Breaking News

မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေသည့် အာဆီယံအစိုးရများနှင့် ကုမ္ပဏီများ

မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေသည့် အာဆီယံအစိုးရများနှင့် ကုမ္ပဏီများ
(မိုးမခ) ဖေဖော်၀ါရီ ၁၉၊ ၂၀၂၂

Just For Myanmar မှ သတင်းထုတ်ပြန်ချက်ဖြစ်သည်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်များ၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့ပေးသွင်းခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ အဓိကကျသည့် အစိုးရများနှင့် စီးပွားရေးလုပ်ငန်း များအား Justice For Myanmar ၏ စီးပွားရေးရာဇဝတ်ဂိုဏ်းဘဏ္ဍာရေးမြေပုံ၊ အပိုင်းသစ် တွင် ယနေ့ထုတ်ပြန်ခဲ့သည်။

◾️ကြံရာပါ အစိုးရများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်သည် အရပ်သားပြည်သူ ၁,၅၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး (၁၂,၀၀၀) ကျော်အား ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ 

မြန်မာစစ်တပ်သည် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေပြီး တိုက်ပွဲများသည် ပိုမိုပြင်းထန် ကျယ်ပြန့်လာသည်။ အရပ်သားပြည်သူ ရာပေါင်း များစွာအားသေကြေစေခဲ့ပြီး သိန်းနှင့်ချီသည့် ပြည်သူများအား ထွက်ပြေးတိမ်းရှောင်စေခဲ့ကာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးဘေးဆိုးတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ 

အာဆီယံနိုင်ငံ အစိုးရများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် မြန်မာစစ်တပ်၏ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် တိုက်ရိုက်၊ ကြံရာပါ အဖြစ် ပါဝင်ပတ်သက်နေသည်။ 

ဥပမာအနေဖြင့် အင်ဒိုနီးရှား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုကြီး PT. Pindad သည် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကျည်ဆံများ တင်ပို့ခဲ့သည်။ Pindad သည် မြန်မာစစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဝင်းရှိန်၏ သားဖြစ်သူ ထူးထူးရှိန်ဦး ပိုင်ဆိုင်သည့် စစ်လက်နက်ပွဲစားကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ် ရရှိထားသည်။ 

ထိုင်းနိုင်ငံအစိုးရက ရှယ်ယာအများစုပါဝင်နေသည့် ထိုင်းကုမ္ပဏီ PTT Public Co. Ltd ၏ ကုမ္ပဏီခွဲ တစ်ခုသည် မြန်မာနိုင်ငံအတွင်း ဓါတ်ငွေ့ရှာဖွေထုတ်ယူရေး စီမံကိန်း အများအပြားတွင် လုပ်ငန်း ဆောင်ရွက်သူနှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ 

၂၀၁၇-၁၈ ခုနှစ်တွင် မြန်မာအစိုးရသည် ယင်းဓါတ်ငွေ့စီမံကိန်းများထဲမှ တစ်ခုအတွက် အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် ရရှိခဲ့ပြီး ယခုအခါတွင် ယင်းဘဏ္ဍာငွေများသည် တရားမဝင်စစ်ကောင်စီထံ စီးဆင်းဝင်ရောက်နေဆဲပင်။

ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Global သည် မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးနှင့်အတူ မိုဘိုင်းဖုန်းကုမ္ပဏီ မိုင်တဲလ်တွင် ပူးတွဲရင်းနှီးမြှုပ်နှံ ထားသည်။ 

မိုင်တဲလ်သည် မြန်မာစစ်တပ်အတွက် အရေးပါသည့် အခွန်ဝင်ငွေရင်းမြစ်တစ်ရပ်ကို ပေးအပ်ပြီး စစ်တပ်အတွက် အခွန်ဝင်ငွေနှင့် နည်းပညာဆိုင်ရာ အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်သည်။ 

ဖိလစ်ပိုင်စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီ United Defense Manufacturing Corporation (UDMC) သည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုစစ်ဆင်ရေး စတင်ချိန်တွင် မြန်မာသို့ ၄၅၀ ကီလိုရှိ လက်နက်များ တင်ပို့ပေးခဲ့သည်။ 

တရုတ်နိုင်ငံမှ ဝရမ်းပြေးဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် She Zhi Jiang သည် ရွှေကုက္ကိုလ်ရှိ ရထိုက်မြို့တော်စီမံကိန်းကို ထိန်းချုပ်ထားသော အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ယင်းစီးမံကိန်းသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ကိုယ်ပိုင် ဒစ်ဂျစ်တယ်လ်ငွေကြေး cryptocurrency နှင့်အတူ ကြီးမားသည့် အိမ်ခြံမြေလုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်သည်။ 

ရထိုက်မြို့တော်ကို စစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ နှင့်အတူ ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည်။ 

ယင်းစီမံကိန်းသည် အုပ်စုဖွဲ့ရာဇဝတ်မှု၊ မြေယာသိမ်းဆီးမှုများနှင့် ဆက်နွယ်နေပြီး မြန်မာစစ်တပ်နှင့် ၎င်း၏ မိတ်ဖက်များအတွက် အကျိုးအမြတ်ကြီးမားသည့် အခွန်ဝင်ငွေရင်းမြစ်တစ်ရပ် ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းသည် ဘဏ္ဍာငွေဆိုင်ရာပံ့ပိုးကူညီပေးသည့် အဓိက ရင်းမြစ်တစ်ရပ် ဖြစ်သည်။ စင်ကာပူနိုင်ငံသည် မြန်မာစစ်တပ်နှင့် ၎င်း၏ မိတ်ဖက်များပိုင်ဆိုင်သော စီးပွားရေးဆိုင်ရာလုပ်ငန်းများအတွက် ဘဏ္ဍာငွေဆိုင်ရာ ဗဟိုချက်မ ဖြစ်သည်။
ဥပမာအားဖြင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရေးကို အဓိကလုပ်ကိုင်ရသည့် စစ်ထောက်ချုပ်ရုံးအတွက် မြေငှားရမ်းခအနေဖြင့် သန်းနှင့်ချီသည့် အမေရိကန်ဒေါ်လာများ ပေးချေ ရသော အိမ်ရာအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းအတွက် ဘဏ္ဍာငွေရှာဖွေရန် Emerging Towns & Cities Ltd (ETC) က စင်ကာပူနိုင်ငံ၏ စတော့အိတ်ချိန်းကို အသုံးပြုခဲ့သည်။ 

ETC သည် စစ်ထောက်ချုပ်ရုံးထံ ငွေပေးချေမှုများအတွက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကြောင့် ကုန်သွယ်ရေးကို ရပ်ဆိုင်ထားရပြီး လွတ်လပ်သည့် ပြန်လည် ဆန်းစစ်မှုကို ဆိုင်းငံ့ထားသည်။ 

စင်ကာပူနိုင်ငံ၏ စင်ကာပူအိတ်ချိန်းနှင့် ငွေကြေးအာဏာပိုင်အဖွဲ့သည် မြန်မာစစ်တပ်အား ငွေကြေး ထောက်ပံ့လျက်ရှိသည့် ETC နှင့် အခြားသောအိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများကြောင့် ဖြစ်ပွားခဲ့သည့် ထိခိုက်နစ်နာမှုများအတွက်နိုင်ငံတကာဥပဒေများ အရ တာဝန်ခံရနိုင်ပြီး ထိခိုက်နစ်နာမှု လျော်ကြေး များ ပေးချေရနိုင်ဖွယ် ရှိသည်။ 

◾️အာဆီယံခေါင်းဆောင်များထံမှ အရေးပေါ်ဆောင်ရွက်ချက် လိုအပ်
တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မည်သည့်အာဆီယံနိုင်ငံကမှ မြန်မာစစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း မရှိပေ။ 

၂၀၂၀ခုနှစ်၊ ဧပြီလတွင် အာဆီယံခေါင်းဆောင်များသည် မင်းအောင်လှိုင်နှင့်အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ် ကို  ချမှတ်ခဲ့သည်။

အဆိုပါသဘောတူထားသည့် ရည်မှန်းချက်များအတွက် တိုးတက်မှုတစ်စုံတရာရရှိခြင်းမရှိသည့် အခြေအနေတွင် အာဆီယံအနေဖြင့် တရားမဝင်မြန်မာစစ်ကောင်စီအား ၎င်းတို့၏ အစည်းအဝေး များတွင် ဆက်လက်ပါဝင်တက်ရောက်ရန်နှင့် အာဆီယံစာရင်းစစ်ချုပ်များအဖွဲ့ ၏ အလှည့်ကျဥက္ကဌ ရာထူးအား လက်ခံရယူရန် ခွင့်ပြုပေးထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံနဲ့ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံ တွေက အကြမ်းဖက်စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးရှာဖွေရာမှာ ကြံရာပါပတ်သက်နေ ကြပြီး သူတို့ရဲ့ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးပေးနေကြပါတယ်။

“သူတို့အနေနဲ့ စစ်တပ်ရဲ့ရာဇဝတ်မှုတွေကို ငွေကြေးပံ့ပိုးပေးနေရုံသာမက ကလေးသူငယ်တွေကို သတ်ဖြတ်၊ အမျိုးသမီးတွေကိုမုဒိန်းကျင့်၊ စစ်ရှောင်ပြည်သူတွေကို အဆင်ခြင်မဲ့ လေကြောင်း တိုက် ခိုက်မှုတွေ နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ စစ်တပ်အတွက် ဂုဏ်သိက္ခာပိုင်ဆိုင်ရာ ခဝါချပေးနေ တာလည်း ဖြစ်ပါတယ်။

“အာဆီယံအစိုးရတွေ၊ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့ သူတို့မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုချက်ချင်းအဆုံးသတ်ရပါမယ်၊ အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ပစ္စည်း ထောက်ပံ့ နေတာကို ချက်ချင်းရပ်တန့်ရပါမယ်။

“အာဆီယံရဲ့ ဆွေးနွေးဖက်များဖြစ်ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ သူ့ရဲ့ စီပွားရေးလုပ်ငန်းတွေ၊ မိတ်ဖက်တွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ရမှာဖြစ်ပြီး စစ်တပ်ကို ငွေကြေးထောက်ပံ့ခြင်း မပြုဖို့ အာဆီယံအစိုးရတွေကို ဖိအားပေးမှုတွေလဲ ပြုလုပ်ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံအား ရယူရန် 👉🏽 https://bit.ly/3sLWpcr
✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို JFM ၏ ဝဘ်ဆိုဒ်တွင် ဖတ်ရှုရန် 👉🏽 https://bit.ly/3sLWpcr
✅ ယခုအကြောင်းအရာတွင် ပါရှိသည့် အာဆီယံကုမ္ပဏီများနှင့်အစိုးရများ၏မြေပုံကို ကြည့်ရှုရန် 👉🏽 https://bit.ly/36mHxtt

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar