ဧရာ (မန္တလေး) - ရောင့်ရဲခြင်းနှင့်သည်းခံခြင်း
(မိုးမခ) ဖေဖော်၀ါရီ ၂၅၊ ၂၀၂၂
ရောင့်ရဲခြင်းသည် အလိုနည်းခြင်းဖြစ်သော်လည်း၊ ရည်မှန်းချက်ကင်းမဲ့ခြင်း, ပျင်းရိခြင်း, လုံ့လနည်းခြင်းမဟုတ်။ သည်းခံခြင်းသည် အမျက်မထွက်ခြင်းဖြစ်သော်လည်း၊ လက်လျော့ အရှုံးပေးခြင်းမဟုတ်။
ရောင့်ရဲခြင်း၊ သည်းခံခြင်းတရားတို့အား မင်္ဂလာတရားများအဖြစ် မြတ်ဗုဒ္ဓက ဟောကြားခဲ့သည်။ စင်စစ် ထိုတရားတို့သည် ဗုဒ္ဓအဆုံးအမ၌သာမဟုတ် အခြားသော ဘာသာအယူဝါဒတို့ အတွက်လည်း လေးစားအပ်သော တန်ဖိုးများ ဖြစ်ပါသည်။ အချို့က ရောင့်ရဲခြင်း, သည်းခံခြင်းတို့သည် တိုးတက်မှု၏ အတားအဆီးများဖြစ်သည်ဟု ယူဆလာကြခြင်းသည် ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို လွဲမှားစွာ နားလည်ထားကြ၍သာ ဖြစ်ပေမည်။
ရောင့်ရဲခြင်း (သန္တောသ)သည် အလိုကြီးခြင်း, အလိုဆိုးခြင်းတို့၏ ဆန့်ကျင်ဖက်ဖြစ်သည်။ သူတစ်ပါးတို့၏ ပစ္စည်း, ဥစ္စာ, ဂုဏ်တို့အား မတရားသဖြင့် မက်မောလိုလားခြင်းသည် အလိုကြီးခြင်းဖြစ်သည်။ မိမိအစွမ်းအစဖြင့် ရထားသော ပစ္စည်း, ဥစ္စာ, ဂုဏ်တို့နှင့် ကျေနပ်နှစ်သိမ့်ခြင်းသည် ရောင့်ရဲခြင်းဖြစ်သည်။ ဤသို့ မိမိအရည်အချင်း အလျောက် ရသင့်သလောက်နှင့် ရောင့်ရဲတင်းတိမ်ခြင်းအား ‘ယထာလာဘသန္တောသ’ ဟု ခေါ်သည်။ မိမိအရည်အချင်း အလျောက် ရရှိလာသော ပစ္စည်းတို့ကိုလည်း ရသလောက် မယူရ။ ယူသင့်သလောက်သာ ယူရသည်။ မိမိတွင် ရောဂါဝေဒနာရှိနေပါက မိမိနှင့် သင့်တင့်သော အစားအသောက်နှင့်သာ ရောင့်ရဲရသည်။ ဤသို့သော ရောင့်ရဲမှုမျိုးအား ‘ယထာဗလသန္တောသ’ ဟု ခေါ်သည်။ မိမိ၏ ကျန်းမာရေးနှင့် သင့်တော်စေကာမူ၊ မိမိထက် ပို၍ ထိုက်တန်သင့်လျော်သူတို့ရှိပါက မိမိမသုံးစွဲဘဲ ပို၍ သင့်တော်သူတို့ကို သုံးစွဲစေရသည်။ ဤသို့သော ရောင့်ရဲခြင်းမျိုးအား ‘ယထာသာရုပ္ပသန္တောသ’ ဟုခေါ်သည်။
ထို့ကြောင့် ရောင့်ရဲခြင်းသည် အလိုကြီးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သည့် အားလျော်စွာ၊ ရက်ရောခြင်းနှင့် ဆက်စပ်နေသည်။ ထိုရောင့်ရဲခြင်းနှင့် ရက်ရောခြင်းအစုံသည် မိမိပတ်ဝန်းကျင်အကျိုး၊ အများအကျိုးအတွက် စွန့်လွတ်အနစ်နာခံခြင်းအတွက် ပထမခြေလှမ်းဖြစ်သည်။ ရောင့်ရဲခြင်းသည် ရည်မှန်းချက်ကင်းမဲ့ခြင်း၊ ပျင်းရိခြင်း၊ လုံ့လဝီရိယနည်းခြင်းတို့မဟုတ်။ အသိပညာရှေ့ဆောင်သော အားထုတ်မှုဖြစ်သည်။
ရည်မှန်းချက် ပြည့်မြောက်အောင် မလျော့သော ဇွဲလုံ့လဖြင့် အားထုတ်ရသည်။ အခက်အခဲ အတားအဆီးတို့ ကြုံလာပါကလည်း ရည်မှန်းချက်ကို အလျော့မပေးပဲ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ရသည်။ သည်းခံနိုင်ရသည်။ အလောင်းတော် မဟာဇနကမင်းသည် မင်းအဖြစ်သို့ရောက်သောအခါ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်၍ အောက်ပါ အဓိပ္ပါယ်ရှိသော ဥဒါန်းကို ကျူးရင့်သည်။
ယောက်ျားကောင်းမှန်က မြတ်သော ရည်မှန်းချက်ထားရာ၏။
ကြိုးစားလုံ့လပြုရာ၏။ မပျင်းရိရာ။
အခြားမကြည့်လင့်။
သမုဒ္ဒရာမှ လွတ်မြောက်၍၊
မိမိ အလိုရှိသည့်အတိုင်း မင်းအဖြစ်သို့ရောက်သော
ငါ့ကိုပင် သက်သေထား၍ ဆိုသတည်း။
ဆင်းရဲဒုက္ခ ကြုံတွေ့ရသော်လည်း ရည်မှန်းချက်ကို မစွန့်ရာ။ ဆင်းရဲကို သည်းခံ၍ မလျော့သော လုံ့လပြုရာ၏။ ‘ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်’ဟူသော လောကဖြစ်မြဲဓမ္မတာကို နှလုံးမမူဘဲ၊ ပျင်းရိခြင်းကို ရှေ့တန်းတင်ကာ လုံ့လလျော့သူတို့သည် သမုဒ္ဒရာတွင် ငါးလိပ်စာသာဖြစ်ကြရသည်။ ဆင်းရဲမှ မလွတ်ကင်းနိုင်။
လောကတွင် လူတို့သည် မကြံစည်ပဲ ဖြစ်လာတတ်သည် ရှိသလို၊ ကြံစည်တိုင်းလည်း ဖြစ်မလာတတ်။ လုံ့လရှိသူတို့သာ အထမြောက်အောင်မြင်နိုင်သည်။
ဖြစ်ချင်သော ဆန္ဒတို့ကို လုပ်ချင်သော လုံလဝီရိယတို့နှင့် ညှိပေးရသည်။ ရည်မှန်းချက်တို့ မြင့်လေ ပို၍ အားစိုက်ပေးရလေ ဖြစ်သည်။ ထိုသို့ မိမိ၏ အားထုတ်မှု အလျောက် ရရှိလာသည့်တို့နှင့် ကျေနပ်နှစ်သိမ့်ခြင်းကို ရောင့်ရဲခြင်းဟုခေါ်သည်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသလို ထင်သလိုမဖြစ်ပဲရှိပါက မိမိ၏ ရည်မှန်းချက်တို့ကို မစွန့်ပဲ ဆင်းရဲဒုက္ခကို သည်းခံနိုင်ရသည်။ လောကဓံကို သည်းခံနိုင်ရသည်။
ရောင့်ရဲမှုမရှိသူ၊ သည်းခံမှုမရှိသူတို့က ထိုသို့သောအခြေနေတွင် အမှန်တရားကို လက်လျော့အစွန့်ပေး၍၊ လာဘသက္ကာရတို့ကို မက်မောပြီး အမှားဖက်သို့ ကူးပြောင်းသွား တတ်သည်။ ခန္တီတရားနှင့် ပြည့်ဝသူ၊ သန္တောသတရားနှင့် ပြည့်ဝသူတို့ကား မည်သို့သော ဆင်းရဲဒုက္ခများ၊ သတ်ဖြတ်၊ နှိပ်စက်ခြင်းများနှင့် တွေ့စေကာမူ ဓမ္မလမ်းကြောင်းပေါ်တွင် ကြံ့ကြံ့ခံ၍ ရပ်တည်သွားနိုင်သည်။
တေမိမင်းသားသည် ဆွဲဆောင်ဖျားယောင်းမှုအမျိုးမျိုး, ခြိမ်းခြောက်မှုအမျိုးမျိုးကို သည်းခံသည်၊ မိမိ၏ အဓိဋ္ဌာန်ကိုကား မဖျက်ခဲ့။ ဓမ္မနှင့် အဓမ္မယှဉ်ပြိုင်ရာတွင် ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့သည် မိမိရပ်တည်ချက်ကို မစွန့်ဘဲ အသက်သာ အသေခံသွားခဲ့သည်။ အဓမ္မဝါဒီတို့၏ ရှုထောင့်တွင် ခန္တီဝါဒီရသေ့သည် ရှုံးနိမ့်သွားသည်ဟု ဆိုကောင်း ဆိုပေလိမ့်မည်။ စင်စစ်ကား ပါရမီထိုက်သော သည်းခံခြင်းဖြင့် အနိုင်ယူသွားခြင်းသာ ဖြစ်သည်။
နိုဝင်ဘာ ၈, ၂၀၀၈
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar