Breaking News

ကိုကျော်(မြစ်ကြီးနား) — ယူကရိန်းပြဿနာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ မသေချာမရေရာဖြစ်နေ


ကိုကျော်(မြစ်ကြီးနား) — ယူကရိန်းပြဿနာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ မသေချာမရေရာဖြစ်နေ

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂။


ယူကရိန်းပြဿနာကြောင့် UEFA ချန်ပီယံလိဂ်ဘောလုံး ဖိုင်နယ်ပွဲစဥ်ကို ရုရှား  St Petersburg မှာ ကျင်းပဖို့ မသေမချာ ဖြစ်နေရပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်ကို မေလ ၂၈ ရက်နေ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မှာ ကျင်းပဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ 

UEFA ခေါင်းဆောင်ပိုင်းများက အခြေအနေကို အဆက်မပြတ် စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့မှာတော့ UEFA ဥက္ကဌ Aleksander Ceferin အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များက ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ UEFA မှ တစုံတရာ ထုတ်ပြန်ချက်မရှိသေးပါဘူး။

ရုရှားက ၂၀၁၄ ခုနှစ်မှာ ယူကရိန်း ခရိုင်မီးယားဒေသကို သိမ်းယူခဲ့တဲ့နောက်ပိုင်း UEFA မှ ရုရှားနဲ့ ယူကရိန်း ဘောလုံးအသင်းနှစ်သင်း ထိပ်တိုက်မကစားမိအောင် ခွဲထားပြီး မဲနှိုက်ဖို့ စီစဥ်ခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်မှစပြီး ရုရှားအစိုးရပိုင် Gazprom ရေနံကုမ္ပဏီက Champions League ဘောလုံးပွဲရဲ့ စပွန်ဆာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် ချန်ပီယန်လိဖိုင်နယ်ပွဲ (ရီးယားမက်ဒရစ် နဲ့ လီဗာပူး) ကို ယူကရိန်းမြို့တော့် ကိဗ် (Kyiv) မှာ ကျင်းပစဥ်တုန်းက မြို့တော်လမ်းမမှာ ကျင်းပတဲ့ ချန်ပီယန်လိဂ်ပွဲတော်မှာ Gazprom ကုမ္ပဏီရဲ့ အမှတ်တံဆိပ်လိုဂိုအား ဖယ်ရှားခဲ့ပါတယ်။

(မှတ်ချက်။ ။ ရုရှားမှ ဂျာမနီသို့ ဆက်သွယ်ထားတဲ့ ၁၂၃၀ ကီလိုမီတာရှည်လျားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း Nord Stream 2 က Gazprom ပိုင်တာ ဖြစ်ပါတယ်။ ယူကရိန်းပြဿနာကြောင့် ဂျာမနီဝန်ကြီးချုပ်က ဓာတ်ငွေ့ပိုက်လိုင်း အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပါတယ်။)

(ကိုးကား။ ။ Al Jazeera - Feb 22, 2022 -Russia risks losing Champions League final over Ukraine crisis)

ကိုကျော်(မြစ်ကြီးနား)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar