတညတော့ မက်နေကျအိပ်မက်တခုနဲ့ အိပ်မောကျနေတော့မယ်။ မလှပတဲ့ညတွေထဲဂွတ်ဒ်နိုက်ဆိုတဲ့စကားတခွန်းက သိပ်ရယ်စရာကောင်းပါတယ်။ လရောင်ဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့...။

(၄)

အပိုင်းပိုင်း အစစ ဖွာလန်ကျဲပြန့်နေတဲ့ ကြမ်းပြင်ကြီးကို ငေးမောနေမိတယ်။ အတွေးက မဆုံးဘူး။ တခါတလေ ရပ်ရပ်သွားသလို။ ပဲ့တင်ထပ်သံတွေလည်း ကြားနေရ။ သတင်းတခုက ကမ္ဘာကြီးကို လှုပ်နိုးလိုက်ပြီ။ ချက်ချင်းဆိုသလို ပွင့်နေတဲ့ပန်းကလေးတွေ ညှိုးသွားသလားပဲ။ အို...ကမ္ဘာကြီးရေ ။ ရင်နင့်စရာမြင်ကွင်းတွေ အများကြီးပေါ့။ လက်ဝါးကြီးအုပ်ချင်တဲ့ လူမဆန်မှုတွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးပူနွေးလာခဲ့တယ်။ ငိုနေတဲ့ မျက်လုံးတွေ။ပြေးနေတဲ့ ခြေထောက်တွေ။ အော်ဟစ်နေတဲ့အသံတွေ။ မြင်ကွင်းတွေက အနိဋ္ဌာရုံတွေ။စစ်ပွဲတွေက ဘယ်အထိများ ရှင်သန်နေအုံးမှာလဲ။

(၅)

မျက်လှည့်ဆန်တဲ့ယဥ်ကျေးမှုတွေနဲ့ တယောက်ကျောကို တယောက်ထိုးစိုက်နေကြတဲ့ လူ့အဖွဲ့စည်းကြီးထဲယုံကြည်ခြင်းကိုစိုက်ပျိုးလို့မရခဲ့။ တယောက်တပြန် ငါးစာချရင်း စောင့်ကြည့်နေတဲ့အပြုံးတွေ သိပ်ကိုကြောက်စရာကောင်းတယ်။ တဖြည်းဖြည်းကမ္ဘာကြီးရဲ့တိမ်းစောင်းမှုတွေဟာ မတရားမှုတွေကွန်းခိုရာအရပ်တခုလေလား။

ကမ္ဘာကြီး၏ အဘိဓာန်
သုထက်စျာန်

ကမ္ဘာအိုအိုကြီးထဲ
`စစ်ပွဲ´ တွေက မအိုနိုင်တော့
ပြက္ခဒိန်များစွာ
မျက်ရည်ဆမ်းလို့ခုန်ပေါက်နေရ။

ငြိမ်းချမ်းရေးဆိုတာ
အလိုမတူပဲယူထားတဲ့ သန္ဓေတစ်ခုပေါ့
သွေးချည်ဥတာပဲ အဖတ်တင်တယ်။

နောက်ကွယ်က တရားမှာ
ကမ္ဘာကြီးကို
ကျည်ဆန်တွေနဲ့ ချည်လို့....။ ။


သုထက်စျာန်
26.2.2022
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar