မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၂
◾️ပြည်တွင်းက စစ်မီး၊ ကမ္ဘာ့ဒေသတချို့က စစ်မီးဂယက်နဲ့ ဒီမိုကရေစီဆုတ်ကပ်
ရုရှားနဲ့ ယူကရိန်းစစ်ပွဲရဲ့ အကြောင်းနောက်ဆုံးအခြေအနေတွေကို ကမ္ဘာတဝှမ်းကလူတွေ စိတ်ဝင်တစား စောင့်ကြည့် နားစွင့်နေကြသလို မြန်မာနိုင်ငံကလူထုတွေလည်း ယူကရိန်းစစ်ပွဲအကြောင်းကို နားစွင့်နေကြပါတယ်။ ယူကရိန်းစစ်ပွဲက မြန်မာ့အရေးနဲ့ ဘယ်လိုသင်ခန်းစာယူစရာတွေ ဘာပါမလဲ၊ မြန်မာ့အရေးကို ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ၊ မြန်မာ့အရေးသာမကပဲ ကမ္ဘာ့စီးပွားရေးကိုဘယ်လို သက်ရောက်မှုတွေဖြစ်စေဦးမလဲ စတဲ့ခေါင်းစဉ်တွေ တွေးဆစရာတွေအများအပြားရှိပါတယ်။ ရုရှက အရှေ့ဥရောပမှာ အခုလို ကျူးကျော်သလိုမျိုး တရုတ်နိုင်ငံကရော အခြေအနေအခွင့်အလမ်းကိုအသုံးချပြီး ထိုင်ဝမ်ကို သိမ်းယူမှာလား စသဖြင့် အဆုံးစွန်တွေးဆမှုတွေလည်းရှိနေကြတာ ကြားသိနေရပါတယ်။
ယူကရိန်းစစ်ပွဲက မြန်မာ့အရေးလို ပြည်တွင်းစစ်ပွဲတရပ်တော့မဟုတ်ပါဘူး။ ဖြစ်ပွားတဲ့နိုင်ငံကလည်း တတိယကမ္ဘာကနိုင်ငံနဲ့ ဖြစ်တာမဟုတ်ပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ပြီး နယူကလီးယားလက်နက်တွေ ပိုင်ဆိုင်ပြီး တာလတ်ပစ်၊ တာဝေးပစ်ဒုံးကျည်တွေပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တဲ့ ရုရှားနဲ့ဖြစ်ပွားတဲ့ စစ်ပွဲဖြစ်လို့ လက်တွေ့ သဘောနဲ့ပြောရရင် ဆင်နဲ့ဆိတ်လိုကွာခြားတဲ့အနေအထားဖြစ်ပါတယ်။ စစ်ဖြစ်တာနဲ့ နေ့ချင်းမှာပင် ရုရှားဟာ ယူကရိန်းရဲ့ စစ်ရေးအဆောက်အဦ၊ စနစ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီးဖျက်ဆီးခဲ့ကာ တင့်ကားတွေမြေပြင်တပ်ဖွဲ့တွေ ၂ ရက်အတွင်းမြို့တော်ကို ရောက်အောင်ဝင်လာနိုင်တဲ့ အနေအထားဖြစ်လို့ ရေတိုစစ်ပွဲရလဒ်မှာတော့ အငြင်းပွားစရာသိပ်မရှိပဲ ရုရှားက သိမ်းယူနိုင်တဲ့အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။ စစ်အင်အားနဲ့ သိမ်းယူပြီးဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတဲ့ မေးခွန်းက ဒုတိယမေးခွန်းဖြစ်ပြီး ရုရှားက ရုပ်သေးအစိုးရတင်မြှောက်ပြီး စစ်အင်အားနဲ့ အထောက်အကူပေးမှာလား ဆိုတာတွေက ခုချိန်မှာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ အင်အားကြီးနိုင်ငံတွေအဖို့ နိုင်ငံတနိုင်ငံကို စစ်အင်အားနဲ့ ဝင်သိမ်းဖို့က လွယ်ကူပေမယ့် ရေရှည်ထိန်းသိမ်းထားဖို့က ခက်ခဲတာ အာဖဂန်နစ္စတန်မှာ ၁၉၈၀ ခုနှစ်အစပိုင်း ရုရှတွေသိမ်းပြီး ဆယ်စုနှစ်တခုကျော် ခုခံစစ်ပွဲတွေကိုတိုက်ခိုက်ခဲ့ရတဲ့သာဓက၊ ၂၀၀၀ ကျော် နိင်းအလဲဗင်းကနေ ၂၀၂၁ ခုနှစ် သြဂုတ်လ အမေရိကန်ရဲ့ သာဓကတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ ကျူးကျော်တဲ့နိုင်ငံအဖို့ စစ်အေးတိုက်ပွဲအတွက် ဖြစ်စေ၊ နိုင်ငံရေးအယူဝါဒဆိုင်ရာကာကွယ်မှုအရ ဖြစ်စေ၊ နိုင်ငံတကာမှာ အရှုံးပေးရတယ်ဆိုတာကို မခံနိုင်လို့ဖြစ်စေ ဘာအကြောင်းကြောင့် တိုက်ခိုက်ကြပါစေ စစ်တလင်းဖြစ်တဲ့နိုင်ငံအဖို့ အကြပ်အတည်းထဲက ပြန်လည်လွတ်မြောက်ဖို့ ဆယ်စုနှစ်များစွာအချိန်ယူကြရမှာ ဖြစ်ပြီး လူထုသိန်းသန်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကြရတာက ရလဒ်တွေဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲဟာ အနောက်အုပ်စုရဲ့ ဒီမိုကရေစီကို ခုခံကာကွယ်တာအတွက် ရုရှားကိုရင်ဆိုင်တာလို့ ပြောဆိုကောင်းပြောဆိုနိုင်ပါတယ်။ နေတိုးစစ်စာချုပ်ထဲ ယူကရိန်းကို မထည့်သွင်းပါဘူးဆိုတဲ့ ရုရှားတောင်းဆိုချက်ကို မလိုက်လျောကြပဲ ဒါဟာယူကရိန်းရဲ့ အခွင့်အရေး၊ သူတို့ကိုယ်ပိုင်ရွေးချယ်ခွင့်လို့ ခံယူကာ အမေရိကန်ဦးဆောင်တဲ့ အနောက်ဥရောပနိုင်ငံတွေက အလျော့မပေးခဲ့ကြပါဘူး။
သို့သော်လည်း လက်တွေ့ ရုရှားက ယူကရိန်းကို ကျူးကျော်လာချိန်မှာ ကမ္ဘာစစ်အသွင်စစ်ပွဲကျယ်ပြန့်သွားနိုင်ချေ၊ ဥရောပတိုက်တတိုက်လုံး စစ်ပွဲထဲကျရောက်သွားနိုင်ချေတွေကို စိုးရိမ်ပြီး အမေရိကန်အပါအဝင် အနောက်ဥရောပနိင်ငံတနိုင်ငံကမျှ စစ်ရေးအရပါဝင်ကူညီတာမတွေ့ရသေးပါဘူး။ စစ်ရေးအရကူညီရမယ့် အစား စီးပွားရေးပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေကိုသာချမှတ်ပြီး စစ်ရေးအရဝင်ရောက်ကူညီတာတွေကို လက်ရှောင်နေခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေ တဖက်နဲ့တဖက် စောင်နေကြချိန်မှာ အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်ဆောင်မယ်ဆိုတာကို ကြိုတင်အသိပေးထားကြလို့ ဒီလက်တုံ့ပြန်မှုလုပ်တာ မထူးဆန်းပေမယ့်လည်း စစ်ရေးအရ ပါဝင်ကူညီမလားဆိုတဲ့ မျှော်လင့်ချက်မျိုး ယူကရိန်းမှာ ရှိကောင်းရှိနေနိုင်ပါတယ်။
သို့သော် အခုလက်တွေ့ ရုရှားကျူးကျော်လာချိန်မှာ ယူကရိန်းအနေနဲ့ မိမိဘာသာခုခံကာကွယ်ရမယ့် အနေအထားဖြစ်နေပြီး စစ်ရေးနည်းပညာ လက်နက်ပိုင်ဆိုင်မှုအရ အဆများစွာကွာတဲ့အခြေအနေမှာ ရေရှည်ခုခံစစ်ပွဲ ပျောက်ကျားဗျူဟာမျိုးအထိ ပဋိပက္ခကဆက်လက် ဖြစ်ပွားနိုင်ချေလည်း ရှိနေတာတွေ့ရပါတယ်။
ဒီအဖြစ်အပျက်က ကမ္ဘာမှာအာဏာရှင်တွေ အာဏာရှင်စနစ်ဆန်တဲ့ အုပ်ချုပ်မှုတွေပြန်လည်မြင့်တက်လာချိန်မှာ အခုလို အနောက်အုပ်စု ဒီမိုကရေစီဘက်က ရပ်တည်ရေးက ပြတ်သားမှုမရှိတဲ့သဘော ခိုင်ခိုင်မာမာ မရှိတဲ့သဘောမျိုးလည်း အခြားသောနိုင်ငံတွေက ကောက်ချက်ချသွားနိုင်ပါတယ်။ အခုလိုအင်အားကြီးနိုင်ငံနဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံ ဖြစ်ပွားတဲ့စစ်ပွဲလိုမျိုးမှာ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ သြဇာမလွှမ်းနိုင်တာလည်း သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကို တည်ထောင်ကြစဉ်မှာ အခုလိုပဋိပက္ခမျိုးကိုလည်း ကြားဝင်ဖြေရှင်းနိုင်တဲ့ သြဇာရှိတဲ့အဖွဲ့အစည်းအဖြစ် ရည်ရွယ်ကြပေမယ့်လည်း လက်တွေ့မှာတော့ နိုင်ငံတကာဆိုင်ရာ မဟာဗျူဟာတွေ အကျိုးစီးပွားတွေ၊ စစ်အေး လက်ဝဲအုပ်စု လက်ယာအုပ်စုအားပြိုင်မှုတွေ ကြုံလာတဲ့အခါ အင်အားကြီးနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂကို ဘေးဖယ်ထားပြီး မိမိတို့သဘောအတိုင်း ပြုမူကြတဲ့ သာဓကတွေကြောင့်လည်း ကုလသမဂ္ဂဟာ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်းတခု အဆင့်မျိုးမှာသာ ထားကြတာ ဖြစ်ပါတယ်။
သည်တော့ စစ်မီးတွေ တောက်လောင်ချိန်၊ ဒီမိုကရေစီအစိုးရတွေ၏ အားနည်းမှု၊ အာဏာရှင်အစိုးရတွေ၏ ပိုမိုမိုက်ရူးရဲဆန်မှုတွေအောက်မှာ လူထုဟာ ဆောက်တည်ရာမရ ဖြစ်ရတယ် ဆိုချင်ပါတယ်။ မီဒီယာများကိုယ်တိုင်ကလည်း ပြည်သူလူထုရင်ဆိုင်နေမှု မြင်ကွင်းကို တိုက်ရိုက်သတင်းပို့ တင်ဆက်တာထက် အစိုးရတွေ ဘာပြောလဲ၊ ခေါင်းဆောင်ဆိုသူတွေ ဘာလုပ်နေလဲ၊ စီးပွားရေး ဘာတွေဖြစ်ကုန်မလဲဆိုတဲ့အကြောင်းတွေ ပိုဆွေးနွေးပြနေကြတယ်၊ တချို့မီဒီယာတွေ ပညာရှင်တွေက ပူတင်ကို ဘာလို့မုန်းရတာလဲဆိုပြီး ဆွေးနွေးငြင်းခုန်မှုတွေ လုပ်ပြနေကြပါသေးတယ်။
မြန်မာနိုင်ငံအရေးမှာလည်း ကုလသမဂ္ဂအနေနဲ့ ဝင်ရောက်ဖြေရှင်းဖို့ မစွမ်းသာတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းရေးသာ ဖြစ်တယ်လို့ စစ်အင်အားရှိသူတွေ၊ အာဏာရှိသူတွေက ဆင်ခြေပေးကြပေမယ့်လည်း နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ အရပ်သားအသက်ဆုံးရှုံးမှုတွေ၊ နေအိမ်မီးရှို့ခံရမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲသည်အတွက် အနီးကပ်ဆုံး အာဆီယံ၊ တရုတ် နဲ့ အိန္ဒိယတို့ ရပ်တည်ချက်တွေ လုပ်ကိုင်နေမှုတွေကလည်း အနောက်အုပ်စုနိုင်ငံတွေလိုပဲ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်တဲ့ ရပ်တည်ချက်ဆိုတာ ထင်ရှားခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့သတင်းတွေထဲမှာ ရွှေဘိုမြို့၊ အရာတော်စတဲ့ ဒေသကကျေးရွာတွေက နေအိမ်တွေမီးရှို့ ဖျက်ဆီးခံနေကြရတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းစစ်ပဋိပက္ခမှာ တနေ့တနေ့ နေအိမ်ရာနဲ့ချီပြီးမီးရှို့ခံနေရသလို လက်နက်ကိုင် တိုက်ခိုက်တဲ့ PDF ကို အားပေးသူ၊ ပါဝင်သူလို့ သံသယဖြစ်ရုံမျှနဲ့ အမျိုးသမီးရော၊ အသက်အရွယ်ကြီးရင့်သူ၊ အရွယ်မရောက်သေးတဲ့ လူငယ်တွေပါမချန် ပစ်ခတ်သတ်ဖြတ်နေတတာတွေက နေ့စဉ်ဘဝလို ဖြစ်လာနေပါတယ်။ ခုရက်ပိုင်း ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ရဲ့ မြို့နယ် အများအပြားမှာ သတ်ဖြတ် မီးရှို့ခံရတဲ့ အဖြစ်တွေနေ့စဉ်လိုလို သတင်းတွေထဲ ပါရှိနေပါတယ်။ ကမ္ဘာကြီးအနေနဲ့ ယူကရိန်းနဲ့ ရုရှားအရေးကို စိတ်ဝင်စားနေကြချိန်မှာ မြန်မာ့အရေးက အတိုင်းအတာတခုထိ နောက်ရောက်နေဦးမှာ ဖြစ်ပြီးမိမိတို့အင်အားနဲ့ မိမိတို့သာ ခုခံတိုက်ခိုက်နေကြရဦးမယ့် အလားအလာရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် မြန်မာပြည်သူတွေသာ ရှိတယ်ဆိုတာ သည် ၂၀၂၁ တနှစ်တာက သက်သေပြပြီးပါပြီ။ အဲသည်အတိုင်း ၂၀၂၂ မှာလည်း မြန်မာပြည်သူတွေက မဆုတ်မနစ် ဆက်လက်ရပ်တည် ချီတက်နေဆဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar