Breaking News

မာန်(တောင်လုံးပြန်) — သံမဏိလား ဖယောင်းလား


မာန်(တောင်လုံးပြန်) — သံမဏိလား ဖယောင်းလား

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၂


အိုမာခရမ်၏ နာမည်ကျော်ကဗျာတပိုဒ် ရှိသည်။ ဒုက္ခနှင့် တခါကြုံတိုင်း ချစ်သူလက်ကို တခါ ကိုင်ပါရစေဆိုသော တင်စားချက်။

နွေဦးတော်လှန်ရေးသည် မည်သူမျှ အနေ အစား မချောင်။ ဘုံမြင့်ဖျားမှ အောက်ခြေလူတန်းစားအထိ ဒုက္ခမကြုံဖူးသူ မရှိ။ ကိုယ့်အိမ်မှ မဟုတ်သော်ငြား အိမ်ဘေးက ငိုသံဖြစ်ဖြစ် ကြားဖူးကြရပြီ။ ဆိုးလိုက်သည့် စနစ်၊ပျက်လိုက်သည့် လူ့ဘုံခန်းဝါကြီး၊ ကပ်သုံးပါးနှင့် မင်းဆိုးမင်းညစ်ကြောင့် ဘေးအန္တရာယ်အသွယ်သွယ်၊ မကြားချင်ချင်၊ မမြင်ချင်ချင်၊ မကြုံချင်ချင်၊ မသိချင်ချင်၊ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ပုခက်တွင်းမှသည် အိုမင်းဘိုးဘွားတို့အထိ နာကျင်ဖွယ်ရာများ နေ့စဥ်။ 

၈၈ နောက်ပိုင်းကာလ၌လည်း စစ်အာဏာရှင် ဆန့်ကျင်မှုဖြင့် ထောင်သွင်းအကျဥ်းချခံရသူတို့ အရာထောင် ချီခဲ့ကြပြီးပြီ။ ထိုနိုင်ငံရေးအကျဥ်းသားများစွာတို့အနက် သံမဏိနှင့် ဖယောင်း ကိုယ်ပိုင်တန်ဖိုးတို့ အ​ဖြေထွက်လာကြသည်။ တချို့ဦးကျိုးကာ အခြေအနေမျိုးစုံတို့ကြောင့် ဖယောင်းဖြစ်သွားကြ။ တချို့ ကြံ့ကြံ့ခံရင်း သံမဏိဖြစ်သွားကြ။ ဒုက္ခတို့သည် တကြိမ်မဟုတ်၊ နှစ်ကြိမ်မက၊ အကြိမ်ကြိမ် နည်းမျိုးစုံ ဖိနှိပ်သည့်အပြင် ရက်စက်ယုတ်မာသူများက အပြစ်ပေးခြင်းမခံရဘဲ၊ အကြီးအကျယ်ကြီးပွားနေကြ။ အဆောင်အယောင်မျိုးစုံဖြင့် ဆွေ မျိုးအကုန် တိုင်းပြည်အပေါ် ခွတုတ်ရင်း အနေ အစား ချောင်လာခဲ့ရင်း စစ်တပ်တခုလုံး တိုင်းပြည်အပေါ် သစ္စာပျက်ယွင်းခဲ့ကြသည်။ 

နိုင်ငံရေးအကျဥ်းသားများသည် ဒုက္ခတောမှ သံမဏိများအဖြစ် ဘဝများစွာစတေးကာ တိုင်းပြည်၏ဂုဏ်ကိုတည်ဆောက်ခဲ့ကြသည်။ ယနေ့လည်း နွေဦးတော်လှန်ရေးသည် အလွန်ခက်ခဲကြမ်းတမ်းပါသည်။ စိတ်ကူးယဥ်စရာ ဘာတစ်ခုမှ မကောင်း။ ကျဆုံးသူရဲကောင်းများ၊ ခါးစည်းခံကြရသည့် ဘဝများက များစွာ။ ကိစ္စမရှိ။ 

ဒုက္ခနှင့် တခါကြုံတိုင်း ချစ်သူလက်ကို ကိုင် ခွင့်မရှိစေဦး၊ ထိုဒုက္ခအပေါင်းသည် တခါကြုံတိုင်း တော်လှန်ရေးသူရဲကောင်းတို့၏ သံမဏိစိတ်ဓာတ်များ တိုး၍ တိုး၍ အင်အားဖြစ်ကြပါစေ။ ထိုစိတ်ဓာတ်တို့ကိုပင် ရန်သူတို့ နေ့စဥ်နှင့်အမျှ သွေးပျက်ချောက်ချားလာနေပြီ။ ရန်သူဘက်က ဖယောင်းဖြစ်ကာ ဤမှာဘက်၌ သံမဏိသွေးတို့ စွေးစွေးနီကြသည်။ များစွာ အလေးအမြတ် ဦးညွှတ်ပါသည်။

မာန်(တောင်လုံးပြန်)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar