အောင်ဝေး — အပြာနဲ့ အဝါ
အောင်ဝေး — အပြာနဲ့အဝါ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂
ဥရောပ
နှင်းခဲလေထဲ
လွင့်နေတဲ့အလံ
အပြာနဲ့အဝါ။
အဓိပတိလမ်းက
ပန်းကံ့ကော်အဝါ။
အင်းလျားရေပြင်မှာ
ကောင်းကင်အရိပ်အပြာ။
နတ်နွယ်ရဲ့
အပြာနဲ့အဝါ။
ချစ်ခြင်းမေတ္တာအပြာ
ဉာဏ်ပညာအဝါ။
ကမ္ဘာကြီးမှာ
မိစ္ဆာတစ္ဆေ
များများလာတယ်။
အခု
မိစ္ဆာရဲ့ရန်စွယ်
တစ္ဆေရဲ့အန္တရာယ်ကြားမှာ
ယူကရိန်းအပြာနဲ့အဝါ။
တစ်ရံရောက
ရန်ကုန်ညမှာ
ယက်ဗ်တူရှင်ကို
ကဗျာရွတ်တယ်။
"ရုရှားတွေကစစ်ကိုလိုသတဲ့လား"
"ရုရှားတွေကစစ်ကိုလိုသတဲ့လား" တဲ့။
ပူတင်က
စစ်ကိုဆာတယ်။
ငါတို့က
ယူကရိန်းပြည်သူတွေအတွက်
နွေဦးကို
အပြာရောင် အဝါရောင်ခြယ်လိုက်တယ်။ ။
အောင်ဝေး
(ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar