ကိုကျော် (မြစ်ကြီးနား) - မာန်တက်နေတဲ့ပူတင်ကို ဟန်ပျက်သွားအောင် ဂျိုးဘိုင်ဒန် ဘယ်လိုလုပ်နေသလဲ
(မိုးမခ) ဖေဖော်၀ါရီ ၂၁၊ ၂၀၂၂
ပြီးခဲ့တဲ့ စနေနဲ့တနင်္ဂနွေနေ့တုန်းက မေရီလန်းပြည်နယ် Blue Ridge Mountain အရှေ့ဖျားက Camp David မှာ ဂျိုးဘိုင်ဒန် အနားယူအပန်းဖြေနေခဲ့ပါတယ်။ ရုရှားက စစ်အင်အား တစ်သိန်းခွဲလောက်ကို ယူကရိန်းနယ်စပ်တဝိုက်မှာ ဖြန့်ကျက်ထားပြီး ယူကရိန်းမြို့တော် ကိဗ် (Kyiv) ကို ၄၈ နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်ထောက်လှမ်းရေးတွေက ယုံကြည်ခဲ့ပါတယ်။
Camp David ရဲ့ လုံခြုံလျှို့ဝှက်တဲ့ အခန်းတစ်ခုမှာရှိနေတဲ့ ဘိုင်ဒန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန် က ဗီဒီယိုကွန်ဖရင့်မှတဆင့် ရုရှားရဲ့လှုပ်ရှားမှုကိုတုံ့ပြန်ဖို့ အသေးစိတ်အစီအစဥ်ကို တင်ပြခဲ့ပြီး ကိဗ်မှာရှိတဲ့ အမေရိကန်သံရုံးဝန်ထမ်းများကို ဘေးကင်းရာသို့ရွေ့ထားဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။ ဘိုင်ဒန်ကလည်း သဘောတူခဲ့ပါတယ်။
မကြာခင်ရက်ပိုင်းမှာလည်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် အမှတ် ၈၂ လေတပ်စခန်းမှ လေထီးတပ်သား ၃၀၀၀ ကို ပိုလန်သို့စေလွှတ်ဖို့ ဘိုင်ဒန်က လက်မှတ်ထိုးခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၃ ရက်နေ့မှာ ရုရှားမှလုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုတစ်ခု အပါအဝင် "false flag" လို့ခေါ်တဲ့ ယူကရိန်းကိုဝင်တိုက်ဖို့ ရုရှားရဲ့ လုပ်ကြံအကြောင်းပြချက် အစီစဥ်ကို ထုတ်ဖော်ခဲ့လိုက်တာလည်း ဘိုင်ဒန်ရဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
အိမ်ဖြူတော်အရာရှိတွေရဲ့ ဖော်ပြချက်အရ ဘိုင်ဒန်ရဲ့ခြေလှမ်းဟာ ယူကရိန်းအနီးတဝိုက်မှာ ပူတင်ရဲ့စစ်အင်အား တိုးချဲ့ဖြန့်ကျက်လာမှုက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ အလွန်နီးစပ်နေပြီလို့ အမေရိကန်ရဲ့တုံ့ပြန်မှုကို ဖော်ပြခြင်းဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ရုရှားစစ်အင်အားတချို့ကို ပြန်လည်ရုတ်သိမ်းနေပြီလို့ ရုရှားမှကြေညာခဲ့ပေမဲ့ အမေရိကန် နဲ့ နေတိုးအဖွဲ့ဝင်များက ရုရှားတပ်တွေရုတ်သိမ်းနေတဲ့ အထောက်အထားကို မတွေ့ရသေးဘဲ အဲဒီအစား ရုရှားစစ်သားထောင်ချီကို ဒီရက်ပိုင်းမှာပဲ အင်အားထပ်ဖြည့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကြာသပတေးနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန် ပြောကြားခဲ့တာက ရုရှားရဲ့ကျုးကျော်မှုအန္တရာယ်က မြင့်မားနေဆဲ ဖြစ်ပြီး ရုရှားတပ်တချို့ ပြန်လည်ဆုတ်ခွာနေပြီဆိုတာ မမှန်ကန်ဘူးလို့ ဆိုခဲ့ပါတယ်။ "ကျနော်တို့ရရှိထားတဲ့ အချက်အလက်ညွှန်ပြချက်တိုင်းက ရုရှားတွေ ယူကရိန်းကိုဝင်တိုက်ဖို့ ပြင်ဆင်နေတာကိုပဲ တွေ့ရပါတယ်၊ ကျနော့်အထင်က လာမဲ့ရက်ပိုင်းအတွင်း ဖြစ်လိမ့်မယ်" လို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
ယူကရိန်းနယ်စပ်မှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ပူတင်ကတော့ သူ့ရည်မှန်းချက်ပြည့်ခဲ့ပါတယ်။ အဲဒါကတော့ ဘိုင်ဒန်ရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒမှာ ရုရှားကို အရေးပါတဲ့ထိပ်ဆုံးစာရင်းမှာ ဆက်လက်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူတင်မှာ နောက်ထပ်ရည်မှန်းချက်တစ်ခုဖြစ်တဲ့ နေတိုးအုပ်စုကို အားနည်းသွားအောင် သွေးကွဲသွားအောင် ကြိုးစားနေမှုမှာ ပူတင်က မအောင်မြင်နိုင်ဘဲ ဖြစ်နေရပါတယ်။ လက်ရှိအချိန်အထိ ပူတင်ရဲ့ရန်လိုကျူးကျော်မှုကို အမေရိကန် ပြင်သစ်နဲ့ ဂျာမဏီတို့က တစည်းတလုံးထဲ တုံ့ပြန်လျက်ရှိပါတယ်။ ဘိုင်ဒန်က ဥရောပမဟာမိတ်များကို စုစည်းနိုင်ခဲ့ပြီး အကယ်၍ ယူကရိန်းကိုတိုက်ခိုက်ခဲ့ပါက ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပူတင်ကို အားလုံးကတစ်သံတည်း သတိပေးခဲ့ကြပါတယ်။
ဘိုင်ဒန် နဲ့ ပူတင် တစ်ဦးကိုတစ်ဦး ဟန်ချက်ပျက်သွားအောင် သံတမန်ရေး၊ ထောက်လှမ်းရေး၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ နည်းလမ်းတွေနဲ့ ဆက်လက်ထိုးနှက်နေကြဆဲ ဖြစ်ပြီး ဘယ်သူက အသာစီးရနေသလဲ? ဆိုတာနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေရှိနေပါတယ်။
ဘိုင်ဒန်ရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေက ရောထွေးနေကြပါတယ်။ အမေရိကန် နဲ့ နေတိုးအုပ်စုကြား သဘောထားကွဲအောင် ပူတင်ရဲ့ကြိုးပမ်းနေမှုကို အမေရိကန်သမ္မတက ထိထိရောက်ရောက် တုံ့ပြန်နိုင်တယ်လို့ ပညာရှင်တချို့ကတော့ မြင်ကြပါတယ်။ "အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာခဲ့ချိန်ကစပြီး မဟာမိတ်အုပ်စုတွေစုစည်းဖို့ ကြုံနေရတဲ့ ပြဿနာတချို့ကို ဘိုင်ဒန်က ပြန်လည်တည့်မှတ်ပေးနိုင်ခဲ့တယ်" လို့ ရုရှားဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း (၂၀၀၁ မှ ၂၀၀၅ ခုနှစ်) နဲ့ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း နေတိုးအဖွဲ့ ဒုအထွေထွေအတွင်းရေးမှုးလည်း ဖြစ်ခဲ့တဲ့ Alexander Vershbow က ပြောပါတယ်။ "အမေရိကန်က အရည်အချင်းရှိတဲ့ခေါင်းဆောင်မှုကို ပြသနေတာဖြစ်ပြီး ယူကရိန်းအရှုပ်အထွေးကိစ္စမှာ မဟာမိတ်တွေအတွက် ယုံကြည်စိတ်ချမှု ရှိစေခဲ့ပါတယ်" လို့ ဆက်ပြီးပြောသွားပါတယ်။
တချို့ကလည်း အမေရိကန်ရဲ့ အလေးထားအာရုံစိုက်မှုကိုရဖို့ ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမှာကို ပူတင်က နည်းလမ်းတွေ့ရှိခဲ့ပြီး ပူတင်ရဲ့ အလှည့်အပြောင်းတစ်ခုစီတိုင်းကို ဘိုင်ဒန်ကတုံ့ပြန်ဖို့ ဖိအားပေးခံနေရတယ်လို့ ထောက်ပြကြပါတယ်။ ပြီးခဲ့တဲ့နှစ်အစောပိုင်းက ယူကရိန်းအနီးတဝိုက်မှာ ရုရှားက စစ်အင်အားတိုးချဲ့ခဲ့တဲ့နောက် ဘိုင်ဒန်က ဇွန်လထဲမှာ ဂျီနီဗာသို့သွားခဲ့ပြီး မော်စကို နဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးတည်ငြိမ်သွားအောင် ဒုတိယအဆင့် သံတမန်ဆက်ဆံရေးလောက်နဲ့ ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ "ရုရှားကို ငြိမ်ငြိမ်လေးနေဖို့ ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာက မှားပါတယ်" လို့ American University မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ James Goldgeier က ပြောပါတယ်။
ဘိုင်ဒန်ရဲ့ နိုင်ငံရေးစွန့်စားမှုက ကြီးမားလွန်းပါတယ်။ ရုရှားက ယူကရိန်းကိုတိုက်ခိုက်ခဲ့ရင် ဝေါစထရိဈေးကွက် မတည်မငြိမ်ဖြစ်ပြီး လောင်စာဆီဈေးတွေ တက်သွားနိုင်ပါတယ်။ ပေါ်ပြူလာသိပ်မဖြစ်တဲ့ ဒီမိုကရက်တစ် အမေရိကန်သမ္မတကို နိင်ငံရေးအရထိုးနှက်ဖို့ ရီပတ်ပလီကင်တွေကို လမ်းကြောင်းတစ်ခု ပေးလိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။ အာဖဂန်နစ္စတန်မှ အမေရိကန်တပ် ဖရိုဖရဲ ရုတ်သိမ်းခဲ့ရတဲ့နောက် ဒါဟာ နိုင်ငံခြားရေးရာမူဝါဒ နဲ့ ပတ်သက်ပြီး ဘိုင်ဒန်အတွက် ဒုတိယအကြိမ် အစမ်းသပ်ခံရမှုဖြစ်တာကြောင့် အလွှဲအမှားရှိလို့ မရပါဘူး။
လက်ရှိအချိန်အထိ ဘိုင်ဒန်ရဲ့ဗျူဟာကတော့ ပူတင်ကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး ရုရှားရဲ့တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ အမေရိကန်တပ်သားများကို အရှေ့ဥရောပသို့ စေလွှတ်ခြင်း၊ သံရုံးဝန်ထမ်းများကို နေရာရွေ့ပြောင်းခြင်း၊ ရုရှားရဲ့ခြေလှမ်းကို သတင်းထုတ်ပြန်ခြင်း စတာတွေက နိုဝင်ဘာလတုန်းက အိမ်ဖြူတော်ကနေ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တစ်ခုရဲ့ စီမံချက်များဖြစ်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာစီမံကိန်း ဒါရိုက်တာ Alexander Bick မှ ဦးဆောင်ပြီး သူတို့ကိုသူတို့ "tiger team" လို့ ခေါ်ကြပါတယ်။ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊ အမိမြေလုံခြုံရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စွမ်းအင်ဌာန၊ ကာကွယ်ရေးဌာန နဲ့ အမေရိကန် နိုင်ငံတကာတိုးတက်ရေး အေဂျင်စီ စတဲ့အဖွဲ့အစည်းအသီးသီးမှ အရာရှိများ နဲ့ နည်းပညာဆိုင်ရာ အထူးကျွမ်းကျင်သူများ ပါဝင်ကြပါတယ်။
အဖွဲ့ရဲ့လှုပ်ရှားမှု ခြေလှမ်းတစ်ခုကတော့ ရုရှားရဲ့အစီစဥ်ကို အဖြစ်နိုင်ဆုံး အချိန်နဲ့တပြေးညီ ထောက်လှမ်းရေး သတင်းအချက်အလက်များကို လျှို့ဝှက်မထားဘဲ ထုတ်ပြန်ဖို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လုပ်ကြံဖန်တီးတဲ့ false flag အကြောင်းပြချက်နဲ့ ရုရှားမှတိုက်ခိုက်မှု မပြုလုပ်နိုင်အောင် ဖြစ်ပါတယ်။
"ရုရှားရဲ့အစီစဥ်နဲ့ အရေးပေါ်အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းကို ပွင့်လင်းမြင်သာအောင် ကျနော်တို့ ထုတ်ဖော်ပြောပြနေခြင်းဖြင့် ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို လူတိုင်းသိမြင်ကြမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘာတွေသိထားသလဲ ကျနော်တို့ဘာတွေလုပ်နေသလဲ ဆိုတာတွေကို ပြောပြခဲ့ပါတယ်" လို့ ဘိုင်ဒန်က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ဝါရှင်တန် နိုင်ငံခြားရေးရာမူဝါဒ အသိုင်းအဝိုင်းထဲမှာတော့ ဒီနည်းဗျူဟာကို "deterrence by disclosure" (ထုတ်ဖော်ဖွင့်ပြောခြင်းဖြင့် ဟန့်တားကာကွယ်နည်း) လို့ ခေါ်ဆိုကြပါတယ်။ "ဒီနည်းက ထိရောက်မှုရှိပြီး အမေရိကန်ရဲ့ထုတ်ဖော်ချက်တွေက ရုရှားတွေကို ခံစစ်ဖြစ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ရုရှားတွေရဲ့ false flag အစီစဥ်တွေ သို့မဟုတ် ယူကရိန်းမှာအာဏာသိမ်းဖို့ အကြံစီတွေတချို့ကို ထုတ်ဖော်ခဲ့လို့ ရုရှားတွေရဲ့ အစီစဥ်ပြောင်းသွားအောင် ဖိအားပေးနိုင်ခဲ့ပါတယ်" လို့ Alexander Vershbow က ပြောပါတယ်။
ပူတင်က ယူကရိန်းကိုဝင်တိုက်ဖို့ မတိုက်ဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးတွေက ယုံကြည်ထားကြပြီး လာမဲ့ရက်အပတ်တွေထဲမှာ ကျူးကျော်မှုပုံစံတမျိုးနဲ့ လုပ်ဆောင်လာလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ပူတင်ရဲ့တွက်ချက်မှုက အလုပ်မဖြစ်ဘူးဆိုတဲ့ လက္ခဏာတွေကို မြင်နေရပါတယ်။ ရုရှားရဲ့ရန်လိုနေမှုကို ဥရောပတိုင်းပြည်များက အမေရိကန်နဲ့ အတူလက်တွဲပြီး ဆန့်ကျင်နေကြပါတယ်။
"ပူတင်ကိုတုံ့ပြန်ဖို့ ပြောဆိုနေကြတာတွေက နေတိုးအဖွဲ့ကို ပိုပြီးစည်းလုံးလာစေပြီး ပြဿနာကိုဖြေရှင်းလိုတာ ပိုပြီးထင်ရှားလာပါတယ်၊ အမေရိကန်ရဲ့ သံတမန်ရေးဆိုင်ရာ အစွမ်းအစလိုပဲ မဟာမိတ်တွေ ပိုပြီးစည်းလုံးလာအောင် ပူတင်နဲ့ ရုရှားစစ်အင်အားတိုးချဲ့လာမှုကို ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်" လို့ Vershbow က ပြောသွားပါတယ်။
ပူတင်က ယူကရိန်းတိုက်ခိုက်မှုကို အချိန်ဆွဲထားခဲ့ရင်တောင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ အာရုံစိုက်ခံရမှု ဗဟိုချက်ကနေ ပူတင်က ထွက်သွားချင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဘိုင်ဒန်က အမေရိကန်သမ္မတ ဖြစ်လာတဲ့အခါ အာရှနိုင်ငံများမှာ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ နဲ့ တရုတ်ပြည်ရဲ့ ဩဇာလွှမ်းမိုးလာမှုကို တန်ပြန်တုံ့ပြန်သွားဖို့ စတာတွေက ဘိုင်ဒန်ရဲ့ အဓိက နိုင်ငံခြားရေးရာမူဝါဒတွေ ဖြစ်ပါတယ်။ "ပူတင်က အမေရိကန်ရဲ့ နိုင်ငံခြားရေးရာမူဝါဒမှာ ဒုတိယအရေးပါတဲ့အဆင့်နဲ့ မကျေနပ်နိုင်ဘူးဆိုတာ ရှင်းလင်းစွာပြသခဲ့ပါတယ်၊ ဒီကိစ္စကတော့ ဘိုင်ဒန်ကိုယ်တိုင် ကိုင်တွယ်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပူတင်က မတည်မငြိမ်ဖြစ်တာကို ကြိုက်တယ်၊ တအံ့တဩဖြစ်အောင်လုပ်တာ ကြိုက်တယ်၊ လုပ်နိုင်တဲ့နေရာမှာ သူရဲ့စစ်အင်အားကို ထုတ်ပြတာကြိုက်တယ်" လို့ ရုရှားရေးရာကျွမ်းကျင်သူ Carnegie Endowment for International Peace မှ Eugene Rumer က ပြောပါတယ်။
ကြာသပတေးနေ့မှာ တဖက်နဲ့တဖက် တုံ့ပြန်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရုရှားမှ မော်စကိုမှာရှိတဲ့ နံပတ် ၂ အရေးအကြီးဆုံး အမေရိကန်သံတမန်အား နှင်ထုတ်ခဲ့ပြီး၊ ယူကရိန်းအရှေ့ဖက်ခြမ်းမှာ ပစ်ခတ်မှုသတင်းတွေ ထွက်လာပါတယ်။ ရှေ့တန်းမှာလိုအပ်မဲ့ သွေးအထောက်အပံ့များကို ရုရှားစစ်တပ်မှ ပို့ဆောင်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန်က ကြာသပတေးမနက် ဂျာမဏီကိုသွားမဲ့အစီစဥ်ကို ဖျက်သိမ်းခဲ့ပြီး နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ယူကရိန်းအကြပ်အတည်းနဲ့ ပတ်သက်ပြီး ပြောဆိုတင်ပြမှာ ဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ အရေးထားအာရုံစိုက်မှုရနေတဲ့ ပူတင်ကတော့ ဒီအခွင့်အရေးကို လက်လွတ်သွားလိုက်ဖို့ မမြင်ရသေးပါကြောင်း။ ။
(ကိုးကား။ ။ TIME, Feb 17, 2022 - How Joe Biden Has Tried to Throw Putin Off Balance in Ukraine)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar