Breaking News

မျိုးသန့်ထွန်း (စစ်ကိုင်း) — သံမဏိ-ဒေါ်စန်းစန်းနု (အပိုင်း-၂)



မျိုးသန့်ထွန်း (စစ်ကိုင်း) — သံမဏိ-ဒေါ်စန်းစန်းနု (အပိုင်း-၂)

(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၂



"ဒေါ်စန်းစန်းနု(အန်တီစန်း) နဲ့ ဦးနုစာအုပ်များ"

ကမ္ဘာကသိပြီးဖြစ်တဲ့ မတ်လ ၂ ရက် ၁၉၆၂ ခုနှစ် မြန်မာပြည်ရဲ့ အာဏာသိမ်းဖြစ်စဥ်ကိုတော့ အန်တီစန်းနဲ့တွေ့ ဆုံစဥ်များမှာ ပြောပြခဲ့တာတွေ ရှိပါတယ်။ ဒါတွေကို ထပ်မရေးချင်တော့ပါဘူး။ အများ သိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်စဥ်အကြောင်းစုံကို အင်တာဗျူးထားတဲ့  "ဒေါ်စန်းစန်းနုနှင့် တွေ့ဆုံခြင်း" ခေတ်ရနံ့ထုတ် (၂၀၁၈) စာအုပ်ကိုပဲ ဖတ်ကြည့်ဖို့  ညွှန်းလိုက်ရပါတယ်။ ဒါ့ပြင် Media များနဲ့ အန်တီစန်း တွေ့ဆုံ အသံလွှင့်ချက်တွေ ရှိပါတယ်။ နားသောတဆင်ကြည့်ကြပါ။

ကမ္ဘာမှာ  "တိုင်းပြည် အာဏာ"ကို လူတိုင်း ကြိုက်နှစ်သက်တဲ့  အရာတခုပါလို့ မြင်ပါတယ်။ အာဏာနဲ့ပတ် သက်ရင် ဦးနု ရေးတဲ့ "သ-က-အ-လ" ပြဇာတ်ကို ဖတ်ဖို့ လိုပါလိမ့်မယ်။ အန်တီစန်း ပြောပြဖူးပါတယ်။ ထိုစာအုပ်ဟာ အာဏာမသိမ်းခင် ၁၉၅၉-၆၀ လောက် ဖေဖေ (ဦးနု) ရေးသားခဲ့ပါတယ်။ သူလည်း ကြိုက်နှစ်သက်ပါတယ်။ ဘာကြောင့် ဒီစာအုပ်ကို ကြိုက်ရတာလဲလို့ မေးတဲ့အခါ ... "စာအုပ်ခေါင်းစဉ်ကိုက အလွန်အဓိပ္ပာယ် ရှိတာပဲ" လို့ ပြောပါတယ်။ 

ဒီစာအုပ်ကို တိုင်းပြည်ခေါင်းဆောင် လုပ်မယ့်သူများ ဖတ်ဖို့ မှတ်ဖို့ လိုပါတယ်။ ဖေဖေက တိုင်းပြည်အတွက် အမြော်အမြင်ရှိရှိနဲ့ ရေးခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။ စာအုပ်ခေါင်းစီးကိုက "သ-က-အ-လ" တဲ့ "သ-ဆိုတာက အရက်သေစာ အလွန်ကြူးတဲ့သူများ ခေါင်းဆောင်မလုပ်ရ။ က-ဆိုတာက (မိန်းမလိုက်စားသူများ) ကာမ တဏှာအလွန်ကြူးတဲ့သူများ ခေါင်းဆောင်မှုမလုပ်ရ။ အ-ဆိုတာ (အာဏာရှင်များ)တိုင်းပြည်   အာဏာတပ် မက်မောသူများ ခေါင်းဆောင်မဖြစ်စေရ။ ထို့အပြင် အလောင်းကစားကြူးလွန်သူများလည်း ပါဝင်ပါတယ်။  နောက်ဆုံး လ-ကတော့ လာဘ်အစားကြူးလွန်တဲ့ အာဏာပိုင်များ စတဲ့ ထိုလူတွေအားလုံး တိုင်းပြည် ခေါင်း ဆောင် မဖြစ်စေရပါ။ အဲဒီလူတွေ ခေါင်းဆောင်ဖြစ်ခဲ့ရင်း ဘာဖြစ်မလဲ တိုင်းပြည်ဆင်းရဲပြီး LDC ဆိုတဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဒီအကြောင်းတွေ ပြောတဲ့အခါ အန်တီစန်းက လုံးဝသဘောတူကြောင်း ပြောပါတယ်။ လူဟာ အာဏာရှိလာတဲ့အခါ သူတပါး (လူထု)ကို မတရား အနိုင်ကျင့်သတ်ဖြတ်လာနိုင်ပါတယ်။ ဦးနုရေးတဲ့ " သ-က-အ-လ" ပြဇာတ်စာအုပ်ကို ၁၉၆၁ ခုမှာ ထုတ်ဝေခဲ့ပါတယ်။ နောက်တော့ " မ-ဆ-လ တပါ တီအာဏာရှင်" လက်ထက်မှာ လုံးဝ ထုတ်ခွင့်မရရှိခဲ့ပါဘူး။ အန်တီစန်းကို ဒီစာအုပ် ဘာကြောင့် ထုတ်ဝေခွင့် မရတာလဲ မေးတဲ့အခါ "မသိဘူးလေ၊ အဲဒီအချိန် ဖေဖေ့စာအုပ်အချို့ ထုတ်ခွင့်မရခဲ့ဘူး။ ဒီ (သကအလ) စာအုပ်အထဲကအတိုင်း ခေါင်းဆောင်ကြီးမှာ ရှိနေသလား မပြောတတ်တော့ဘူးကွယ် " လို့ ရယ်ကာမောကာ ပြောပြပါတယ်။

အန်တီစန်းနဲ့ ဒီနေ့ခေတ်လူငယ်တွေအကြောင်း စကားစပ်မိလို့ပြောရာမှာ  လူငယ်တွေဟာ  စာမဖတ်ကြတော့ဘူး။ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူး။ တိုင်းပြည်က လူတွေ စီးပွားအရေးအဆင်ပြေမှ စာအုပ်တွေကိုဝယ်ဖတ်နိုင်မယ်လေ။ ကုန်ဈေးနှုန်းကြီးမြင့်မားမှု၊ နိုင်ငံရေး မပြေလည်မှုတွေက  တိုင်းပြည်ရဲ့အဓိကပြဿနာတွေပဲ။  ဘာပဲဖြစ်ဖြစ်ပါ စာဖတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒါနဲ့တဆက်တည်း သခင်နု ရေးတဲ့ "ရက်စက်ပါပေ့ကွယ်" စာအုပ်နဲ့ ပတ်သက်တဲ့ စာအုပ်အကြောင်းရှိရင် ပြောပြပါအုံးလို့ အန်တီစန်းကို မေတ္တာရပ်ခံဖူးပါတယ်။ 

"ဒါက ဒီလိုပါ.... ၁၉၈၀ မှာ ဖေဖေ မြန်မာပြည် ပြန်ရောက်လာတယ်။ ၁၉၈၃ လောက်က ဖြစ်မယ်။ ဖေဖေရေး သားတဲ့ "ရက်စက်ပါပေ့ကွယ်" စာအုပ်ကို ပြန်ထုတ်ဖို့ စာပေစိစစ်ရေးမှာတင်ပါတယ်။ အခြားစာအုပ်တွေလည်း ပါတယ်ထင်တယ်။ တနေ့မှာ ဦးနုရဲ့ "နာမည်ကြီး စာအုပ်ဖြစ်တဲ့  "ရက်စက်ပါပေ့ကွယ်"  စာအုပ်ကို သူတို့ ဖတ်ပြီးတော့ အန်တီစန်းကို   စာပေစိစစ်ရေးမှူးနဲ့ တွေ့ဖို့ခေါ်ပါတယ်။ ပထမတော့ ကောင်းကောင်းမွန်မွန်နဲ့စကား ပြောပါတယ်။ နောက်တော့  စာပေစိစစ်ရေးလူကြီးက ပြောပါတယ်။  ဖေဖေ့  စာအုပ်အထဲမှာ ပါဝင်အကြောင်း အရာအချို့မှာ မိနဲ့အဖ၊ သားနဲ့သမီး ဖတ်ဖို့  မသင့်လျော်တဲ့  စာကြောင်းတကြောင်း နှစ်ကြောင်းပါနေတယ်လို့ ဆိုပါတယ်။  ထိုစာကြောင်းတွေကို "လိပ်ပြာပုံဆွဲပြီး" ဖုံးကွယ် ဖျက်ပေးဖို့ ပြောလာပါတယ်။ အဲဒီမှာ အန်တီစန်း စိတ်ဆိုးလာတယ်။ လူကြီးရဲ့မျက်နှာကို တည်တည်ကြည့်ပြီး  "ကျမအဖေရဲ့စာအုပ်ဟာ မိနဲ့အဖ၊ သားနဲ့သမီး မသင့်လျော်အောင် ရေးထားတဲ့စာတပုဒ်မှ  မပါဘူးခဲ့ဘူး၊ ရေးလည်း မရေးဘူး။  အခုမှထုတ်တဲ့စာအုပ်လည်း  မဟုတ်ပါဘူး။ ဒီအရင်  ၁၉၄၁ က တကြိမ်၊ ၁၉၆၈ က တကြိမ် ထုတ်ဝေခဲ့ပါတယ်။ ကျမရဲ့အဖေ က ပန်းချီ ဆရာမဟုတ်ဘူး! မထုတ်ရဘူးဆိုလည်း ရတယ် ဟု  ဆိုကာ စာအုပ်အထဲက စာရွက်တွေကိုလုံးချေပြီး ပစ်ပေါက်လိုက်တယ်။ ပြီးတော့ ထပြန်လာခဲ့တယ်။

အိမ်ရောက်တော့ ဧည့်ခန်းမှာ အဲအချိန်မှာ ဦးဘိုနီ(ပြည်ထဲအရေးဝန်ကြီး) ထိုင်နေလျက်ပါ (ဦးဘိုနီက ဘဘကြီးဦးနုနဲ့ တွေ့ဖို့ ထိုင်စောင့်နေတာ၊ ဦးနုက ဘုရားခန်းမှာ တရားထိုင်နေတာ မပြီးသေးလို့   စောင့်နေတာဖြစ်မယ်) အန်တီစန်းက "အိမ်အထဲမှာ လူရှိလား?" မေးလိုက်တယ်။ အဲဒီအချိန်မှာ ဦးဘိုနီက " ရှိပါတယ်ခင်ဗျာ!" လို့ပြန်ဖြေတယ်။ အဲဒီမှာ-
"ဟာ စန်းစန်း ဘာဖြစ်လာတာလဲ" ဦးဘိုနီက ပြောတော့...
"အန်ကယ်တို့ရဲ့ စာပေစိစစ်ရေးလူကြီးနဲ့ စကားများ စိတ်ဆိုးလာတာလေ"
"ဘယ်လိုဖြစ်တာလဲ" ဆိုပြီး အန်တီစန်းကအကျိုးအကြောင်းပြောလိုက်တော့...
"ဒီကိစ္စအတွက် ဘာမှမပူနဲ့ အန်ကယ် ကူညီပေးမယ်" လို့ ဆိုပါတယ်။
ဒီလိုနဲ့  ဦးဘိုနီကောင်းမှုကြောင့်  ၁၉၈၃-၄ လောက်မှာ ဖေဖေ့စာအုပ် တော်တော်များ (ရက်စက်ပါပေ့ကွယ်၊ကျေးဇူးရှင်၊ ငရဲဆို ချိုနဲ့လားဗျို့၊ ကာမတဏှာ စတဲ့စာအုပ်များ) တို့ကို စာပေစိစစ်ရေးမဖြတ်ရဘဲ ထုတ်ဝေခွင့်ရခဲ့ပါတယ်"

အမှန်တော့ အန်တီစန်းဟာ မဟုတ်မခံတတ်တဲ့စိတ်ရှိသူ ဖြစ်ပါတယ်။ ဦးနု၏ သားသမီးများပီပီ အမှန်တရားမြတ်နိုးတတ်ပါတယ်။

ဤစာဆောင်းပါးရဲ့  နိဂုံးကို "ရက်စက်ပါပေ့ကွယ်" ဝတ္ထုနိဒါန်းထဲက နောက်ဆုံးစာနဲ့ အဆုံးသတ်ပေးချင်ပါတယ်။ 

အဲဒါက..    သခင်နု ရေးတဲ့ "ရက်စက်ပါပေ့ကွယ်" ဝတ္ထုထဲက (ဇာတ်လိုက်) ရန်ရှင်းကဲ့သို့ နောက်လိုက်သခင်များ အမြောက်အမြားရှိခဲ့လေတယ်။ ထိုသခင်များ၏ စွန့်စားချက်ကြောင့်သာမဟုတ်ခဲ့လျှင် သခင်အရေးတော် ပုံကြီးမှာ ဘယ်နည်းနှင့်မျှ မဖြစ်မြောက်နိုင်ပေ။ ဤအမျိုးမျိုးအဖုံဖုံ စွန့်စားခဲ့သော်လည်း ပေါ်လွင်ခြင်းမရှိဘဲ တိမ်မြုပ်နေသော သခင်များအတွက် ဗမာတမျိုးသားလုံးက အမှတ်တရ ဖြစ်နေကြစေရန်မော်ကွန်းထိုးသည့်အနေနှင့် ဤဝတ္ထုကို ရေးသားလိုက်ရပေတည်း။

၁၃၀၅၊ နယုန်လပြည့်နေ့ 
သခင်နု
ရေးသားထားပါတယ်။

(မှတ်ချက်- အန်တီစန်းအကြောင်း ရေးဖို့ အကြောင်းဆက်စပ်ဖန်လာတာကတော့  စာရေးသူဟာ ပြည်ထောင်စုလမ်းမှာရှိတဲ့  "ဦးနုနေအိမ်ပြခန်း(ခ)ဦးနုပြတိုက်"မှာ ပြတိုက်မှူးဘဝ။ စာကြည့်တိုက်ပညာဘွဲ့အတွက် "ဦးနုစာစုစာရင်း-(၂၀၁၄-၁၅) ပြုစုရခဲ့တဲ့ဘဝ။ ထိုထိုအချိန်တွေမှာ ဦးနုမိသားစု၊  အန်တီစန်းမိသားစုတို့ နဲ့ မိသားစု သဖွယ် ဝင်ထွက်သွားလာနေခဲ့ရပါတယ်။ အဲဒီမှာ အန်တီစန်းတို့နဲ့ စားကြ သောက်ကြရင်း၊ စကားပြောကြရင်း ဘဘကြီးဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ ဗိုလ်လက်ယျာ၊ ရဲဘော်ဂိုရှယ်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ စတဲ့နိုင်ငံရဲ့ခေါင်းဆောင်တွေ ပတ်သက်တဲ့အကြောင်းအရာတွေ အန်တီစန်း သိရသလောက် ပြောပြပေးခဲ့ပါတယ်။ ထိုအကြောင်းအရာအားလုံးဟာ တဆက်တည်း ပြောတာမဟုတ်ပါဘူး။ တီးမှမြည်တဲ့ စည်ကြီးလိုပါပဲ အန်တီစန်းက မေးမှ ပြောတတ်တာပါ။ အကြောင်းသင့်ရင် ထပ်ရေးချင်ပါသေးတယ်။ အမှားတစုံတခု ပါခဲ့သည်ရှိသော် မေတ္တာရှေ့ထားပြီး သည်းခံခွင့်လွှတ်ပါရန် တောင်းပန်းအပ်ပါတယ်။)

မျိုးသန့်ထွန်း(စစ်ကိုင်း)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar