Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၂

◾️ကယားပြည်နယ်က အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ၊ စစ်ကိုင်းတိုင်းထဲက တရွာဝင်တရွာထွက် စစ်ဆင်ရေးတွေ 
ရန်ကုန်မြို့လို မန္တလေးမြို့လို စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေ မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှုလိုမျိုးတွေလောက်သာ ဖြစ်ပွားပေမယ့်လည်း ပြည်နယ်တချို့နဲ့ တိုင်းတချို့ရဲ့ ဒေသတွေမှာတော့ ရပ်ရွာလူထုအနေနဲ့ နေအိမ်ပါစွန့်ခွာပြီး သယ်လို့နိုင်သလောက်နဲ့ စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ အဲဒီလို ထွက်ပြေးတိမ်းရှောင်ရင်း အသက်ပါဆုံးရှုံးနိုင်သလို ချန်ရစ်ထားခဲ့ရတဲ့နေအိမ်၊ ပိုင်ဆိုင်တဲ့ အိမ်မွေး ကျွဲနွားတိရိစ္ဆာန်၊ ရိက္ခာစတာတွေကို ဘာမှအကာအကွယ်မပေးနိုင်သလို ဖျက်ဆီးခံရ မီးရှို့ခံရပြီး စိုက်ပျိုးရေး မွေးမြူရေးနဲ့ အသက်မွေးသူ ကျေးလက်နေလူထုအဖို့ အသက်ရှင်ကျန်ရစ်ရင် ဘဝကို ဘယ်ကပြန်စရမှန်းမသိနိုင်တဲ့ အခြေအနေကြုံနေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ခုရက်အတွင်း ဖေါ်ပြနေတဲ့ သတင်းတွေထဲ မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဟာ အုပ်ချုပ်ရေးအရ ရှမ်းပြည်နယ်ထဲမှာဖြစ်ပေမယ့် လူမျိုးစုနေထိုင်မှုအရ ရေမြေဆက်စပ်မှုအရ ကယားပြည်နယ်နဲ့ အဆက်အစပ်တခုထဲဖြစ်ကြပြီး ကယန်း (ပဒေါင်) လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုတွေမဖြစ်ပွားခဲ့ရင် ဒီမြို့တွေဟာ အေးချမ်းငြိမ်သက်နေတဲ့ မြို့တွေဖြစ်ပြီး အခုတော့ တိုက်ပွဲတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ အသက်ဆုံးရှုံးရတာတွေနဲ့ စစ်မြေပြင်ဖြစ်နေတဲ့ဒေသတွေ ဖြစ်သွားပါပြီ။ 

ယမန်နှစ် ဧပြီ မေလကတည်းက PDF ဖွဲ့စည်းမှု လှုပ်ရှားမှုတွေနဲ့ မိုးဗြဲရဲစခန်း တိုက်ခိုက်မှုတို့ကနေစတင်ခဲ့ပြီး အဲဒီနောက် တိုက်ပွဲတွေက ဒီးမော့ဆို၊ လွိုင်ကော်တဝိုက်မှာ ပိုမိုဖြစ်ပွားခဲ့ကာ အခုတဖန် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဘက်မှာ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်အသက်မွေးကြတဲ့ ဒေသတွေဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအပြီးမှာ ကယားပြည်နယ်ဟာ PDF ဖွဲ့စည်းမှုနဲ့ လှုပ်ရှားမှုအားကောင်းတဲ့ ပြည်နယ်ဖြစ်လာပြီး နကိုရှိရင်း တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ KNPP အပြင်၊ စစ်အာဏာသိမ်းပြီးနောက်မှ ဖွဲ့စည်းတဲ့ KNDF လို့ခေါ်တဲ့ ကယားပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦးက စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာအကုန်နဲ့ ဇန်နဝါရီလတွေမှာလည်း လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်တွေရဲ့ စခန်းချရာနေရာတွေကို KNDF တွေက တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်မြို့ရဲ့ အချို့သောရပ်ကွက်တွေထဲ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြို့ခံ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အခြားသောဒေသတွေဆီ တိမ်းရှောင်ခဲ့ကြရပါသေးတယ်။ 

ကယားပြည်နယ်လိုပဲ တိုက်ပွဲတွေ တိမ်းရှောင်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ အခြားသောဒေသတခုက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ ဒီပဲယင်း၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ဆားလင်းကြီး၊ တန့်ဆည်၊ ချောင်းဦး၊ ရေဦး စတဲ့ မုံရွာမြို့အနောက်ဘက်နဲ့ မြောက်ဘက် မကွေးတိုင်း မြိုင်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တွေမှာ နေ့စဥ်လိုလို စစ်ကောင်စီတပ်တွေက တရွာဝင် တရွာထွက် ဝင်စီးတာ ဖျက်ဆီးတာ မီးရှို့တာ၊ ရွာသားတွေကို ပီဒီအက်ဖ်စွပ်စွဲသတ်ဖြတ်တာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြေပြန့်လွင်ပြင် မြန်မာနိုင်ငံအလယ်ပိုင်း အနောက်ဘက်တောင်တန်းဒေသနဲ့ အရှေ့ဘက် ရှမ်းပြည်နယ်တို့အကြားက စိုက်ပျိုးရေးဧရိယာတွေမှာနေထိုင်ကြတဲ့ ဗမာလူမျိုးစု အဓိကနေကြတဲ့နေရာဟာ အခုတော့ စစ်ကောင်စီနဲ့ ပီဒီအက်ဖ်တွေ ရင်ဆိုင်ကြရာ စစ်မြေပြင် သဖွယ် ဖြစ်လာနေပါပြီ။ ရွှေဘိုနယ် ဝက်လက်နယ် ဆန်စပါး ၊ ပဲနဲ့ ဖရဲစတဲ့ ရာသီအသီးအနှံတွေ စိုက်ပျိုးကြတဲ့ဒေသတွေက အခုအခါ စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်း မလုပ်နိုင်ကြအောင် ပြေးလွှားတိမ်းရှောင်နေကြရပါတယ်။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနဲ့ ချင်းပြည်နယ်အစပ် ကလေးနယ်တို့က တဆက်တစပ်ထည်း စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်ရေး ဒေသအလိုက် ပီဒီအက်ဖ်တွေ အားကောင်းတဲ့ဒေသတွေ ဖြစ်လာနေပါတယ်။ မဟာဗျူဟာအရ စုပေါင်းပြီးတိုက်ခိုက်နိုင်မှုအရ၊ ထောက်ပို့ ဆက်သွယ်ညှိနှိုင်းမှုအရ အားနည်းချက်တွေ လိုအပ်ချက်တွေ ထိရောက်တဲ့လက်နက် မရရှိတာတွေ အားနည်းချက်တွေ ရှိနေဆဲဖြစ်တာတွေ့ရပြီး ဒီဒေသတွေကို ကွပ်ကဲနေတဲ့ မုံရွာအခြေစိုက် စစ်တိုင်းအဖို့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို တတွဲထဲ စီမံကွပ်ကဲနေချိန်မှာ ဒေသ၂ ခုစလုံးဟာ ပထဝီအားဖြင့်ကျယ်ပြန့်သလို ခုခံတိုက်ခိုက်မှု အားကောင်းတဲ့ ဒေသတွေလည်း ဖြစ်နေတာကြောင့် လနဲ့ချီ ကြာလာသည့်တိုင် ကောင်းကောင်း မထိန်းချုပ်နိုင်သေးတာတွေ့ရမှာပါ။ 

တဖက်မှာ ရန်သူစစ်ကောင်စီကလည်း ကာလတခုကြာလာသည်အထိ ကောင်းစွာမထိန်းချုပ်နိုင်သလို ပီဒီအက်ဖ်တွေဘက်မှာလည်း တိုက်ခိုက်ရေးအရ၊ ထောက်ပံ့မှု လက်နက် ရိက္ခာ၊ ငွေကြေးအရ ထောက်ခံတဲ့ လူထုရဲ့ တောင့်ခံနိုင်ရည် စတာတွေကိုလည်း ပြန်လည် သုံးသပ်ပြီး မဟာဗျူဟာ နည်းဗျူဟာတွေ လိုအပ်ရင် ပြန်လည်ချမှတ်ဖို့လိုအပ်လိမ့်မယ် မြင်ပါတယ်။ ရန်သူဘက်က အခြေအနေမကောင်းသလို မိမိဘက်ကလည်း အခြေအနေဆိုးတာမျိုး မဖြစ်ဖို့လည်း အရေးကြီးလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar