မောင်မောင်စိုး - စစ်ဝါဒ (သို့မဟုတ်) ရုပ်ကြမ်းဝါဒ
(မိုးမခ) ဖေဖော်၀ါရီ ၂၆၊ ၂၀၂၂
ပြီးခဲ့သော စစ်ပွဲများတွင် စစ်ပွဲဆင်နွှဲသူ အင်အားကြီးနိုင်ငံများသည် သူတို့၏ စစ်လက်နက်အင်အားနှင့် မြင့်မားသည့်နည်းပညာများပေါ်တွင်သာ ဦးစားပေးတွက်ချက်လေ့ရှိသည်။ သူတို့နှင့်ရင်ဆိုင်ရမည့်နိုင်ငံနှင့် ထိုနိုင်ငံအားကူညီမည့် အင်အားကြီးနိုင်ငံများ၏ စစ်လက်နက်စွမ်းပကားနှင့်တုန့်ပြန်နိုင်စွမ်းကိုသာ ထည့်သွင်းတွက်ချက်လေ့ရှိသည်။ ပြောရလျင် သူတို့သည် ရုပ်ဝတ္ထုစွမ်းပကားပေါ်တွင်သာ အမှီပြုတွက်ချက်လေ့ရှိသည်။ သူတို့တိုက်ခိုက်မည့် တိုင်းပြည်ရှိ လူထု၏ စိတ်ဓါတ်အင်အားကို ထည့်သွင်းတွက်ချက်ရန် အစဉ်အမြဲပျက်ကွက်နေလေ့ရှိသည်။ သို့မဟုတ် လျှော့တွက်လေ့ရှိကြသည်။ ဤအမှားကျူးလွန်ရာတွင် စစ်လက်နက်နှင့်နည်းပညာအင်အားကြီးသည်ဟု သတ်မှတ်ခံရသည့် အမေရိကန်ဖြစ်စေ၊ ရုရှားဖြစ်စေ အတူတူသာဖြစ်သည်။
လက်ရှိ ယူကရိန်းစစ်ပွဲတွင် ရုရှား၏အကြောင်းပြချက်သည် လက်ခံနိုင်ဖွယ်မရှိဟုဆိုနိုင်သည်။ ရုရှားသာမက အမေရိကန်တို့၏ အီရတ်စစ်ပွဲအတွက် အကြောင်းပြချက်သည်လည်း မခိုင်လုံခဲ့ပါ။ အီရတ်တနိုင်ငံအားလုံးအား မွှေနှောက်ရှာဖွေခဲ့သော်လည်း ဖျက်အားပြင်းလက်နက်ဆိုသည်များကို ရှာမတွေ့ခဲ့ကြပေ။ သူတို့အတွက် အကြောင်းပြချက်ထက် ပြသနာကို စစ်အင်အားသုံး၍ အနိုင်ယူဖြေရှင်းရန်လိုသည်ဟူသည့် စဉ်းစားချက်က အဓိကဖြစ်နေခဲ့သည်။
စစ်ပွဲများကို စတင်ခဲ့သည့် အမေရိကန်၊ ရုရှားစသည့် အင်အားကြီးနိုင်ငံများအတွက် ပြသနာကို စစ်အင်အားသုံး၍ဖြေရှင်းရာတွင် စစ်ပွဲကို အနိုင်ရနိုင်သည့် ရုပ်ဝတ္ထုအကြောင်းအချက်များအပေါ်တွင် ပိုအလေးထားကြသည်။ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့တွင် တွေ့ရသကဲ့သို့ ယူကရိန်းစစ်ပွဲတွင်လည်း ယူကရိန်း၏ မြို့ကြီးပြကြီးများအပါ အချက်အခြာနေရာများ၊ အဓိက ဆက်သွယ်ရေးလမ်းကြောင်းများအား အချိန်တိုအတွင်း ရုရှားစစ်တပ်က ထိမ်းချုပ်နိုင်သည်ကိုတွေ့ရပေအုံးမည်။ သို့သော် ဤသို့ထိမ်းချုပ်နိုင်ခြင်းသည် ယူကရိန်းစစ်ပွဲ၏ အဆုံးမဟုတ်ပေ။ ယူကရိန်းစစ်ပွဲ၏ အစမျှသာဖြစ်ပေလိမ့်မည်။ ဤအချက်အား အီရတ်တွင်၎င်း၊ အာဖဂန်တွင်၎င်း တွေ့ခဲ့ရပြီဖြစ်သည်။ လက်တွေ့တွင် သူတို့၏ သာလွန်သော စစ်လက်နက်အင်အားနှင့် မြင့်မားသော စစ်လက်နက်နည်းပညာများသည် မြို့ကြီးပြကြီးများ၊ စစ်ရေး၊ စီးပွားရေးအချက်အခြာနေရာများ၊ အရေးပါသောဆက်သွယ်ရေးလမ်း ကြောင်းများအား ထိမ်းချုပ်နိုင်သော်လည်း ထိုတိုင်းပြည်ရှိလူထုအား ထိမ်းချုပ်ရန် မစွမ်းဆောင်နိုင်ပေ။
လက်တွေ့တွင် ရုပ်ဝတ္ထုသည်သာ အင်အားမဟုတ်ပေ၊ လူထု၏ ပြင်းပြသည့်စိတ်ဓါတ်သည်လည်း အင်အားတရပ် ခွန်အားတရပ်ဖြစ်ပေသည်။ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာသာလွန်မှုကသာ အဆုံးအဖြတ်ပေးသည်ဆိုပါက ရုရှားသည်၎င်း၊အမေရိကန်သည်၎င်း အာဖဂန်နစ်စတန်မှ ဆုတ်ခွာကြရမည်မဟုတ်ပေ။ ရုရှားနှင့်အမေရိကန်ကြားတွင် မည်မျှ မတူညီမှုများရှိသည်ဖြစ်စေ၊ အာဖဂန်နစ်တန်ပြသနာကို ချဉ်းကပ်ပုံ မည်မျှကွာသည်ဖြစ်စေ၊ အာဖဂန်အား အင်အားသုံးတိုက်ခိုက်ခြင်းနှင့် အာဖဂန်မှ အဆုံးသတ်မလှမပနှင့် ဆုတ်ခွာရခြင်းကအတူတူဖြစ်သည်။ သူတို့သည် သာလွန်သောစစ်အင်အားနှင့် အာဖဂန်၏ အချက်အခြားနေရာများကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ကြသော်လည်း သူတို့ထင်သကဲ့သို့ စစ်ပွဲသည် ပြီးဆုံးမသွားဘဲ ထိုအချိန်ကျမှ တကယ့်စစ်ပွဲစတင်သောကြောင့်ဖြစ်သည်။
ကွန်မြူနစ်များအား ရုပ်ဝါဒီများအဖြစ် စွပ်စွဲလေ့ရှိကြသည်။ လက်တွေ့တွင် ကွန်မြူနစ်ဆိုသူများထက်များစွာ ဆိုးဝါးသော စစ်ဝါဒီများ၊ ရုပ်ကြမ်းဝါဒီများတွေ့နေရသည် ။ ထိုသူများသည် စစ်ပွဲများကို ပြင်ဆင်ရာတွင်၎င်း၊ ဆင်နွှဲရာတွင် လူထု၏ စိတ်ဓါတ်ခွန်အားကို ထည့်သွင်းတွက်ချက်ရာတွင် လျှော့၍တွက်ကြသည်။ သို့မဟုတ် အလေးထားတွက်ချက်လေ့မရှိကြပေ။ ၎င်းတို့အား ထောက်ခံသူ (သို့မဟုတ်) ၎င်းတို့စကားနားထောင်သူများအား လူထုအားကိုယ်စားပြုသည်ဟု လွဲမှားစွာမှတ်ယူထားကြသည်။ ၎င်းတို့ သည် ဓနအင်အား၊ စစ်အင်အား၊ စစ်လက်နက်အင်အား၊ နည်းပညာအင်အားများပေါ်တွင်သာ အမှီပြုသည့် လက်တွေ့တွင် ရုပ်ကြမ်းဝါဒီများဖြစ်နေကြသည်။ ချို (ဂျို) ရှိသူက ချို (ဂျို) အားကိုးပြီး ခွာရှိသူက ခွာအားကိုးသည့် တောရိုင်းဥပဒေသကို ကျင့်သုံးနေကြသည်။
အာဖဂန်နစ်စတန် ဥပမာအရ အာဖဂန်နစ်စတန်မှ မရှုမလှ ဆုတ်ခွါခဲ့ကြရသော ရုရှားသည်၎င်း၊ အမေရိကန်သည်၎င်း ထိုတိုင်းပြည်ရှိ လူထု၏ စိတ်ဓါတ်ခွန်အားကို တွက်ချက်ရာတွင် အရှုံးသမားများဖြစ်ခဲ့သည်။ ၎င်းသည် စစ်ဝါဒ ၏အရှုံးဖြစ်သည်။ ရုပ်ကြမ်းဝါဒ၏ အရှုံးလည်းဖြစ်သည်။
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar