Breaking News

ညိုထွန်းလူ — အမှောင်


ညိုထွန်းလူ — အမှောင်

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၂

ငယ်ငယ်တုန်းက မည်သူ ပြောလိုက်မှန်းမသိ အာလာဒင်နှင့် မီးခွက်စောင့်ဘီလူးပုံပြင်ကို မှတ်မှတ်ရရရှိနေခဲ့သည်။အရွယ်မမည်သေးသည့်ကလေးတွေမို့ သိသလောက်သာ အချင်းချင်း လက်ဆင့်ကမ်းကြရခြင်းဖြစ်၍မပြည့်စုံ။နားထောင်ရတာလည်း အားမရခဲ့။ ကျောင်းစာကြည့်တိုက်ကိုရောက်သွားပြီး အာလာဒင်ပုံပြင်စာအုပ်ကိုဖတ်ခွင့်ရလိုက်တော့မှ အားရကျေနပ်သွားပြီး သဘောကျ၍မဆုံးတော့ပြီ။ ဖတ်နေရင်းဖြင့် အာလာဒင်သည် ကျွန်တော့်အနားမှာ ရောက်နေသည့်နှယ်။ ထိုစဥ်က အသက်ငယ်သေး၍ သူက မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမှ နေထိုင်သည်ဆိုတာကို မသိခဲ့သော်လည်း ကျွန်တော်တို့လို ကလေးပဲဖြစ်နေ၍ သူ့အကြောင်းကို စိတ်ဝင်စား၍နေမိသည်။

တနေဝင်၍ အမှောင်ရောက်လာခဲ့ပြီ။ ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ် ဆိုသည့်အတိုင်း အမှောင်ကိုခွင်းဖို့ မီးခွက်တွေ ထွန်းလိုက်ကြပြီး ထန်းရွက်တဲကလေးတွေဆီက အလင်းရောင်သည် ပိုးစုန်းကြူးတွေလို လင်းလက်တောက်ပလာခဲ့သည်။ သို့ရာတွင် ထိုအလင်းရောင်သည် ရေနံဆီဖိုး အကုန်မခံနိုင်ကြ၍ တခဏမျှသာ။ မီးခွက်အလင်းရောင်ပျောက်သွားသည်နှင့် အမှောင်က ပြန်လည်ရောက်လာစမြဲ။

လရောင်လင်းသည့်အချိန်မျိုးတွင် မည်သူမျှ မီးခွက်မထွန်းကြတော့။ ပြီးတော့ အမှောင်ထဲမှာ နေသားကျနေ၍ မီးခွက်ကို အရေးပေါ်အသုံးပြုသည့် ပစ္စည်းတစ်ခုလိုပဲ သဘောထားကြသည်။ ထို့အတူ အချိုးအကွေ့တွေ၊ ကျင်းတွေ၊ ချိုင့်တွေ အဖုအထစ်တွေရှိနေသည့် ရွာထဲက လမ်းအနေအထားကို သိနေပြီးသားမို့ ညအချိန် တစ်အိမ့်တစ်အိမ်ကို သွားလျှင်လည်း မီးခွက်ဆောင်စရာ မလိုခဲ့။

မီးခိုးငွေ့ပါးပါး လွင့်တက်နေသည့် မီးခွက်ကို ကျွန်တော် စူးစိုက်၍ ကြည့်နေမိသည်။ မီးစာထိပ်က သီးနေသည့် မင်လုံးကလေးတွေကို လက်ဖြင့်တောက်လိုက်တော့ အလင်းရောင်သည် ဖျတ်ခနဲ လင်းလက်တောက်ပသွားစမြဲ။ တခါတရံတော့ လက်ညှိုးကလေး ဆန့်ထုတ်ပြီး တောက်လောင်နေသည့် မီးညွန့်တွေထဲကို အကြိမ်ကြိမ်အခါခါ ဝှေ့ယမ်းဖြတ်သန်းကြည့်တတ်သည်။ ပူလောင်သည့် အထိအတွေ့ မခံစားရ။ ဆိုရလျှင် ရေနံဆီတန်ခိုးဖြင့် လင်းနေသည့်မီးခွက်သည် ကျွန်တော့်အတွက် အပျင်းပြေကစားစရာတစ်ခုပမာ။ သည့်ထက်မပို။

သို့ရာတွင် အာလာဒင် ပုံပြင်ဖတ်ပြီးတော့ ကျွန်တော့်အမြင်တွေ ပြောင်းလဲသွားခဲ့သည်။ မီးခွက်ကလေးထဲမှာ အာလာဒင်၏ မီးခွက်စောင့်ဘီလူးလိုပဲ ခိုင်းစေရာကို နာခံမည့် ဘီလူးများ ရှိနေမည်လားဟု တွေးလေ၏။ ထိုအတွေးသည် တစ်ညထက်တစ်ည ရင့်သန်ကြီးမားလာပြီး မီးခွက်စောင့်ဘီလူးကို ခေါ်ထုတ်ဖို့ တွန်းအားတွေပေးနေလျှက်။ သည်လိုဖြင့် တစ်နေ့တွင် မီးခွက်ထဲက ရေနံဆီတွေကို သွန်ပစ်လိုက်ပြီးနောက် မီးခွက်ကိုသဲဆပ်ပြာကြမ်းဖြင့် အထပ်ထပ်အခါခါ ပွတ်တိုက်လိုက်သည်။ ကြေးအထပ်ထပ်ရှိနေသော မိတ်အင်မန္တလေးသံဖြူတန်းက မီးခွက်သည် လင်းလက်တောက်ပြောင်၍လာခဲ့ပြီး ကျွန်တော့်မျှော်လင့်ချက်တွေကလည်း အားကောင်းလာခဲ့၏။

မီးခွက်စောင့်ဘီလူး ထွက်လာလျှင်တော့ ပထမဆုံး ကျွန်တော် ကြိုက်သည့် ဖာလူဒါနှင့် ပေါင်မုန့်နို့ဆမ်းကို အမြန်ယူလာခဲ့ဖို့ သူ့ကို ခိုင်းရမည်။ ထို့ပြင် တဝရွာဘုရားပွဲတုန်းက အမေ ဝယ်မပေးခဲ့သည့် ဖော့သေ

နတ်ကလေးကိုလည်း ကိုယ့်ရှေ့တော်မှောက်သို့ အမြန်ပို့ဆောင်ပေးဖို့ အမိန့်တော်ချမှတ်ရဦးမည်။ ဒါတင်လားမကသေး၊ ရွာကလမ်းတွေနှင့် တဲသာသာအိမ်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်ဆင်းခိုင်းရဦးမည်။ တစ်ရွာလုံး တိုက်တာအဆောက်အအုံတွေ ဖြစ်သွားပြီး လမ်းတွေကိုလည်း ကတ္တရာလမ်းခင်းထားလိုက်လျှင် ဘယ်လောက်ဟန်ကျလိုက်မည်လဲ။ စိတ်ကူးထဲမှာ ကျွန်တော့်ပရောဂျက်တွေကလည်း များမှများ။ ယင်းသမို့ကြောင့် ကျွန်တော်သည် ယုံကြည်မျှော်လင့်ချက်ကြီးစွာဖြင့် မီးခွက်ကို အထပ်ထပ်အခါခါ ပွတ်တိုက်နေမိပါလေ၏။ မီးခွက်သည် သူ့နဂိုရုပ် ပေါ်လာပြီး ဝင်းသည်ထက် ဝင်းလာသောအခါ မီးခွက်စောင့်ဘီလူး ထွက်လာတော့မည့်အချိန် သိပ်မလိုတော့ဟု တွေးလိုက်၏။

ခက်တာက အောင်မြင်မှုရခါနီးသည့်အချိန်တွင် အဖျက်အမှောင့်တွေ ရောက်လာတတ်သည်ကို မေ့လျော့နေမိသည်။ ကျွန်တော့်အနားသို့ ရုတ်တရက် ရောက်လာခဲ့သည့် အမေသည် ကျွန်တော့် အားထုတ်ဆောင်ရွက်မှုတွေကို အရေးမလုပ်။ ရင်ဘတ်စည်တီးဖြင့် အမယ်လေး ရေနံဆီတွေ ကုန်ပါပြီတော်ဟု မြည်တမ်း၏။ထို့နောက် ကြီးစွာသော ဒေါသအမျက်တွေနှင့် ကျွန်တော့်ကျောပေါ်သို့ ဗြောတင်လေတော့၏။ ခက်ပေစွ။ ကျွန်တော့်အားထုတ်မှု အောင်မြင်သွားခဲ့လျှင် ရေနံဆီ ဆယ်ပြားဖိုး ကုန်တာလောက်များ ဘာအရေးစိုက်စရာလိုတော့မည်နည်း။ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ မတ်စေ့၊ ငါးမူးစေ့နှင့် ကျပ်ပြား စသဖြင့် ပိုက်ဆံတွေကိုလည်း အိမ်အပြည့်ထားနိုင်သည်ပဲ။ ယခုတော့ အရာရာကို နှမြောတတ်လွန်းသည့် အမေ့ကြောင့် ကျွန်တော့်အားထုတ်မှုတွေ ရေစုန်မျောကုန်တော့သည်။ မီးခွက်စောင့်ဘီလူးလည်း အမေ့ကို ကြောက်ရွံ့သွားဟန်တူ၏။ ကျွန်တော့်ဆီသို့ ရောက်မလာ။ သို့ဖြင့် ကျောပြင်ဆီက စပ်ဖျဥ်းဖျဥ်းနေရာတွေကို လက်ဖြင့် မမီမကမ်း ပွတ်ရင်း ငိုချင်းချရလေတော့သည်။

ကမ္ဘာဦးလူသားတို့သည် အလင်းရောင်အတွက် နေမင်းကြီးကို တောင့်တခဲ့ကြသော်လည်း ခေတ်သစ်ကမ္ဘာကြီးမှာတော့ သောမတ်အယ်ဒီဆင်၏ ကျေးဇူးကြောင့် လျှပ်စစ်မီးတွေ တဝင်းဝင်းဖြင့် လောကသစ်ကိုတည်ဆောက်နိုင်ခဲ့ကြပြီ။ ကျွန်တော်သည်လည်း မန္တလေးမြို့ကြီးမှာ နေထိုင်ရင်း လျှပ်စစ်မီးကြောင့်
ရရှိလာသည့် အကျိုးကျေးဇူးတွေကို ခံစားခဲ့ရဖူးသည်။ အဟောဝတ ကောင်းလေစွ။ ခံစားခဲ့ရဖူးသည် ဆိုတာက ဆန့်ကျင်ဘက်မှာ လျှပ်စစ်မီး အချိန်ပြည့်မရသည့်အဖြစ်ကို ကြုံခဲ့ရသည်ကော။

၁၉၈၉ ခုနှစ်ကတည်းက လျှပ်စစ်မီးသည် မူမမှန်တော့။ တစ်နေ့ ရှစ်နာရီပဲ လာ၏။ ကျေးဇူးရှင် ရောက်လာသည့် အချိန်ကလေး ဘက်ထရီ အင်ဗာတာအိုးတွေ အားသွင်းရ။ မီးပူတိုက်ရ။ အိုးခွက်ပန်းကန်တွေ ဆေးရ။ မော်တာဖွင့်ပြီး ရေတင်ရ စသည်ဖြင့် လုပ်စရာရှိတာမှန်သမျှ တက်သုတ်ရိုက်ပြီး လုပ်ကြရသည်။ လျှပ်စစ်မီးမလာသည့်အချိန်မှာတော့ ဘက်ထရီ မီးရောင်မှိန်မှိန်ထဲမှာပဲ နေရသည်။ တတ်နိုင်သူတွေကတော့ မီးစက်ကြီးတွေ နှိုးပြီး အလင်းဆောင်ထားကြသည်။

တစ်ရပ်ကွက်လုံး တချို့နေရာများတွင် မှောင်၏။ တချို့နေရာများတွင် လင်းနေ၏။ မီးစက်သံတွေကလည်းတဒုန်းဒုန်း ဆူညံနေလျက်။ နေ့ရက်တွေကို လျှပ်စစ်မီးလာသည့်အချိန်ဖြင့် တိုင်းတာသည်။ နောက်တစ်နေ့အလုပ်လုပ်မည့် အရေးကိစ္စကိုလည်း လျှပ်စစ်မီးကို အခြေပြု၍ ဆုံးဖြတ်ကြသည်။

မဆလခေတ်တုန်းက လျှပ်စစ်ဖြင့် နိဗ္ဗာန်တည်ဆောက်အံ့ဆိုလား၊ လျှပ်စစ်ဌာနက ကြွေးကြော်ခဲ့ဖူးသည်။သည်နှယ် ကြွေးကြော်ခဲ့ကြသူတွေက နိဗ္ဗာန်သို့ ရောက်ကုန်ကြ၍ ကျွန်တော်တို့ ဒုက္ခတွေကို မေ့လျော့ကုန်ကြပြီလား မပြောတတ်။

လျှပ်စစ်မီးကို တမ်းတရင်း ခံစားခဲ့ရသည့် ဒုက္ခတွေကလည်း တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်းမက ကြုံ

တွေ့နေရသည်မို့ ကြာတော့ လူလည်းထုံသွားပြီး ဒုက္ခဟူ၍ မမှတ်တော့ပြီ။ ၂၀၁၅ ခုနှစ်မှစ၍ လျှပ်စစ်မီးအပျက်နည်းသွား၍ တယ်နိပ်ပါကလားဟု တွေးသည်။ အဲယားကွန်း၊ ပန်ကာနှင့် ရေခဲသေတ္တာသည် ဇိမ်ခံပစ္စည်းမဟုတ်။ လူသားတွေအတွက် လိုအပ်သည့်ပစ္စည်းတွေ ဖြစ်သည်။ ကျွန်တော်ကား နေ့လယ်ခင်း အပူချိန်ပြင်းထန်သည့်အချိန်တွင် အဲယားကွန်းဖွင့်ထားသည့် အခန်းထဲမှာ နေ၏။ လက်ကိုင်ဖုန်းဖွင့်ပြီး အင်တာနက်ကမ္ဘာထဲသို့ ရောက်နေ၏။ စည်းစိမ်ကြီးလှချည့်။ ပူအိုက်သည့်အချိန်တိုင်း တဖျပ်ဖျပ်ခတ်ခဲ့ရသည့် ယပ်တောင်ကလေးကိုလည်း မေ့လျော့သွားခဲ့ရပြီ။ သည်မှာပင် ဘဝင်မြင့်ချင်ချင်ဖြစ်သွားပြီး အနတ္တသဘောကို သတိမပြုမိဘဲ ဖြစ်သွားခဲ့သည်။

* * *

ယခု နွေဦးရာသီ  ရောက်လာခဲ့ပြီ။လျှပ်စစ်မီးကပုံမှန်မဟုတ်တော့။ယခင်ကခံစားခဲ့ရသည့်ဒုက္ခတွေကိုပြန်လည်သတိရသည်။ တကယ်တော့ကျွန်တော်တို့၏ ရှင်သန်ကြီးပြင်းမှုသည် ဘဝစက်ဝန်းထဲမှာ မြွေလှေကား ကစားနေရသလို ဖြစ်နေသည်။ ကောင်းသည့်အရာကို စိတ်ဖြောင့်ဖြောင့်လေး အရသာမခံလိုက်ရ။ ပစ်လိုက်သည့် အံစာတုံးနံပါတ်က မြွေပါးစပ်ရှေ့မှာ ကွက်တိကျလိုက်သည်နှင့် မောရလေပြီ။ အောက်သို့ လျှောကျပြီး မူလနေရာသို့ ပြန်လည်ရောက်သွားသည်။ ထို့ကြောင့် လူ့ဘဝ၏ နေထိုင်မှုကို လျှပ်စစ်မီးရရှိမှုနှင့် အခြေပြု၍ တိုင်းတာခဲ့လျှင် စည်းစိမ်ရှိတာက နည်းပါးပြီး ဒုက္ခခံစားရတာက ခပ်များများဖြစ်နေသည်ကို တွေ့ရလေသည်။

လျှပ်စစ်မီးပျက်မှာ​ကို စိုးရိမ်ရသည့်အပြင် မီတာမဆောင်၍ လျှပ်စစ်မီးကြိုး လာဖြတ်သွားမှာကိုလည်း စိတ်ထင့်နေမိပြန်သည်။ သိပ်မကြာခင် ရာသီဥတုပူပြင်းလာသည်နှင့်အမျှ လျှပ်စစ်သုံးစွဲမှုတွေ မြင့်တက်သွားပြီး နေရာအနှံ့ ပြတ်တောက်မှုတွေ ဖြစ်လာတော့မည်။ ဆိုလာမီးနှင့် အစားထိုးနိုင်သော်လည်း သူကလည်း ယခုအချိန်မှာလူကြိုက်များနေသမို့ စျေးတက်နေ၏။ မီးစက်ဝယ်ပြန်တော့လည်း လောင်စာဆီစျေးနှုန်းက မသက်သာ။ ထားလိုက်တော့။ လျှပ်စစ်မီးမလာလျှင် ဖယောင်းတိုင်မီးထွန်းပြီး နေလိုက်တော့မည်ဟု စိတ်ကူးသည်။ သို့သော် အရေးကြီးသည့် ရေပြဿနာကို မေ့လျော့နေမိသည်။ မီးမလာလျှင် မော်တာဖွင့်ပြီး ရေမတင်နိုင်တော့။ အရေးထဲ စည်ပင်ရေပေးရေးကလည်း ဖောက်ပြန်ချင်ချင်။ ယခင်ကလို ခလုတ်ဖွင့်လိုက်တိုင်း ရေတွေ ဝေါခနဲ ပန်းထွက်မလာ။ ခွကျလိုက်ပါဘိ။

သို့ဆိုလျှင် ရာသီဥတုပူပြင်းသည့် မတ်လ ရောက်သည်နှင့် လူဦးရေများပြားသည့် ရန်ကုန်နှင့် မန္တလေးမှာ နေထိုင်ကြသူတွေခမျာ သည်ဒုက္ခတွေကို အီဆောင့်နေအောင် ခံကြရတော့မှာမလွဲ။ ထို့ပြင် ဥမ္မာခင်ကလည်းတမှောင့်။ မလွယ်ကြောပါကလား။

လျှပ်စစ်မီးမလာ၍ ဒုက္ခကြုံတွေ့ခဲ့ရသည့် နှစ်ကာလများဆီသို့ သံသရာတစ်ပတ်လည်ပြီး ပြန်ရောက်သွားမှာကိုကျွန်တော် ကြောက်သည်။ ဘက်ထရီမီးရောင်မှိန်မှိန်အောက်မှာ ခံစားမှုကင်းမဲ့စွာဖြင့် လှုပ်ရှားနေရသည့် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်သွားခဲ့သည်။ ရွာက လမ်းတွေကို မီးခွက်မပါဘဲ သွားခဲ့သလို ကိုယ့်အိမ်ထဲရှိအနေအထားက မှတ်ဉာဏ်ထဲမှာ စွဲနေ၍ မီးရောင်မလိုဘဲ အိမ်ရှေ့အိမ်နောက်သွားခဲ့သည်။ လျှပ်စစ်မီးလာ၍ ဟေးခနဲ အော်သံတွေကို ကြားလိုက်မိသလိုလို။

အသက်ကြီးလာ၍များလား မပြောတတ်ပါ။ အရာရာကို တွေးပူတတ်သည့်စိတ်တွေက များလာသည်မို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်လာခဲ့သည်။ ကိုယ့်ဘဝဖြတ်သန်းမှုကို သမင်လည်ပြန်ကြည့်မိသည်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေက အလေးကဲနေလျက်။ နေ့ရက်ပေါင်းများစွာကို သည်လိုပဲ ဖြတ်သန်းခဲ့ကြရသည်။ သေချာတွေးကြည့်လျှင် သည်အရာတွေက ကျွန်တော်တို့အား အမှောင်ထုတွေလို နံရံလေးဖက်မှ လွတ်လမ်းမမြင်နိုင်အောင် ပိတ်ဆို့ကာဆီးထားသည်ကို သတိမပြုမိခဲ့ကြ။

စိတ်ကို အကျဥ်းချထားစေသည့် နံရံတွေ။ ချင့်ချိန်တွေးဆမှုတွေ နည်းပါးနေတော့လည်း အရာရာကို စိုးရိမ်ပူပန်ခြင်း ထိတ်လန့်ကြောက်ရွံ့မှုတွေကပဲ ကိုယ့်ကိုဖုံးလွှမ်းထားသည်။ ဒါကလည်း လျှပ်စစ်မီးတွေ လင်းထိန်ပြီး ပွင့်လင်းမြင်သာ ကာလတစ်ခုကိုရောက်မှ ကိုယ့်အားနည်းချက်ကို တွေ့မြင်ရခြင်း ဖြစ်သည်။

အလင်းနှင့် အမှောင်သည် ဆန့်ကျင်ဘက်တည်ရှိနေလျက်။ တဆိတ်လောက် တွေးကြည့်ကြပါဦး။ ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်အလင်းရောင်တွေ ရှိနေသည်ကို သိကြပါရဲ့လား။ နှစ်ပေါင်းများစွာ ကြုံတွေ့လာသည့်ဘေးဒုက္ခမှန်သမျှကို ကြံ့ကြံ့ခံနိုင်ခဲ့ကြသည့် စိတ်ဓာတ်သည် ကျွန်တော်တို့ တန်ဖိုးဂုဏ်ရည်ကို ဖော်ပြနေသည့် ကိုယ်ပိုင်အလင်းရောင်တွေဟု ဆိုချင်ပါသည်။ အလင်းရောင်တွေ ထွက်လာဖို့အတွက် မီးခွက်စောင့်ဘီလူးထွက်လာအောင် မီးခွက်ကို ပွတ်တိုက်သလိုမျိုး စိတ်အာရုံမှာ ကပ်ငြိနေသည့် မကောင်းသည့်အရာမှန်သမျှကိုပွတ်တိုက်ဆေးကြောလိုက်မှ ဖြစ်တော့မည်။

အမှောင်နှင့် အလင်းသည် အားပြိုင်နေစမြဲ။ အဘယ်အတွက် စိုးရိမ်ကြောင့်ကြနေရမည်နည်း။ ဘာကြောင့်ထိတ်လန့်နေမည်နည်း။ ကျွန်တော်တို့၏ အင်အားသတ္တိတွေကို ကိုယ်စားပြုနေသည့် အလင်းရောင်သည် လေးဘက်လေးတန်မှ ကာဆီးထားသည့် အမှောင်ထုနံရံတွေကို ဖြိုခွဲနိုင်သည့်အလင်းရောင်တွေ ဖြစ်သည်။

အမှန်တော့ နံရံတွေဆိုတာကလည်း အသိအမြင်ကို ဝေဝါးပြီး စိတ်ကို ချောက်ချားအောင် ထင်ယောင်
ထင်မှားပြုနေခြင်းသာ။ နံရံတွေရှိနေ၍ အမှန်ကို မမြင်ရဘဲ အမှားတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေရသည်။ဟိုလူ ပြောတာ ဟုတ်နိုးနိုး၊ ဒီလူ ပြောတာ ဟုတ်နိုးနိုးဖြင့် အရာရာကို ကြောက်ရွံ့သင့်၊ မသင့် မခွဲခြားနိုင်။ 
ဒါတွေက ခေတ်စကားဖြင့် ပြောရလျှင် ကျွန်တော်တို့ဦးနှောက်ထဲသို့ ပြည့်သိပ်နေအောင် ထည့်ထားသည့် ဂျင်းတွေ
ဉာဏ်အလင်းပွင့်သွား၍ ကျွန်တော့်အတွေးတွေက ရှင်းသည်ထက် ရှင်းသွားခဲ့သည်။ ဖြစ်လာနိုင်သည့်အရေးအတွက် တွေးပူရတာမျိုးတွေ မရှိတော့ပြီ။ အမှောင်ပျောက်သွားသည်နှင့် အလင်းရောင်တွေ ရောက်လာစမြဲမဟုတ်ပါလား။ ဖြိုလှဲလိုက်တော့မည့် အမှောင်ထုနံရံတွေကို မြင်ယောင်သွားရင်း စိတ်လှုပ်ရှားသွားခဲ့သည်။ ပြီးတော့ အခန်းထဲက မုန့်ပုံးခွံပေါ်မှာ ထွန်းထားသည့် ဖယောင်းတိုင်ကို စိုက်ကြည့်နေမိပြန်သည်။
ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar