Breaking News

အောင်သူငြိမ်း - လူဦးရေအကြောင်းအချက်

အောင်သူငြိမ်း - လူဦးရေအကြောင်းအချက်
(မိုးမခ) ဖေဖော်၀ါရီ ၁၀၊ ၂၀၂၂

လူဦးရေအကြောင်းအချက်နဲ့ပတ်သက်လို့ Gwynne Dyer ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူဦးရေကြောင်းချက်မှာ အာရှရဲ့ ကျုံ့လာတဲ့ လူဦးရေအပြောင်းအလဲ (Shrinking Asia changing global demographics) ဆိုတဲ့ ဆောင်းပါးဖတ်ရတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ 

တခါက Ted.com မှာ နားထောင်ရတယ်။ အခုခေတ် ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုက ပြင်းထန်လာတော့ နောင်မျိုးဆက် လူငယ်တွေက ကလေးမယူတော့ပါဘူးလို့ စဉ်းစားလာကြတယ်တဲ့။ ဒီလောက်ဆိုးမယ့် အနာဂတ်မှာ ကလေးကို မထားခဲ့ချင်တော့ဘူးဆိုတဲ့သဘောပါပဲ။ အလားတူပဲ၊ စစ်အာဏာသိမ်းတာ တနှစ်ပြည့်တော့မယ်။ စစ်အာဏာသိမ်းစကာလမှာလည်း လူငယ်စုံတွဲတွေ ကလေးမယူချင်တော့ဘူး။ အနာဂတ်မရှိတဲ့ ဒါမှမဟုတ် ဆိုးမယ့်ကာလမှာ နောင်မျိုးဆက်တွေကို မထားခဲ့ချင်တော့ဘူးဆိုတဲ့သဘော လူမှုကွန်ရက်ပေါ်မှာ ဖတ်ရ၊ နားထောင်ခဲ့ရတယ်။ အခုတော့လည်း မင်္ဂလာဆောင်တွေကို ခြိမ့်ခြိမ့်သဲသဲ မြင်နေရသားပဲလို့ တွေးမိတယ်။ 

ဂွမ်ဒိုင်ယာတင်ပြထားတဲ့ အဓိကအယူအဆက ဒီလိုပါ။ လူဦးရေဆိုင်ရာ နိုင်ငံရေးမှာ မှော်ဆန်တဲ့ကိန်းဂဏန်းတခုက “၂.၁” ဖြစ်ပါတယ်တဲ့။  ရှင်းပြတာကတော့ လူဦးရေ ပြန်လည်ဖြည့်ဆည်းမှု အဆင့်နှုန်း (Replacement level) ပါ။ နိုင်ငံတခုမှာ လူဦးရေမျိုးပွားမှုနှုန်း Fertility rate [အမျိုးသမီးတဦးက သူ့ဘဝသက်တန်းကာလမှာ ကိုယ်ဝန်ဆောင် (ကလေးယူနိုင်တဲ့) ပျမ်းမျှအရေအတွက်] က ၂.၁ ဖြစ်တယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လူဦးရေဟာ ဆက်ပြီးတသမတ်တည်း တည်မြဲနေပါတယ်တဲ့။ 

အကယ်၍ မွေးဖွားနှုန်းက ၂.၁ ကျော်ရင် ဒီနိုင်ငံရဲ့ လူဦးရေက တိုးတက်လာပါမယ်။ အကယ်၍ မွေးဖွားနှုန်းက ၂.၁ ထက် နည်းရင် ဒီနိုင်ငံရဲ့ လူဦးရေက လျှော့သွားဖို့ပဲ ရှိပါတယ်။ အာရှအတွက် ထူးဆန်းတာတွေ ဖြစ်နေပါတယ်တဲ့။

ကြီးမားတဲ့သတင်းကတော့ အိန္ဒိယနိုင်ငံက မျိုးပွားမှုနှုန်းက ပြန်လည်ဖြည့်ဆည်းနိုင်တဲ့ ကိန်းဂဏန်း ၂.၁ ထက်ကို လျော့ကျ လာနေပါတယ်။ (အမျိုးသမီးတဦးကို ၂.၀ ဦးပဲ ရှိပါတယ်။) ဒါပေမယ့် ချက်ချင်းကြီးတဲ့ အိန္ဒိယလူဦးရေက လျော့သွားမှာမဟုတ်သေးပါဘူး။ အိန္ဒိယလူဦးရေ ဆက်တိုးပြီး တရုတ်ကို ကျော်တက်ပါဦးမယ်။ ၁.၄၅ ဘီလီယံလောက်အထိ ဖြစ်လာမယ်။ နောက်ပိုင်းမှာမှ လူဦးရေ ကျုံ့သွားမှာပါ။

ဒီသွင်ပြင်က အရှေ့အာရှဒေသမှာ အထူးဖြစ်ပေါ်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံက မျိုးပွားမှုနှုန်း ၀.၈၆ ပဲ ရှိပါတယ်။ (အမျိုးသမီးတဦးကို ပျမ်းမျှ တဦးမွေးတာထက်ကို နည်းနေပါတယ်။) သေချာတာက ရာစုနှစ်အကုန်မှာ လူဦးရေ ကျသွားမှာပါ။ 

တရုတ်ကလည်း အလားတူပါပဲ။ တရုတ်အမျိုးသမီးတဦးက သူ့သက်တန်းမှာ ၁.၃ ဦးပဲ မွေးနိုင်ပါတယ်။ ဒါဆိုရင် အခု လူဦးရေ ၁.၄၁ ဘီလီယံကနေ သက္ကရာဇ် ၂၁၀၀ မှာ လူသန်း ၇၀၀ ပဲ ကျန်ပါမယ်တဲ့။ (အဲဒီကာလမှာ ရှိမယ့် US လူဦးရေရဲ့ ၂ ဆပဲ ရှိပါ လိမ့်မယ်)။ 

အရှေ့တောင်အာရှနိုင်ငံ အများကလည်း အဲသလိုပါပဲ။ လူဦးရေ ပြန်ဖြည့်နှုန်း (Replacement level) က ဗီယက် နမ်နိုင်ငံက ၂.၀၊ ဘင်္ဂလားဒေ့ရှ်က ၁.၉၊ ထိုင်းနိုင်ငံက ၁.၅ ရှိနေပါတယ်။ ကျန်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားက ၂.၂ ၊ မြန်မာက ၂.၁၅၊ သီရိ လင်္ကာက ၂.၁၅ ရှိပါတယ်။ အရှေ့အလယ်ပိုင်း မူစလင်နိုင်ငံတွေမှာ ပါကစ္စတန်၊ ဆီးရီးယား စသည်ဖြင့်မှာတော့ မွေးနှုန်းမြင့် ပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ကတော့ မွေးနှုန်းမြင့်ပါတယ်။ ၂.၅ ရှိပါသေးတယ်။

အခြားဒေသတွေနဲ့ ယှဉ်ရင်တော့ ဥရောပကလည်း မွေးနှုန်းကျနေပါတယ်။ အမေရိကနိုင်ငံများလည်း ကျပါတယ်။ ၁% အောက်ပဲ ရှိပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာပဲ မြင့်မားပါတယ်။ (၁.၅ ကနေ ၃% အထိ ရှိနေပါတယ်။) 

ကျနော်တို့ ငယ်ငယ်က ယေဘုယျမှတ်ထားတာ မြန်မာနိုင်ငံ လူဦးရေသန်းပေါင်း ၆၀ ဆိုရာကနေ ၂၀၁၄ သန်းခေါင်စရင်း ကောက်လိုက်တော့ လူဦးရေက ၅၁ သန်းကျော်ပဲ ကျန်ပါတော့တယ်။ ခုနေမှာလည်း လူဦးရေ ဆက်လက်ကျဆင်းစရာ အကြောင်းတွေ ရှိနေပါတယ်။ တိုင်းပြည်က လူတွေထွက်ခွာနေကြတာရယ်၊ ရွှေ့ပြောင်းလုပ်သားတွေလည်း ဆက်လက်မြင့်မားနေဆဲ ဖြစ်တာတွေ့နေရလို့ပါပဲ။ ကျန်တဲ့ကိစ္စတွေထား၊ လူဦးရေ ပြန်လည်ဖြည့်ဆည်းမှု အဆင့်နှုန်း (Replacement level) လည်း စိုးရိမ်ဖွယ်ပါပဲ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar