လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၈)
မေလ ၁ ရက်က တရုတ်သမ္မတ ရှီ |
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၈)
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၃
အာဆက်အကြောင်း တစေ့တစောင်း
R-CEP(Regional Comprehensive Economic Partnership) အာဆက် ဆိုတာကတော့ အာစီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ အာရှနိုင်ငံကြီး ၃ နိုင်ငံ (တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန်)တို့အပြင် သြစတြေးလျ၊နယူးဇီလန်တို့ပါ စုစုပေါင်း ၁၅ နိုင်ငံ စုစည်းဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စီးပွားရေးဇုန်နယ်ကြီးတခုပါ။ ဒီအကြောင်း ဆောင်းပါးတချို့ ရေးပြီးပါပြီ။
* လှကျော်ဇော - အာဆက်အကြောင်း သိကောင်းစရာများ (MoeMaKa Media) (၃၁-၁၂-၂၀၁၉) https://www.moemaka.com/2019/12/blog-post_842.html
**လှကျော်ဇော - မြန်မာပြည်အတွက် အာဆက်ကပေးမယ့်အကျိုးကျေးဇူးများ (MoeMaKa Media) (၂၄-၁၁-၂၀၂၀) https://www.moemaka.com/2020/11/blog-post_24.html
အာစီယံ အဖွဲ့အစည်းဟာ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ကမ္ဘာ့အဖွဲ့ အစည်းများအကြား အအောင်မြင်ဆုံး၊ အတည်ငြိမ်ဆုံးနဲ့ အဖွံ့ဖြိုးဆုံး အဖွဲ့အစည်းပါ။
တချို့အင်အားကြီးနိုင်ငံများက အမျိုးမျိုး သွေးကွဲအောင်လုပ်ပေမဲ့ အခုအချိန်ထိတော့ စည်းလုံးနေဆဲပါ။ အခုလို အာစီယံနိုင်ငံ ၁၀ နိုင်ငံလုံး သွေးစည်းနေရုံမက အခုတဆင့်တိုးပြီး ၁၅ နိုင်ငံ ပါဝင်တဲ့ ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ် (R-CEP) ချုပ်ဆိုလိုက်နိုင်ပြီး ကမ္ဘာအကြီးဆုံး လွတ်လပ်တဲ့ ဈေးကွက်ကြီး ဖြစ်လာအောင် လုပ်ဆောင်နိုင်မှုဟာ (အနောက်တိုင်းမီဒီယာကြီးများက အထိတ်တလန့် ပြောလိုက်တဲ့စကား ယူသုံးရရင်)--တရုတ်ပြည်ရဲ့ သံခင်းတမန်ခင်း အာဏာသိမ်းမှုကြီး (China diplomatic coup.)လို့ ပြောမယ်ဆိုရင်ပြောလို့ရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ရဲ့ တိတ်တဆိတ်နဲ့ ဘက်စုံက ခင်းထားတဲ့ နည်းလမ်းများနဲ့ လုပ်ဆောင်မှုများကြောင့် ဒီလိုမျိုး အဖွဲ့အစည်းတရပ် နှစ်တိုတိုအတွင်း ပေါ်ထွက်လာတာပါ။
အာစီယံနိုင်ငံများအကြား အနောက်နိုင်ငံများ(အထူးသဖြင့် အမေရိကန်)နဲ့အလွန်နီးစပ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို တရုတ်ဘယ်လိုချဉ်းကပ်ခဲ့သလဲ။ဥပမာ အဖြစ် ကြည့်ရအောင်ပါ။
တကယ်တော့ အမေရိကန်တွေက အာစီယံနိုင်ငံများထဲက ဖိလစ်ပိုင်နိုင်ငံကို အတော်အားထားပါတယ်။ တရုတ်က အရှေ့တောင်အာရှ နိုင်ငံများကို ကပ်စည်းရုံးနေတာကို တားဆီးနိုင်ဖို့အတွက်ပါ။တရုတ် တိုးတက်ချင်တိုင်း တိုးတက်နေတာ၊ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ အောင်မြင်နေတာ... စတာ စတာတွေကို တားဆီးဟန့်တားနိုင်ဖို့ ဖိလစ်ပိုင်ကို အသုံးချနိုင်ရေးကို အမေရိကန်က ကြိုးစားခဲ့တာပါ။
ဖိလစ်ပိုင်ကလည်း ခေတ်အဆက်ဆက် အမေရိကန်နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးများ ရှိခဲ့ပါတယ်။ ဖိလစ်ပိုင် နိုင်ငံရေးလောကမှာရော၊ စစ်တပ်မှာရော အမေရိကန်ကို လိုလားသူ များပါတယ်။
တရုတ်က တောင်တရုတ်ပင်လယ်တွင်း နေရာအတော်များများကို သူပိုင်အဖြစ် ကြေညာထားမှုအပေါ် နိုင်ငံတချို့က မကျေမနပ်ဖြစ်တဲ့အပေါ် အခွင့်ကောင်းယူလိုက်ပြီး ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာတရားရုံးကနေ တရုတ်ရဲ့ ပိုင်ဆိုင်မှုကို စိန်ခေါ်တရားစွဲပါတယ်။ ဒီမှာ ဖိလစ်ပိုင်က အနိုင်ရခဲ့ပေမဲ့ တရုတ်က လက်မခံခဲ့ပါဘူး။ အဲဒီကာလက ဖိလစ်ပိုင်သမ္မတက အာကွီနိုပါ။ သူ့နောက် တက်လာတဲ့ သမ္မတ ဟာ (တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့) ဒူတာတေးပါ။ ဒီတော့ ဒီအမိန့်ကို ဘယ်လိုမှ သဘောမထားခဲ့ပါဘူး။ တရုတ်နဲ့ပဲ ရွှေလမ်း ငွေလမ်းတွေ ဖောက်ပြီး စီးပွားရေးတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၂ မှာ မားကို့စ်(အငယ်)သမ္မတ ဖြစ်လာတော့ ဖိလစ်ပိုင်က အမေရိကန် ဂိုဏ်းသားတွေ တစခန်းထလာပါတယ်။ အဲဒီတရားရုံးရဲ့အမိန့်ကို ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။ဒါပေမဲ့ မားကို့စ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးသူပီပီ (သူ့အဖေ ဖြုတ်ချခံရတဲ့အကြောင်းထဲမှာ လူထုရဲ့ အုံကြွမှုပါရုံမက အမေရိကန်ရဲ့ ပယောဂပါမှန်း သိထားသူပါ။) အမေရိကန် တဦးတည်းအပေါ်မှာပဲ ပုံယုံမထားပါဘူး။
သူက— "တို့များ ဖိလစ်ပိုင်နဲ့ တရုတ် ဆက်ဆံရေးဟာ တောင်တရုတ်ပင်လယ် ကိစ္စလေးတခုတည်း မဟုတ်ပါဘူး"ဆိုပြီး သူ သမ္မတ ဖြစ်အပြီး (၂၀၂၃ ခုနှစ်အတွက်) ပထမဆုံးသော နိုင်ငံခြားခရီးစဉ်အဖြစ် မေလတွင်းမှာ တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။
တရုတ်ကလည်း ဒါကို အခွင့်ကောင်းအဖြစ် သဘောထားပါတယ်။
သမ္မတမားကို့စ်(အငယ်)ကို သမ္မတရှီကျင့်ပင်က တွေ့ဆုံဧည့်ခံတဲ့ပွဲမှာ အဲဒီ မားကို့စ်(အငယ်) ၁၇ နှစ်သားအရွယ်က မိဘနှစ်ပါး (အဲဒီအချိန်က ဖိလစ်ပိုင်သမ္မတမားကိုစ်(အကြီး)နဲ့ ဇနီး အီမယ်လ်ဒါ)နဲ့အတူ ပီကင်းကို လာရောက်စဉ် ဥက္ကဋ္ဌ မော်နဲ့ တွေ့ဆုံတဲ့ ဗွီဒီယိုအခွေလေး ထုတ်ပြပြီး ရှီက "ကျွန်တော်တို့ တရုတ်ပြည်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးကို အရင်ခေတ်ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတကြီးရဲ့ မိဘများနဲ့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌမော်တို့ကိုယ်တိုင် ပန္နက်ချထားခဲ့တာပါ။ ဒီတာဝန်ကို ကျွန်တော်တို့ ဆက်ထမ်းဆောင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်" တဲ့။
အဲဒီတော့ လက်ရှိ ဖိလစ်ပိုင်သမ္မတ မားကို့စ်(အငယ်)အတွက် အလွန်ဘ၀င်ခိုက်စရာ နိုင်ငံရေးဂုဏ်သိက္ခာကြီး ရလိုက်တာပါ။ ဒါ့အပြင် စီးပွားရေးအကျိုးတွေကလည်း မနည်းလှဘူး။
ဖိလစ်ပိုင်နဲ့ တရုတ် ချုပ်ဆိုတဲ့ စီးပွားရေးဆိုင်ရာ စာချုပ်ပေါင်း ၂၀ ကျော်အရ ဖိလစ်ပိုင်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံ လျာထားရန် ရရှိလိုက်ရုံမက ဖိလစ်ပိုင် ငါးဖမ်းသမားများအတွက် ပြန်ငါးဖမ်းခွင့်တွေအပြင် ဖိလစ်ပိုင် ဒူးရင်းသီးများ တင်သွင်းခွင့်ပါ ရလိုက်ပါတယ်။
ဒါ့အပြင် စာချုပ်တခုအရ ဖိလစ်ပိုင်ကျွန်းတကျွန်းကို တရုတ်က ရေရှည် ငှားရမ်းခွင့်ရသွားပြီး အဲဒီကျွန်းတကျွန်းလုံး ဒူးရင်းခြံများ တည်ဆောက်ခွင့် အတတ်ပညာဆိုင်ရာ၊ ငွေရင်းနှီးမြှုပ်နှံမှု စတာတွေကို တရုတ်ဘက်က တာဝန်ယူပြီး ကျန်အုပ်ချုပ်ရေးနဲ့ လုပ်သားများကိစ္စအ၀၀ စတာတွေကို ဖိလစ်ပိုင်ဘက်က တာဝန်ခံရေးတို့ ပါပါတယ်။ (အလုပ်အကိုင်များစွာ ဖန်တီးပေးလိုက်နိုင်ပါတယ်။)
ဒီနေရာမှာ ဒူးရင်းသီး အသေအလဲကြိုက်သွားတဲ့ တရုတ်တွေရဲ့ ဒူးရင်းဈေးကွက်ကို အရင်က ထိုင်းနဲ့ ဗီယက်နမ်က အုပ်စီးထားတာပါ။ မနှစ်က ထိုင်းက တရုတ်ကို သွင်းတဲ့ ဒူးရင်းတန်ချိန်ဟာ ၈ သိန်းကျော်သွားပါတယ်။ ဒီဈေးကွက်ကို ဝင်တိုးခွင့်ရသွားတဲ့ ဖိလစ်ပိုင်အဖို့ သေးတဲ့ အောင်ပွဲ မဟုတ်ပါဘူး။
၂၀၁၉ ကိုဗစ်မဖြစ်ခင် ဖိလစ်ပိုင်ကို အလည်လာတဲ့ တရုတ်ခရီးသွားဟာ ၁ ဒသမ ၅ သန်းကျော်ပါတယ်။ ဒါကလည်း မက်စရာ နောက်တချက်ပါ။
ဒါကြောင့်ပဲ မာကိုစ့်အငယ်ဟာ သူ့စစ်တပ် အကြိုက်လိုက်လျောပြီး အမေရိကန် စစ်စခန်းတွေကို ဖိလစ်ပိုင်မှာ စခန်းချခွင့်တို့၊ အမေရိကန်စစ်တပ်၊ ဂျပန်စစ်တပ်တို့နဲ့ပေါင်းပြီး စစ်ရေးလေ့ကျင့်ခွင့်တို့ ပေးလိုက်ရပေမဲ့၊ တကယ်လို့ ဒီအရပ်မှာ စစ်ရေးပဋိပက္ခ ဖြစ်လာရင် (ထိုင်ဝမ်အရေးကို ရည်ညွှန်းတာပါ။) ဖိလစ်ပိုင် စစ်စခန်းတွေကို သုံးခွင့်မပြုဘူး ဆိုတာကို ကတိပေး ပြောဆိုထားပါတယ်။
ဒါ့အပြင် တရုတ်နဲ့ ဖိလစ်ပိုင်အကြား အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေတွေမှာ တရုတ်နဲ့ ပေါင်းပြီး စွမ်းအင်ထုတ်ရေးလုပ်ငန်းတွေ ပူးတွဲလုပ်ဆောင်မယ်လို့လည်း ကြေညာလိုက်ပါတယ်။
ဒါဟာ တရုတ်အတွက် အောင်ပွဲပါ။ ဖိလစ်ပိုင်အနေနဲ့ နိုင်ငံတကာက ချမှတ်ပေးထားတဲ့ စီရင်ချက်ကို စွန့်လွှတ်လိုက်ပြီ ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ နယ်မြေ အငြင်းပွားနေတဲ့ တခြားနိုင်ငံများ (ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်)အတွက်လည်း ပဋိပက္ခဖြေရှင်းရေးအတွက် ပုံစံများ၊ နည်းလမ်းများ ရသွားစေပါတယ်။
ဒီလိုနည်းနဲ့ ဖိလစ်ပိုင်အပါ အရှေ့တောင်အာရှနိုင်ငံများဟာ တရုတ် ဦးဆောင်ဦးရွက်ပြုတဲ့ အာဆက်မှာ ပါဝင်လာပြီး အာဆက်ရဲ့ လုပ်ငန်းလည်ပတ်မှုများဟာ ပိုမိုသွက်လက်လာပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar