ကျော်ဇံသာ - ကန်-ရုရှား သွေးတိုးစမ်းနေတဲ့ ယူကရိန်းပြဿနာ
(မိုးမခ) ဖေဖော်၀ါရီ ၁၅၊ ၂၀၂၂
ယူကရိန်းပြဿနာဟာ အခုတလောနိုင်ငံတကာသတင်းတွေမှာ ထိပ်ဆုံးရောက်နေတယ်။ တတိယကမ္ဘာစစ် ဖြစ်လာလေမလားဆို့တဲ့အထိတောင် တချို့ကစိုးရိမ်ခဲ့ကြတယ်။ အမေရိကန်နဲ့ ရုရှားတို့ကတော့ လေလုံးကြီးကြီးနဲ့ အပြင်းအထန် ပြောဆိုနေကြတယ်။
ရုရှားက ခရိုင်းမီယားနယ်စပ်ကို စစ်တပ်တွေပို့ဆောင်ချထားနေတာဟာ ကျူးကျော်သိမ်းပိုက်ဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရဘက်က စွပ်စွဲတယ်။ ရုရှားကတော့ မကျူးကျော်ဘူးလို့ ဆိုတယ်။ အမေရိကန်နဲ့ အနောက်မဟာမိတ်တို့အနေနဲ့ ယူကရိန်းကို နေတိုးစစ်စာချုပ်အဖွဲ့ (NATO) ထဲ ထည့်သွင်းခြင်းမပြုဖို့ ရုရှားဘက်က အဓိကတောင်းဆိုတယ်။ အဲဒါကို ကတိပေးပါ၊ သိမ်းပိုက်ဖို့မရည်ရွယ်ဘူးလို့ ဆိုတယ်။ အဲဒါကို ကတိမပေးပဲ ရုရှားက ကျူးကျော်ဖို့လုပ်နေတယ်လို့ပြောနေခြင်းဟာ ကမ္ဘာ့အလယ်မှာ သက်သက်မဲ့ သိက္ခာချနေတာပဲလို့ ဆိုတယ်။ ဒါပေမဲ့ တပ်ဖွဲ့တွေ ပိုချပြီး စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြတယ်။
အမေရိကန် နဲ့ မဟာမိတ်တွေကလည်း ယူကရိန်း NATO အဖွဲ့ဝင်ရေးကိစ္စဟာ လွတ်လပ်သော ယူကရိန်းနိုင်ငံရဲ့ သဘောထားသာဖြစ်တယ်လို့ ဆိုတယ်။ သူတို့ကလဲ စစ်ဖြစ်ဖို့ မလိုလားကြောင်းပြောနေပေမဲ့ အရှေ့ ဥရောပက သူတို့ဘက်တော်သားနိုင်ငံတွေဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်နေကြတယ်။ ယူကရိန်းကို အထိမခံဘူး ပြတ် ပြတ်သားသားတုံ့ပြန်ဖို့ အဆင်သင့်ပဲလို့ ဆိုတယ်။
ဒီရက်ပိုင်းအတွင်းမှာ သမ္မတ Biden ကဆိုရင် ရုရှားတို့ အချိန်မရွေး ကျူးကျော်လာနိုင်ခြေ ရှိတဲ့အတွက် အမေရိကန်နိုင်ငံသားတွေကို ယူကရိန်းကထွက်ခွာကြဖို့တောင် ပြောနေလေရဲ့ ။ ဒီလိုနဲ့ တင်းမာမှုက ပိုပိုအရှိန်မြင့်လာနေတယ်။ ကြားဖူးတဲ့ အရပ်စကားနဲ့ပြောရရင် “ဒါးသွေးလိုက် ခါးတောင်းကျိုက်လိုက် ခွေးခေါ်လိုက်“ လုပ်နေကြတယ်။ ဒါပေမဲ့ ၂ ဘက်စလုံးကလည်း ဆွေးနွေးရေးလမ်းကိုတော့ ဖွင့်ထားကြဆဲဖြစ်တယ်။
◾️ကျောင်းတော်က ရန်စ
စစ်အေးလွန်ခေတ် ဆိုဗီယက်နေရာကို ရုရှားကဆက်ခံချင်တယ်။ စစ်အေးပြီးဆုံးသွားတာဟာ ၂ ဘက်စလုံးအနိုင်ရတဲ့ တနည်းပြောရရင် သူမသာကိုယ်မသာ ပြီးဆုံးသွားတာ မဟုတ်ဘူး။ အမေရိကန်သမ္မတ ရော်နယ်ရေဂင် ကိုယ်တိုင် I won the cold war. လို့ကြွေးကျော်ခဲ့တယ်။ ဆိုတော့ ရှုံးတဲ့ဘက်က အခဲမကျေစရာရှိခဲ့တယ်။
ရုရှားသမ္မတ Vladimir Putin က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာဟာ “The greatest geopolitical catastrophe of the century” ရာစုနှစ်အတွင်း အဆိုးရွားဆုံး ပထဝီဝင်နိုင်ငံရေး ကပ်ဘေးကြီးလို့ ဆိုခဲ့တယ်။ ရုရှားလူထုအတွက် တကယ့်ဝမ်းနည်းဖွယ်ဖြစ်တယ်။ သန်းနဲ့ချီတဲ့ သူတို့နိုင်ငံသားတွေ ကျေးလက်ပြည်သူတွေ ရုရှားပိုင်နက်နယ်မြေ ပြင်ပကိုရောက်သွားခဲ့ရတယလို့ ယူကရိန်းမှာ လိမ္မော်ရောင်တော်လှန်ရေးဖြစ်နေချိန်(နိုဝင်ဘာ ၂၀၀၄ - ဇန္နဝါရီ ၂၀၀၅) မှာ ပြောခဲ့တယ်။ (TNT) လိမ္မော်ရောင်တော်လှန်ရေးဆိုတာ ရုရှားကို ဆန့်ကျင်ပြီး ဥရောပသမဂ္ဂလိုလားတဲ့ ယူကရိန်းလှုပ်ရှားမှုဖြစ်တယ်။ ရုရှားလိုလားတဲ့ သမ္မတပြုတ်ကျပြီး ဒီမိုရေစီအစိုးရတက်လာတယ်။
တကယ်တော့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဆိုဗီယက်သမ္မတနိုင်ငံတွေ မော်စကိုနဲ့ လမ်းခွဲသွားတာကို သမ္မတပူတင်လိုပဲ ရုရှားလူမျိုးတော်တော်များများက လက်မခံလိုကြဘူး။ အထူးသဖြင့် ရုရှားလူမျိုး တချို့ဟာ ယူကရိန်း၊ လစ်သူအေးနီးယား (Lithuania)၊ ကာဇာ့ခ်စတန် (Kazakhstan) စတဲ့ နိုင်ငံတွေလက်အောက် ရောက်ရှိနေရတာကို သိပ်မကျေနပ်ကြတာ တွေ့ရတယ်။ ဒီအထဲမှာမှ ယူကရိန်းနဲ့ ပတ်သက်လာရင်တော့ အဖြစ်အသည်းဆုံးလို့ ဆိုရမှာဖြစ်တယ်။
ယခင်ဆိုဗီယက်ပြည်ထောင်စုထဲ ပါဝင်ခဲ့ကြတဲ့ အာရှအလယ်ပိုင်းက နိုင်ငံတွေ၊ ဘောလတစ်ပင်လယ်တဝိုက်က နိုင်ငံတွေ ဒီမိုကရေစီ အသွင်ပြောင််းပြီး အနောက်အုပ်စုဘက် ယိမ်းသွားတာကို ရုရှားအာဏာပိုင်တွေက သူတို့အပေါ် သစ္စာဖောက်တာဖြစ်တယ်လို့ မြင်နေကြတာ။ ဒီအထဲမှာမှ ယူကရိန်းဆိုရင် ရုရှားသမိုင်းရိုးမှာ အဓိကကျခဲ့တဲ့အတွက် ပိုခံပြင်းစရာဖြစ်နေတယ်။
◾️ယူကရိန်းဟာ ရုရှားနိုင်ငံရဲ့ မြစ်ဖျားခံရာ
အခု ယူကရိန်းနိုင်ငံ Kiev မှာ ၁၂ ရာစုတုံးက ပေါ်ထွန်းခဲ့တဲ့ Kievin Rus ဆိုတဲ့ င်ငံစု (loose confederation) ဟာ ရုရှားနိုင်ငံရဲ့ သမိုင်းဦး ဖြစ်တယ်။ Kievin Rus ကို စတင်တည်ထောင်သူ Rurik ကို ရုရှားနိုင်ငံရဲ့ ဖခင်ကြီး အဖြစ်မှတ်ယူကြတယ်။ Rurik ရုပ်ထုဟာ ရုရှားရဲ့ ရှေးအကျဆုံးမြို့တော် Novgorod မှာရှိနေဆဲ ဖြစ်တယ်။ ရုရှားနိုင်ငံမြို့တော်ဟာ Novgorod ကနေ St. Petersburg နောက် Moscow အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ရုရှားတို့စိတ်ထဲမှာတော့ သူတို့နိုင်ငံစတင်ဖြစ်ထွန်းရာ Kiev စွဲမြဲနေဆဲ။ တချို့ ရုရှားအကြီးအကဲတွေကဆိုရင် ယူကရိန်းကို Little Russia လို့တောင် ခေါ်နေကြတုံးလို့ သိရတယ်။
ပြီးခဲ့တဲ့နှစ်က သမ္မတပူတင်ရေးတဲ့ “ရုရှားနဲ့ ယူကရိန်းတို့ရဲ့ သမိုင်းဆိုင်ရာ စည်းလုံးညီညွတ်မှု “On the Historical Unity of Russia and Ukraine” ဆောင်းပါးမှာ ၂ နိုင်ငံဟာ လူမျိုးတမျိုးတည်း ဖြစ်တယ်ဆိုပြီး သမိုင်းအထောက်အထားတွေနဲ့ တင်ပြထားတယ်။
ယူကရိန်းနိုင်ငံ လူဦးရေရဲ့ အနည်းဆုံး ၃ ပုံ ၁ ပုံ အထူးသဖြင့် နိုင်ငံအရှေ့ပိုင်း ရုရှားနဲ့နယ်ချင်း ထိစပ်နေတဲ့ အပိုင်းမှာနေသူတွေဟာ ရုရှားဘာသာစကားပြောပြီး သူတို့ကိုယ် သူတို့ရုရှားလို့ပဲ ခံယူထားကြတာဖြစ်တယ်။ ကျန်တနိုင်ငံလုံးမှာရှိတဲ့လူတွေလဲ ရုရှားဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြတယ်။
◾️တင်းမာမှုအစ
၂၀၁၃ မှာ Kiev အခြေစိုက် ယူကရိန်းအစိုးရနဲ့ နိုင်ငံအရှေ့ပိုင်းက ရုရှားမျိုးနွယ်တို့အကြား တင်းမာမှု အရှိန်မြင့်လာတော့ ရုရှားအစိုးရက ရုရှားမျိုးနွယ် ခွဲထွက်ရေးသမားတွေကို ထောက်ခံအားပေးခဲ့တယ်။ သူတို့က Donetsk People’s Republic (ဒွန်းတက်(စ်) (ခ်) ပြည်သူ့သမ္မတနိုင်ငံ) ဆိုပြီး ၂၀၁၄ ကျတော့ ယူကရိန်းအရှေ့ပိုင်းမှာ တည်ထောင်လိုက်ကြတယ်။
အဲဒီ ၂၀၁၄ မှာပဲ ရုရှားဟာ ယူကရိန်းက ပင်လယ်နက်ဒေသ မဟာဗျူဟာအချက်အခြာ ခရိုင်းမီးယား ကျွန်း ဆွယ် (Crimean Peninsula) ကို သိမ်းပိုက်လိုက်တယ်။ ဆန္ဒခံယူပွဲ အဆုံးအဖြတ်အတိုင်း လုပ်ဆောင်တာလို့ ဆိုပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံဘူး။ ခရိုင်းမီးယားကို ယူကရိန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် အခုထိ လက်ခံထားကြတယ်။ အမေရိကန်နဲ့ သူ့မဟာမိတ် အနောက်နိုင်ငံတွေက ဒီသိမ်းပိုက်မှုကို ကန့်ကွက်နေရုံမှတပါး ဘာမှမလုပ်နိုင်ဘူး။
◾️ဆိုဗီယက်နိုင်ငံဟောင်းတွေအပေါ် သမ္မတပူတင်ရဲ့ ယျေဘုယျသဘောထား
သမ္မတ ပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စု ကျဆုံးသွားတာကို နာကျည်းခံပြင်းတယ်ဆိုပေမဲ့၊ သီးခြားပေါ်ထွန်းလာတဲ့နိုင်ငံသစ်တွေက ရုရှားမူဝါဒကို ဖီလာဆန့်ကျင်မပြုသရွေ့ ဘာမှမလုပ်ပဲနေလာခဲ့တာ ၂၀၀၅ ယူကရိန်းမှာ ရုရှားလိုလားတဲ့ သမ္မတကိုဖြုတ်ချပြီး အနောက်ဘက်ကိုတိမ်းညွတ်သွားချိန်အထိပဲ။
ဆိုဗီယက်နိုင်ငံဟောင်းတွေအနက် အာရှအလယ်ပိုင်းက နိုင်ငံတွေဖြစ်ကြတဲ့ ကဇာ့(ခ်)တန် (Kazakhstan)၊ တာ့ခ်မေနစ္စတန် (Turkmenistan)၊ ဥစ္ဇဘက်ကစ္စတန် (Uzbekhistan)၊ တာဂျစ်ကစ္စတန် (Tajikhistan) နဲ့ ကီရ်ဂျစ္စတန် (Kyrgyzstan) တို့ကတော့ ရုရှားနဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရှိနေကြတဲ့အတွက် ပြဿနာမရှိဘူး။ ယူကရိန်းနဲ့ ဂျော်ဂျီယာ (Georgia) တို့ကတော့ ဒီမိုကရေစီလိုလားပြီး အနောက်ဘက်ကိုတိမ်းညွတ်အလာတဲ့ အတွက် သမ္မတပူတင် စိုးရိမ်မကင်းဖြစ်လာတယ်။ သူနယ်အိမ်နီးချင်းတွေ NATO စစ်မဟာမိတ်အဖွဲ့ဝင်ဖြစ်သွားမှာ၊ NATO နဲနီးစပ်တဲ့ ဥရောပသမဂ္ဂအဖွဲ (EU) ထဲပါသွားမှာကိုလဲ မလိုလားဘူး။
◾️ဒီအချိန်ကို ရုရှားဘာကြောင့်ရွေးသလဲ
အတိုဆုံးဖြေရရင်တော့ သမ္မတ Biden က အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်က ပြန်ရုပ်ပြီးတဲ့နောက် ပြည်ပမှာ စစ်ဆင်နွဲတာမလုပ်တော့ဘူးလို့ ပြောခဲ့တာဟာ သူ့အတွက် အခွင့်ကောင်း တရပ်ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပဲ။ အမေရိကန်ရဲ့ဒီလုပ်ရပ်အတွက် ရုရှားသာမက တရုတ် မြောက်ကိုရီးယားတို့အတွက်ပါ အားမြောက်စရာဖြစ်ခဲ့သလို ဒီမိုကရေစီကိုဖျက်သိမ်းပြီး အာဏာရှင်စနစ်ကိုဦးတည်တဲ့သဘော တချို့နိုင်ငံတွေမှာ တွေ့လာရတာကိုလဲ ဒါနဲ့ဆက်စပ်သုံးသပ်ရမလို ဖြစ်လာတယ်။
အမေရိကန် ဘယ်လိုတုံ့ပြန်မလဲ
(အဓိက ဒဏ်ခတ်ပိတ်ဆို့မယ်၊ ထိရောက်မလား…ဆက်ရန်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar