မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၂
လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ တကျော့ပြန် နှိပ်စက်ဦးမယ့် ကိုဗစ်စတုထ္ထလှိုင်းလို့ပဲ ဆိုချင်ပါတော့တယ်။ ဖေဖေါ်ဝါရီလဆန်းပြီး ပထမသီတင်းပတ်မှာကတည်းက ရန်ကုန်မြို့မှာ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်က အရှိန်နဲ့ ပျံ့နှံ့စပြုနေပြီ ဖြစ်ပါတယ်။ အဲဒီရက်က စစ်ကောင်စီရဲ့ နေ့စဥ်ထုတ်ပြန်နေတဲ့ အတည်ပြုကူးစက်ခံရတဲ့ လူနာအရေအတွက်မှာ သိသိသာသာ မပြသေးပေမယ့်လည်း လမ်းမတွေမှာ အချက်ပေးသံနဲ့ ဖြတ်သန်းသွားတဲ့ လူနာတင်ယာဥ်တွေရဲ့ အသံက သိသိသာသာ စိပ်လာတာကို အဲဒီရက်ကတည်းက သတိပြုမိပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုနေ့မှာ အခမ်းအနားတွေ နေပြည်တော်မှာ ဗိုလ်ရှူသဘင်တွေလုပ်ဖို့ ပြင်ဆင်ထားတာကြောင့် ကျန်းမာရေးဌာနက ကိန်းဂဏန်းတွေကို လျော့ပြီးထုတ်ပြန်ရတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တချက်ကတော့ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြိုလဲလုနီးနီးဖြစ်နေတာကြောင့်လည်း ကူးစက်ခံရသူတွေ ၁၀ ယောက်မှာ တယောက်တောင် မြို့နယ်ကျန်းမာရေးဌာနကို သတင်းပို့ဖို့ စစ်ဆေးခံဖို့ မသွားကြပဲ မိမိတို့အိမ်မှာ နီးစပ်ရာ အရပ်ဆေးခန်းမှာ ငွေကြေးတတ်နိုင်သူတွေက ပုဂ္ဂလိကဆေးရုံမှာ ပြသကြတာကြောင့် ဖြစ်ပျက်နေတဲ့ကိန်းဂဏန်းတွေက ထုတ်ပြန်တဲ့အရေအတွက်တွေထဲ မပါနိုင်တော့တာ ဖြစ်ပါတယ်။
မနေ့တနေ့က ပြည်ထောင်စုနေ့အခမ်းအနားတွေလည်းပြီးသွားချိန်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်တဲ့ ကိန်းဂဏန်းက ရုတ်တရက်တိုးသွားပြီး ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ တွေ့ရှိတဲ့အရေအတွက်က ကူးစက်အတည်ပြုဦးရေ ၁၈၀၀ ဖြစ်သွားခဲ့ပါတယ်။ တကယ့်မြေပြင်မှာဖြစ်ပွားနေတဲ့အရေအတွက်က သောင်းဂဏန်းကျော်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ မိမိတို့ အိမ်နီးချင်း၊ မိတ်ဆွေတွေအထဲ၊ မိမိတို့နေအိမ်တွေမှာတောင် တအိမ်မှာ တယောက်ကူးစက်ခံရတဲ့နောက် တအိမ်လုံး ရက်အနည်းငယ်အတွင်း ထပ်ဆင့်ကူးစက်ခံကြရပြီး ဘယ်ကျန်းမာရေးဌာနမှ စာရင်းမပေးကြတာတွေ့ရတာဖြစ်ပါတယ်။
ခုတကြိမ် ကိုဗစ် outbreak ဖြစ်ပေမယ့် ရန်ကုန်မြို့လိုမျိုးကိုလည်း နေအိမ်မှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံရုံသာ လိုက်ကြေညာတာ တွေ့ရပြီး အရင်လို stay at home အမိန့်တွေထုတ်ပြန်တာ မလုပ်တော့တာ သတိပြုမိပါတယ်။ ခုတခါ ကူးစက်ပျံ့နှံ့တဲ့ အိုမီခရွန်မျိုးကွဲက ရောဂါလက္ခဏာ မပြင်းထန်တာ၊ အောက်စီဂျင်ကျတဲ့ လက္ခဏာမတွေ့ရတာကြောင့် အရင်တတိယလှိုင်း ဒယ်လ်တာမျိုးကွဲတုန်းကလိုတော့ လူအများက တုန်လှုပ်ခြောက်ခြားဖြစ်တာ မတွေ့ရပါဘူး။
သို့ပေမယ့်လည်း ရောဂါအခံရှိသူတွေနဲ့ အသက်အရွယ်ကြီးသူတွေအဖို့တော့ ဆေးရုံတက်ရတဲ့အနေအထားထိ ရောက်နိုင်သလို အဆင်မသင့်ရင် အသက်အန္တရာယ်လည်းရှိတယ်လို့ ဆိုပါတယ်။ နောက်အကျိုးဆက်ကတော့ ဆေးဝါးကုသမှုကုန်ကျစရိတ်တွေရှိလာမှာ၊ အလုပ်ခွင် စီးပွားရေးထိခိုက်မှု စတာတွေက ကျိန်းသေပေါက် ရိုက်ခတ်ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
ကိုဗစ်ကန့်သတ်မှုတွေ နှစ်ချီကြာပြီးနောက်မှာ စစ်အာဏာသိမ်းမှုဖြစ်အပြီး စီးပွားရေးအရ ကြီးကြီးမားမား ထိခိုက်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအဖို့ အခုတဖန် စတုထ္ထလှိုင်းဒဏ်ကြောင့် ရှိစုမဲ့စု ငွေကြေးတွေ သုံးစွဲကြရဦးမှာဖြစ်သလို၊ ကံအကောင်းအကြောင်းမလှရင် ချစ်ခင်ရသူတွေကိုပါ ချွေယူသွားခြင်းခံရဦးမယ့် အခြေအနေနဲ့ ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်း၊ ချင်း၊ ကရင်၊ကယား ၊ ကချင်နဲ့ မကွေးတို့လိုဒေသတွေဆီလည်း အနှေးနဲ့ အမြန်အိုမီခရွန်ကူးစက်မှုက ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ မိမိတို့ နေအိမ်မှာနေထိုင်နေရသူတွေအဖို့တောင်မှာ ကူးစက်ရောဂါဒဏ်ကို ဒိလောက်ခံစားနေရရင် အမိုးအကာ ကောင်းကောင်းမရှိ၊ လုံခြုံနွေးထွေးတဲ့ နေစရာ မပြည့်စုံ၊ အစားအသောက် ရိက္ခာ ငွေကြေး အခက်အခဲရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေအဖို့ ကူးစက်ရောဂါက တပူပေါ် နှစ်ပူဆင့် ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကောင်း အသက်အရွယ်ငယ်သူတွေအဖို့ ထူးထူးခြားခြား ဆေးဝါးကုသစရာ သိပ်မလိုတဲ့ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပေမယ့် အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေအဖို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါသေးတယ်။
ပြီးခဲ့တဲ့ တတိယလှိုင်းမှာတုန်းက ရန်ကုန်မြို့တမြို့ထဲတင် ၂ လတာအတွင်း သေဆုံးသူ သောင်းနဲ့ချီရှိခဲ့ပါတယ်။ ကျန်းမာရေးရဲ့ မှတ်တမ်းစာရင်းထဲဝင်တဲ့ ကိန်းဂဏန်းထက် အိမ်မှာဖြစ်ပြီး အိမ်မှာတင် သေဆုံးကြရသူက ၃ /၄ ဆ မကများပြားခဲ့တာမို့ ရန်ကုန်မြို့ သုဿန် ၃ ခုက ပေါင်းစုထားတဲ့ စာရင်းအရ ၂ လအတွင်း ၃ သောင်းနီးပါး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ကောင်းမွန်ခဲ့ရင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ရှိခဲ့ရင်၊ နိုင်ငံရေး အကြပ်အတည်းဖြစ်မနေခဲ့ရင် အရေးပေါ် အခြေအနေမှာ နိုင်ငံတကာရဲ့ အကူအညီလည်းရခဲ့ရင် အတိုင်း အတာတခုထိသော လူ့အသက်တွေကို ကယ်တင်နိုင်ခဲ့မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။
ရန်ကုန်တမြို့ထဲရဲ့ ကိန်းဂဏန်းသာ စုဆောင်းရရှိတာမို့ ဖေါ်ပြလိုက်ရပေမယ့် အဲဒီကာလက မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ တောင်ကြီး စတဲ့မြို့တွေမှာလည်း သေဆုံးမှုတွေ သူ့နေရာနဲ့သူ စိုးရိမ်စရာ ကိန်းဂဏန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးနဲ့ ကူးစက်ကပ်ဘေး တပြိုင်ထည်းကျရောက်ခဲ့တဲ့ အခြေအနေမျိုး ပြီးခဲ့တဲ့ တတိယလှိုင်းမှာ တကြိမ် အခု တပြန်စတုတ္တလှိုင်းအဖြစ်နဲ့ ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကူညီကြ ယိုင်းပင်းကြတာတွေ အများအပြားတွေ့ရလို့ စိတ်အားတက်စရာတွေ ရှိသော်လည်း တချို့သောအစိတ်အပိုင်းတွေမှာ ဆေးဝါးတွေ စျေးတင်တာ အရေးပေါ် အခြေအနေမှာ ကုသပေးဖို့ ဝန်လေးကြတာတွေ စတဲ့ စိတ်အားပျက်ဖွယ်ရာ အစိတ်အပိုင်းတချို့လည်း ရှိခဲ့တာပါ။
ခုတကြိမ်ကြုံလာကြရတဲ့ ကူးစက်ကပ်ဘေးကို ရင်ဆိုင်ဖို့ စိတ်ပိုင်း ရုပ်ပိုင်း ပြင်ဆင်ထားကြဖို့ အချိန်ရောက်နေပြီလို့သာ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar