မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၂ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂
◾️၂ ခြောက်လုံး၊ အခြားသော ကမ္ဘာ့အရေး အာရုံစိုက်စရာတွေနဲ့ မြန်မာ့အရေး
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ဟာ ယမန်နှစ်က ဆန္ဒပြမှုတွေ အရှိန်မြင့်ခဲ့စဥ်ကလိုပဲ မှတ်သားရလွယ်ကူတဲ့ ရက်စွဲ အမှတ်အသားနေ့တနေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဆန္ဒပြမှုတွေ လှုံ့ဆော်ထားကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေအပြင် PDF လှုပ်ရှားမှုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းတို့လိုနေရာက ကျေးရွာတွေအထိ ဆန္ဒပြမှုတွေ နှိုးဆော်လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ ရန်ကုန်မြို့ပေါ်က လမ်းမကြီးတချို့မှာ လျှပ်တပြက်ဆန္ဒထုတ်ဖေါ်တာတွေရှိခဲ့တာကို သတင်းတွေမှာ တွေ့ရပါတယ်။ မန္တလေးမြို့မှာလည်း တနေရာမက လျှပ်တပြက်ဆန္ဒထုတ်ဖေါပြီး လူစုခွဲသွားကြတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
PDF လို လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖောက်ခွဲမှုတွေဖြစ်ပွားနေချိန်မှာ အခုလိုဆန္ဒပြလှုပ်ရှားမှုတွေလည်း မြို့ပေါ်တွေမှာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေးမှာ လက်နက်ကိုင် တုံ့ပြန်တိုက်ခိုက်တဲ့လမ်းကြောင်းကို ရွေးချယ်သူအများအပြားရှိနေပြီး အခုလို မြို့ပေါ်မှာ ဆန္ဒပြတဲ့နည်းလမ်းကိုပဲ ရွေးချယ်လှုပ်ရှားနေတဲ့ လူငယ်အင်အားစုတွေလည်း ရှိနေသေးတဲ့ သဘောဖြစ်ပါတယ်။ မြို့ပေါ်က ဆန္ဒပြမှုတွေက စစ်ကောင်စီရဲ့အုပ်ချုပ်ရေး တည်ငြိမ်မှုမရသေးဘူးဆိုတာကို သက်သေပြဖို့၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်အဟုန်ကလည်း လျော့မသွားသေးဘူးဆိုတာကို သက်သေပြဖို့ ရည်ရွယ်တာလို့ ယူဆနားလည်မိပါတယ်။
တဖက်မှာလည်း ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာ၊ ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးတာတွေအထိ မတန်မဆ အင်အားသုံးတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွဲတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတာကို စစ်ကောင်စီက နည်းနည်းမှ သည်းမခံနိုင်ဖြစ်လာနေပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတာတွေ မရှိတော့ဘူးဆိုတာမျိုး သက်သေပြချင်တဲ့ရည်ရွယ်ချက်နဲ့ အကြမ်းဖက် ဖြိုခွဲဖမ်းဆီးတာလည်း ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး အကြပ်အတည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကြမ်းဖက် နှိမ်နှင်းမှုတွေ၊ လက်နက် ကိုင်ပဋိပက္ခ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ နေအိမ်မီးရှို့မှုတွေ တနှစ်ကြာလာချိန်မှာ ကမ္ဘာ့အရေးမှာလည်း မြန်မာ့အရေးအပြင် အခြားသော အာရုံစိုက်စရာဖြစ်ရပ်ကြီးတွေ ဖြစ်ပွားလာနေတာ တွေ့ရပါတယ်။ လတ်တလော ယူကရိန်းအရေးဟာ ဥရောပအဖို့ နိုင်ငံအတော်များများအတွက် နေအိမ်အနားမှာ မီးလောင်သလို အခြေအနေမျိုးဖြစ်ပြီး ဒိထက်ပို ပြင်းထန်လာခဲ့ရင် အရှေ့ ဥရောပတင်မက အနောက်ဥရောပကိုပါ စစ်မီးပြန့်နှံ့လာလေမလားဆိုတဲ့ စိုးရိမ်စရာအခြေအနေ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ စစ်ရိပ်သန်းတဲ့လက္ခဏာမျိုးထိ အဆိုးဆုံးအနေအထားကို တွေးမယ်ဆို တွေးပူစရာအခြေအနေ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ လူ့အခွင့်အရေးရှုထောင့်နဲ့ ဒီမိုကရေစီဘက်ကရပ်တည်ထောက်ခံပေးကြတဲ့ အနောက်နိုင်ငံတွေအဖို့ ဥရောပအရေးက လတ်တလော အရေးတကြီး အာရုံစိုက်စရာကိစ္စရပ်တခု ဖြစ်လာနေပါတယ်။ ယူကရိန်းအရေးအတွက် အာရုံအပြည့်အဝစိုက်ကာ ကိုင်တွယ်ဆောင်ရွက်စရာတွေ ရှိနေမှာဖြစ်လို့ မြန်မာ့အရေးက နိုင်ငံတကာသံတမန်အရေးမှာ ထိပ်ဆုံးကနေ အနည်းငယ် အဆင့်လျော့လာနိုင်ဖွယ်လည်း ရှိနေတာပါ။
မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဒီလို ကမ္ဘာ့အခြေအနေတွေအောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာ နည်းဗျူဟာပိုင်းမှာ ထည့်သွင်းစဥ်းစားထားကြဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ခုအချိန်မှာ ယူကရိန်းက ထိပ်ဆုံးက ဦးစားပေးဆွေးနွေးကြမယ့်အရေး၊ အနောက်ဥရောပနဲ့ မဟာမိတ် အမေရိကန်တို့အဖို့ အချိန်ပေးပြီး ကိုင်တွယ်ဖြေရှင်းစရာ အရေးကိစ္စဖြစ်လာချိန်မှာ မြန်မာ့အရေးကို ဦးစားပေးမှုလျော့ကျလာနိုင်တာ ဖြစ်ပါတယ်။
ပြည်တွင်းက အင်အားစုတွေ အနေနဲ့ နိုင်ငံတကာ သံတမန်ဖိအားနဲ့ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ဖို့ ရည်ရွယ်တာ မမှားသော်လည်း ပြည်တွင်းက အင်အားနဲ့ ပြည်တွင်းက တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေနဲ့ ထောက်ခံအားပေးနေတဲ့ လူထုရဲ့ ခံနိုင်ရည် စတာတွေကို ပြန်လည်ချိန်ညှိပြီး မဟာဗျူဟာ နည်းဗျူဟာ ချိန်ညှိကြဖို့လည်း တွေးဆထားဖို့ လိုအပ်မယ် ထင်ပါတယ်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်မှုတွေလို၊ ဒေသတွင်း နိုင်ငံအစုအဖွဲ့ အာဆီယံလို အဖွဲ့တွေရဲ့ ဖိအားက ဘယ်လောက်ထိ သက်ရောက်စေနိုင်မလဲ စတာတွေကိုလည်း ပြန်လည်သုံးသပ် ပြင်ဆင်ထားကြဖို့ အရေးကြီးပါလိမ့်မယ်။
နေ့စဥ်ဘဝမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ ရပ်ရွာလူထု ရဲ့ ဒုက္ခတွေ အခက်အခဲတွေ ဖြေရှင်းပေးနိုင်ဖို့၊ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက်သာမက ဖြစ်ပွားရာဒေသတွင်းက ကျေးရွာသားတွေအတွက်ပါ ကြိုတင်ပြင်ဆင်မှုရှိစွာနဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို ဖေါ်ဆောင်မှုတွေလုပ်ဖို့လည်း အရေးကြီးလိမ့်မယ် ထင်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေဟာ သီတင်းပတ်နဲ့ လအနည်းငယ်နဲ့ အရှုံးအနိုင်ပေါ်နိုင်မယ့် သဘောထက် အဲဒီထက်ရှည်ကြာ နိုင်ချေတွေရှိတာမျိုးလည်း ထည့်သွင်းစဥ်းစားကာ ပြင်ဆင်ထားကြဖို့ လိုအပ်ပါလိမ့်မယ်။ အခုလတ်တလောမှာတော့ ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးနဲ့ အမိုးအကာ နေစရာတွေက အရပ်သားတွေ ကျေးရွာလူထုတွေအဖို့ အရေးတကြီးလိုအပ်မယ့်ခေါင်းစဥ်တွေ ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တိမ်းရှောင်နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်တွေ မရှောင်ရသော်လည်း အသင့်ပြင်ဆင်ထားပြီး နေထိုင်နေကြရတဲ့ ဒေသခံတွေအတွက် လှုပ်ရှားနေထိုင်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးက ဝိုင်းဝန်းစဥ်းစားပေးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar