Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ ရက်မြောက်နေ့ မြင်ကွင်း

Than Htay Maung


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖေါ်ဝါရီ ၂ ရက်

စစ်အာဏာသိမ်းမှု တနှစ်ပြည်ံ့ နှစ်လည်နေ့

ကောင်းတဲ့ ကိစ္စရပ်၊ အမှတ်ရချင်စရာကိစ္စရပ်တွေကို အမှတ်တရ အဖြစ် အထိမ်းအမှတ်အဖြစ် သုံးနှုန်းကြတယ်လို့ လေ့လာမိပြီး ကောင်းတဲ့အမှတ်ရစရာ မဟုတ်တဲ့ ကိစ္စရပ်တွေ ၊ ဝမ်းနည်းစရာ၊ နာကျည်းစရာ၊ စိတ်နာစရာကိစ္စမျိုးကိုတော့ နှစ်လည်နေ့ဆိုတဲ့ စကားလုံးမျိုးသာ သုံးစွဲကြတာတွေ့ရပါတယ်။ တချို့ကတော့ အထိမ်းအမှတ်လို့ သုံးကြတာလည်းတွေ့ နေရပါတယ်။

ပြီးခဲ့တဲ့နှစ် အခုရက် ဇန်နဝါရီ ၃၁ ရက်နေ့ည ညည့်နက်တဲ့အထိ သတင်းတွေ၊ ဖေ့စ်ဘွတ်ပေါ်က ပို့စ်တွေကို ဖတ်ရှုရင်း နောက်တနေ့နံနက်မှာ ကျင်းပမယ့် လွှတ်တော်ပထမဆုံးနေ့မှာ ဘယ်လိုဖြစ်မလဲဆိုတာ သို့မဟုတ် အဲဒီအဆင့်ထိ မရောက်ပဲ စစ်တပ်ကအာဏာသိမ်းမှာလား ဆိုတဲ့ ဖြစ်နိုင်ချေတွေကို တွေးပြီး အိပ်ယာဝင်ခဲ့ပါတယ်။ နံနက် ၃နာရီခွဲမှာအိပ်နေရာက တချက်နိုးလာချိန် ခေါင်းအုံးအောက်က ဖုန်းပေါ်က ဖေ့စ်ဘွတ်နောက်ဆုံးပို့စ်ကို တချက်ကြည့်မိလိုက်ချိန်မှာ စစ်အာဏာသိမ်းတာတော့ ဖြစ်ပြီလို့ သိလိုက်ပြီး အိပ်ယာကထ စားပွဲမှာထိုင်ကာ ကွန်ပျူတာ ဖွင့်ကြည့်မိပါတော့တယ်။ ၃နာရီကျော်ကျော်မှာ တွေ့မိတဲ့ ပို့စ်က မြို့နယ်အန်အယ်လ်ဒီဥက္ကဌတယောက်ကို နံနက် ၂နာရီကျော်မှာ စစ်ကားတွေနဲ့ လာပြီးဖမ်းဆီးသွားတဲ့ အကြောင်းဖြစ်ပါတယ်။ ပြည်နယ်တခုရဲ့ နယ်မြို့လေးတမြို့မှာ ဖြစ်ပွားတာဖြစ်ပြီး ကွန်ပျူတာဖွင့်ကာ သတင်းသမားအချို့ လိုင်းပေါ်မှာ အကောင့်မီးစိမ်းနေတော့ ကိုယ်ကြားသိရတဲ့ အချက်ကို ပြောပြလိုက်ချိန်မှာ သူတို့က နေပြည်တော်က အဖြစ်အပျက်တွေနဲ့ ဝန်ကြီးချုပ်တွေ ထိန်းသိမ်းခံရတဲ့ သတင်းတွေ ပြောပြပြီး စစ်အာဏာသိမ်းမှု ဖြစ်ပြီဆိုတာ သေချာသွားပါတယ်။ မလိုလားဆုံးအရာ မြန်မာနိုင်ငံသမိုင်းမှာ ဆယ်စုနှစ်အနည်းငယ်တိုင်း တကျော့ပြန် ဖြစ်လေ့ရှိတဲ့အရာ ဖြစ်ပျက်လာခဲ့ပါပြီ။

အဲဒီနေ့ အဲဒီအချိန်ကတော့ နောက်တရက် ဘာဖြစ်မလဲ နောက်သီတင်းပတ်မှာ ဘာဖြစ်မလဲ သို့မဟုတ် နောက် ၁လမှာ ဘာဖြစ်လာမလဲဆိုတာ ဘာမှ မှန်းဆလို့မရသေးပေမယ့် မြန်မာ့နိုင်ငံရေးအနာဂတ်ဟာ ဖြေရှင်းရခက်ခဲတဲ့ သံသရာတခု ဝဲဂယက်တခုထဲ ပြန်ကျဆင်းသွားပြီလို့တော့ ခံစားလိုက်ရပါတယ်။

ဇန်နဝါရီလရဲ့ လဆန်းပိုင်းကတည်းက စစ်တပ်က ရွေးကောက်ပွဲမဲစာရင်းတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ တခုပြီးတခုလုပ်နေခဲ့ရာမှာ စစ်အာဏာသိမ်းနိုင်ခြေရှိတယ်ဆိုတဲ့ အမြင်ဆွေးနွေးမှုတွေ မီဒီယာတွေရဲ့ သုံးသပ်ချက်တွေ၊ ဆွေးနွေးပွဲစကားဝိုင်းတွေ ဖေါ်ပြနေခဲ့ကြတာပါ။ နောက်ဆုံးလွှတ်တော်ခေါ်ဖို့ ကြံ့ခိုင်ရေးပါတီက ကမကထလုပ် တောင်းဆိုတာတွေ၊ ကော်မရှင်ကို မဲစာရင်းမိတ္တူကူးခွင့်ပြုဖို့ တပ်က တောင်းဆိုတာတွေ၊ ဒီဇင်ဘာလလောက်ကတည်းက ရခိုင်ပြည်နယ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပဖို့ လမ်းကြောင်းပေးတဲ့ တပ်ရဲ့ပြောဆိုမှုတွေက ပုံမှန်အနေအထားမဟုတ်တာကို သတိပြုမိပြီး ဇန်နဝါရီလရဲ့ နောက်ဆုံးသီတင်းပတ်မှာတော့ စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်ပြောခွင့်ရပုဂ္ဂိုလ်က စစ်အာဏာမသိမ်းဘူးလို့ ပြောလို့မရကြောင်း ထုတ်ပြောလိုက်တဲ့နေ့ဟာ ၂၆ ရက်နေ့ ဖြစ်ပါတယ်။ ဒီရက်တွေမှာ NLD နဲ့ စစ်တပ်အကြား ဆွေးနွေးညှိနှိုင်းဖို့ ကိုယ်စားလှယ်တချို့ တွေ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပြီး အောင်မြင်သလား မအောင်မြင်သလား ဘယ်လို အချက်ပေါ် အခြေခံပြီးဆွေးနွေးသလဲဆိုတာတော့ အသေးစိတ်မသိကြရပါဘူး။

နိုဝင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ နိုင်ငံတကာက ဧည့်သည်တွေအနေနဲ့ နီပွန်ဖောင်ဒေးရှင်းက ဆာဆာကာဝါက နိုဝင်ဘာလမှာ လာခဲ့ပြီး တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီလလယ်မှာ လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကာလတွေကတည်းက စစ်တပ်က အာဏာသိမ်းနိုင်ဖို့ အခြေအနေကို ပြင်ဆင်နေကြပြီး နိုင်ငံတကာ ကလာတဲ့ သံတမန်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အန်အယ်လ်ဒီအစိုးရကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မသမာမှုတွေရှိတယ်ဆိုတာမျိုး ကြိုပြီးအသိပေးထား တနည်း စကားလမ်းကြောင်းထားတယ်လို့ ယူဆရပါတယ်။

အဲဒီလို စကားလမ်းကြောင်းလာတဲ့ ပြင်ဆင်လာတဲ့ စစ်အာဏာသိမ်းဖို့ ပြင်ဆင်မှုတွေဟာ ဇန်နဝါရီလရဲ့ နောက်ဆုံးရက် သန်းခေါင်အကျော် ဖေဖေါ်ဝါရီ ၁ရက်နေ့ရဲ့ အာရုံမတက်ခင် မှာ လက်တွေ့ အကောင်အထည်ဖေါ်ခဲ့ပြီဖြစ်ပါတယ်။ တချို့သော စစ်အာဏာသိမ်းမှုတွေဟာ မမျှော်လင့်ထားတဲ့အချိန်မှာ ရုတ်တရက် အလစ်အငိုက်အနေနဲ့ သိမ်းယူတာမျိုး ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကတော့ သီတင်းပတ်နဲ့ ချီပြီးအရိပ်အယောင်ပြ စကားလမ်းကြောင်းခင်းလာတာအပြင် မသိမ်းဘူးလို့ မယူဆနိုင်ကြောင်းအထိ ထုတ်ပြောခဲ့တဲ့ အာဏာသိမ်းမှုပါ။

ဘဝမှာ စစ်အာဏာသိမ်းမှုကို ၈၈ ခုနှစ်ကတကြိမ် ခု ၂၀၂၁ခုနှစ်မှာတကြိမ် ၂ ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီး စစ်အာဏာသိမ်းမှုတွေက လူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကို ဖျက်ဆီးရိုက်ချိုးသလို ဖြစ်စေခဲ့ပြီး ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးတုန်းကလည်း လူငယ်တွေရဲ့ နာကျည်းမှု ၊ လက်တုံ့ပြန်မှု၊ လူငယ်တွေရဲ့ ဘဝရဲ့ လမ်းကြောင်းပြောင်းလဲသွားတာတွေ လှိုင်းလုံးကြီးတလုံးရိုက်ခတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ လူငယ်တွေ စာသင်ကျောင်းတွေကနေ တောထဲရောက်ကုန်ကြ၊ အဲဒီနောက်မှာ အချို့က တခြားနိုင်ငံတွေဆီရောက်ကုန်ကြသလို ထောင်နဲ့ချီတဲ့ လူငယ်တွေလည်း သူတို့ရဲ့ လူငယ်ဘဝကို တောထဲ တောင်ထဲ လက်နက်ကိုင် အနေနဲ့ ဖြတ်သန်းခဲ့ကြသလို ရာနဲ့ချီတဲ့ သူတွေလည်း လက်နက်ကိုင် တိုက်ပွဲတွေထဲ ပဋိပက္ခတွေထဲ အသက်ဆုံးရှုံးခဲ့ကြပါတယ်။ ၊ တောခိုသူတွေတင်မကပါဘူး မြို့ပေါ်က လူငယ်တွေ ထောင်နဲ့ချီပြီး အကျဉ်းထောင်တွေထဲ ရောက်ကုန်ကြတာတဲ့ လှိုင်းတွေက ဆယ်စုနှစ်နဲ့ချီပြီးရိုက်ခတ်ခဲ့တာပါ။

အခု ၂၀၂၁ ခုနှစ် မှာ ရိုက်ခတ်တဲ့ လှိုင်းက ၈၈ခုနှစ်ထက် ပိုပြင်းထန်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ လူအင်အားရော ငွေအင်အားပါ ၈၈ ခုနှစ်ထက်ပိုများခဲ့ပါတယ်။ အသက်သေဆုံးမှု အရေအတွက်အရတော့ ၈၈ခုနှစ်က အချိန်တိုတိုအတွင်း လူ ၃ ထောင်လောက်ကို ပစ်သတ်ခဲ့ပြီး ခု ၂၀၂၁ ခုနှစ် အရေးအခင်းမှာတော့ ခုချိန်ထိ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ အရပ်သား သေဆုံးမှုတွေကို AAPP မှတ်တမ်းတင်မှုအရဆို ၁၅၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ အမှန်တကယ် ကိန်းဂဏန်းက ဒိထက်ပိုနိုင်ဖွယ်ရာသာရှိပါတယ်။

တနှစ်ပြည့်တဲ့ကာလမှာ သေဆုံးမှု ၊ ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ မှတ်တမ်းတင်မှု၊ ခုခံကာကွယ်နိုင်မှုတွေ မှတ်တမ်းတင်မှုတွေ အပြင် အရေးအကြီးဆုံးတာဝန်တရပ်က နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ ပြီးခဲ့တဲ့ တနှစ်တာမှာ ဘယ်လမ်းစဉ်တွေက အောင်မြင်ခဲ့သလဲ ဘယ်လမ်းစဉ်တွေက အလုပ်မဖြစ်ခဲ့ဘူးလဲ၊ အရပ်သား၊ လူထုကို အကာအကွယ်ပေးခြင်း သို့မဟုတ် ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုနည်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးသင့်သလဲ ဆိုတဲ့ ပြန်ပြောင်း သုံးသပ်ခြင်း၊ ရိုးသားပွင့်လင်းစွာ ပြန်သုံးသပ်ပြင်ဆင်ခြင်းက အရေးတကြီးလိုအပ်တယ်လို့ ထင်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးမှာ အယူဝါဒ မတူလို့၊ တိုင်းရင်းသား လူမျိုးစုပြည်နယ် လူမျိုးစု ကိုယ်ပိုင်ပြဌါန်းခွင့် စကားလုံးသာမဟုတ်တဲ့ အနှစ်သာရအားဖြင့် ဖက်ဒရယ် အယူအဆကို လက်မခံလို့၊ စစ်တပ်က နိုင်ငံရေးသမားတွေကို ဖယ်ရှားပြီး သူတို့သာ နိုင်ငံကို အုပ်ချုပ်နိုင်တယ် တိုင်းရင်းသား လက်နက်ကိုင်တွေကို ထိန်းချုပ်နိုင်တယ် ဆိုတဲ့ အယူအဆတွေ ၊ ရှုမြင်မှုတွေ ရပ်တည်ချက်တွေနဲ့ သမိုင်းတကျော့ပြီးတကျော့ လည်ခဲ့တာ ဖြစ်ပါတယ်။

ဒီသမိုင်း သံသရာလည်ခြင်း အဆိုးသံသရာလည်ခြင်း လက်နက်ကိုင်ထားသူတွေက နိုင်ငံရေးကို ဆုံးဖြတ်သူ ဖြစ်နေခြင်းစတဲ့ အဆိုးသံသရာ ကွင်းဆက်တွေကို ရပ်ပစ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်။

တနှစ်ပြည့်တဲ့အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ၊ အင်အားကြီး သြဇာကြီးတဲ့နိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ခတ်မှုတွေ တိုက်တွန်းမှုတွေ လုပ်ဆောင်နေတာသတင်းတွေထဲတွေ့ရမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေလည်း ပေးနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲက ဖွံ့ဖြိုးပြီးနိုင်ငံစီးပွားရေး အင်အားကြီးတဲ့နိုင်ငံတွေကို အကူအညီငွေ သန်း ၈၂၀ ကျော် တောင်းခံထားတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။

နိုင်ငံတကာရဲ့ အကူအညီ အားပေးထောက်ခံမှုဟာ မရှိမဖြစ် အရေးကြီးသော်လည်းပဲ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ အဖြေရှာနိုင်ဖို့က ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေ၊ အာဏာလက်ဝယ်ထိန်းချုပ်ထားသူတွေ ရဲ့ ရပ်တည်ချက်၊ အမြော်အမြင်က အရေးပိုကြီးတယ်လို့ ထင်မြင်မိပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာကို ဝါကျတကြောင်းထဲနဲ့ ချုံ့ပြောရရင်တော့ ရွေးကောက်ပွဲပြီးနောက် ရက် ၉၀ မပြည့်မီတပတ်နီးပါးအလိုမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီ လျှောက်လှမ်းချီတက်နေပြီလို့ မြန်မာနိုင်ငံအနေနဲ့ရော ကမ္ဘာကပါ မှတ်ယူကျတဲ့ မြန်မာနိုင်ငံဟာ တနှစ်တာအတွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ နေရာဒေသအနှံ့၊ အပြစ်မဲ့သူတွေ အသက်သေဆုံးရမှုတွေ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ လူနေအိမ် ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးခံရမှုတွေက နေ့စဉ်ဘဝလို ဖြစ်လာနေပြီ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar