မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၂
စစ်ရေးသည် နိုင်ငံရေးရဲ့ လက်အောက်ခံ ဖြစ်သည်။ စစ်ပွဲတွေတိုက်ခိုက်ခြင်းဟာ နိုင်ငံရေးအာဏာ ထူထောင်ဖို့အတွက် ရည်ရွယ်ချက်ဖြင့် တိုက်ခြင်းသာဖြစ်တယ်လို့ နားလည်ပါတယ်။ စစ်ရေး စစ်ပွဲတွေကို နိုင်ငံရေးနဲ့ သီးခြားခွဲထုတ်ထားလိုက်တဲ့အခါ (သို့မဟုတ်) သီးခြားဖြစ်နေတဲ့အခါမျိုးမှာ စစ်ဝါဒီအယူအဆ ဝင်လာနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
စစ်ရေးကိစ္စရပ်တွေဟာ နိုင်ငံရေးရည်မှန်းချက်ရဲ့ လက်အောက်ခံဖြစ်သည်ဆိုတဲ့ လမ်းညွှန်မှုနဲ့ လက္ခဏာတွေကို လက်ဝဲတော်လှန်ရေးတွေမှာတော့ ထင်ထင်ရှားရှား တွေ့မြင်ရနိုင်ပါတယ်။ လက်ဝဲတော်လှန်ရေးတွေမှာ ပါတီပိုင်းက နိုင်ငံရေးမှူးလိုမျိုး အစဥ်ပါဝင်လေ့ရှိပြီး တပ်တွေမှာ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ပါတီက နိုင်ငံရေးမှူးကလည်း တန်းတူအရေးပါသူ တာဝန်ရှိသူအဖြစ် ဖွဲ့စည်းလေ့ရှိကြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းမှာလည်းပဲ ဖက်ဆစ်တော်လှန်ရေးကာလမှာ တိုင်း ၇ တိုင်း ဖွဲ့ကြတဲ့အခါ တိုင်းတတိုင်းစီမှာ လက်နက်ကိုင်တပ်ဖွဲ့ထဲက စစ်ရေးအရ ခေါင်းဆောင်သူတဦးနဲ့အတူ ဖက်ဆစ်ဆန့်ကျင်ရေးက အရပ်သား နိုင်ငံရေးခေါင်းဆောင်တဦးကိုပါ နိုင်ငံရေးမှူးအဖြစ် တန်းတူအဆင့်အတန်းပေးပြီး ထည့်သွင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က တော်လှန်ရေးလို့ခေါ်ဆိုကြတဲ့ စနစ်တရပ် ခေတ်တခေတ်ကိုဖြိုပြီး အသစ် ပြန်တည်ဆောက်ဖို့ စစ်ရေးအရလုပ်ဆောင်ကြတဲ့အခါမှာ လက်နက်ကိုင်တိုက်ခိုက်သူတွေက အဓိကနေရာက ပါဝင်တယ်ဆိုတာ အငြင်းပွားစရာမရှိပေမယ့် အဲဒီလို စစ်ရေးအရ လုပ်ဆောင်မှုတိုင်းဟာ နိုင်ငံရေးရည်မှန်း ချက်နဲ့ ကိုက်ညီသလား မကိုက်ညီသလားဆိုတာကို မှတ်ကျောက်တင်ပြီး ထိန်းညှိဖို့ ဦးဆောင်သူတွေအထဲ နိုင်ငံရေးမှူးလိုမျိုးကို ထည့်သွင်းဖွဲ့စည်းထားတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
စစ်ပွဲတွေဖြစ်ပွားနေချိန် အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားချိန်၊ တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့အခြေအနေမျိုးမှာဖြစ်ပျက်တဲ့ကိစ္စရပ်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လိုစီရင်ဆောင်ရွက်သလဲဆိုတာတွေဟာ နိုင်ငံရေးရည်မှန်းချက် ရည်ရွယ်ချက်နဲ့အညီ ကျင့်သုံးကြဖို့ နိုင်ငံရေးခေါင်းဆောင်တွေက ထိန်းကျောင်းပေး လမ်းညွှန်မှုပေးကြရတာမျိုး ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မတ်လ ဖက်ဆစ်တော်လှန်ရေးဟာ ထိုစဥ်က ဖက်ဆစ်ဆန့်ကျင်ရေးမှာပါဝင်နေကြတဲ့ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့ရဲ့ နိုင်ငံရေးအရ မဟာမိတ်လုပ်ဆောင်မှုတခုလို့လည်း ဆိုရမယ် ထင်ပါတယ်။
ထိုစဥ်က စစ်တိုင်း ၇ တိုင်းဖွဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး သမားတွေ (ပါတီနောက်ခံရှိသူ) စုစည်းပုံဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်တွေ့ကျင့်သုံးမှုမှာ လက်နက်ကိုင်တပ်ရဲ့ စစ်ရေးခေါင်းဆောင်နဲ့ နိုင်ငံရေးမှူးတွေ ဘယ်လိုဦးဆောင်ခဲ့ကြသလဲ အားနည်းချက်တွေ အားသာချက်တွေ ဘာတွေရှိသလဲဆိုတာတော့ သမိုင်းမှတ်တမ်းတွေကနေ ရှာဖွေသုတေသနလုပ်ရမယ့်အပိုင်းဖြစ်မယ်လို့ ထင်ပါတယ်။
လတ်တလော မြန်မာ့နွေဦးတော်လှန်ရေးလို့ ဆိုရင်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြရာမှာ စစ်ရေးအင်အားတည်ဆောက်ကြဖို့ စစ်ရေးအရ ဦးဆောင်သူတွေ လက်တွေ့ဖြစ်ရပ်တွေထဲက ပေါ်ထွက်လာကြမှာ အမှန်ပဲဖြစ်ပါတယ်။ တဖက်မှာလည်း ရည်မှန်းချက်ပန်းတိုင်နဲ့ လိုက်ဖက်ညီတဲ့ နိုင်ငံရေးအရ ဦးဆောင်သူတွေလည်း တွဲဖက်ပေါ်ထွက်လာဖို့ လိုပါတယ်။ သို့မဟုတ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေထဲက လေ့ကျင့်ပြီးသားခေါင်းဆောင်တွေကို နေရာပေး လက်တွဲလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
နယ်မြေတခုမှာ စစ်အာဏာရှင်တပ်တွေကို တိုက်ခိုက်တဲ့အခါတိုင်းမှာလည်း သက်ရောက်တဲ့အကျိုးဆက်တွေ လစ်ဟာသွားတဲံ အုပ်ချုပ်ရေးအာဏာနေရာတွေ စီရင်ဆုံးဖြတ်ရမယ့် အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ နိုင်ငံရေးအရ ခေါင်းဆောင်သူတွေ အဆင့်တိုင်းမှာလိုအပ်မယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ ဒီလို အခင်းအကျင်းမျိုး အတွေ့အကြုံရှိပြီးဖြစ်ပါလိမ့်မယ်။ ဗမာလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်းလို မကွေးတိုင်းလို နေရာတွေမှာတော့ အလားတူ အတွေ့အကြုံအဖွဲ့အစည်းမျိုးတွေ မရှိသေးတာတွေ့ရပါတယ်။
စစ်အာဏာရှင် စစ်တပ်ကို ဖြုတ်ချဖို့ လယ်သမား၊ တောင်ယာစိုက်ပျိုးသူ၊ ကျောင်းသား နဲ့ ဝန်ထမ်းတွေက လက်နက်တွေ ရရာနည်းလမ်းနဲ့ လုပ်ကြ ဝယ်ကြပြီး တိုက်ခိုက်ကြတာဖြစ်ပါတယ်။ တဖက်မှာလည်း လက် နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် နယ်မြေတွေကို အတိုင်းအတာတခုထိ စိုးမိုးလာနိုင်တဲ့အခါ သော် လည်းကောင်း၊ လက်နက်ကိုင်တိုက်ပွဲအတွက်လိုအပ်တဲ့ ငွေကြေး ရိက္ခာ အရင်းအမြစ်တွေကို စုဆောင်းကြရတဲ့အခါမှာသော်လည်းကောင်း သတ်သတ်မှတ်မှတ် အခြေခံတဲ့ မူဝါဒ စည်းမျဥ်းစည်းကမ်းတွေ ရှိဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ လက်နက်ကိုင်တိုက်ပွဲတွေမှာ နိုင်ငံရေးနားလည်တဲ့ ခေါင်းဆောင်တွေရှိိဖု့အရေးတကြီးလိုအပ်ပါတယ်။ လက်နက်ကိုင်ခေါင်းဆောင်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံမူတွေ စည်းမျဥ်းတွေ စည်းရုံးရေးနည်းလမ်းတွေကို လေ့လာပြီး လုပ်ဆောင်မလား သို့တည်းမဟုတ် ဒီအရေးမှာ ယုံကြည်ရတဲ့ နိုင်ငံရေးသမား စည်းရုံးရေးသမားတွေကို တာဝန်ပေးမလားဆိုတာမျိုး စဥ်းစားလုပ်ဆောင်ကြဖို့ လိုအပ်မယ် ထင်ပါတယ်။
နိုင်ငံရေးနဲ့ စစ်ရေးရဲ့ ဆက်နွယ်မှုအကြောင်း တင်ပြပြီးမှာတော့ ဒီနေ့ သတင်းတွေထဲက ထူးခြားတဲ့သတင်းတချို့ကို ဖေါ်ပြရရင် လာမယ့်ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ စစ်ကောင်စီဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်ခံတက်ရောက်မယ့်အထဲ အဓိကကျတဲ့ အင်အားကြီးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ မပါဝင်တာတွေ့ရတဲ့ အကြောင်းဖြစ်ပါတယ်။
ကေအန်ယူ၊ စီအန်အက်ဖ်၊ ကေအိုင်အေတို့က မတက်ရောက်ဘူးလို့ သတင်းမီဒီယာတွေကို အတည်ပြုပြောဆိုထားပြီး အာရ်စီအက်စ်အက်စ်ကတော့ တက်ရောက်မယ် မတက်ရောက်ဘူး မသေချာသေးပါဘူး။ မြောက်ပိုင်းအဖွဲ့ ၃ ဖွဲ့လို့ခေါ်ဆိုတဲ့ AA, MNDAA, TNLA တို့ကတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုမယ်ဆိုတာဟာ ရှေ့နောက်မညီတဲ့သဘောဖြစ်နေတာကြောင့်အပြင် အခုလို လက်လွတ်စပယ်သတ်ဖြတ်မှုတွေ၊ အရပ်သားပစ်မှတ်၊ အရပ်သားနေအိမ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး မှုတွေဖြစ်နေတာတွေ မရပ်တန့်သရွေ့ စကားပြောဆိုဆွေးနွေးခြင်းဟာ လူကြိုက်များတဲ့ နည်းလမ်းမဟုတ်ပဲ ရှေ့တမျိုး နောက်တမျိုးဆိုတဲ့သဘော ဝေဖန်ရှုတ်ချမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar