ကိုကျော်(မြစ်ကြီးနား) - နားလည်တဲ့သူတွေ ရှင်းပြပါ
ကိုကျော်(မြစ်ကြီးနား) — နားလည်တဲ့သူတွေ ရှင်းပြပါ
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၂
ဖေ့ဘုတ်ကနေ မက်တာ (Meta) နာမည်ပြောင်းသွားတာ နားလည်တယ်၊ ရေးခဲ့သေးတယ်။ ဇူကာဘတ်က ပုံရိပ်ယောင်ကမ္ဘာလောက (metaverse) ကို အဓိကထားပြီး ကြိုးစားဖန်တီးနေတယ် ဘာညာတွေအထိ လိုက်မီပါသေးတယ်။
ဒါပေမဲ့ Metaverse (သို့မဟုတ်) virtual reality နဲ့ပတ်သက်ပြီး လတ်တလော သတင်း ၂ ပုဒ်ကို ဖတ်မိတော့ အတော်ကြောင်သွားတယ်၊ နားမလည်နိုင်တော့ဘူး။ ရေးထားတဲ့အတိုင်း သိသလောက်ပြောပြမယ်။ တကယ်တော့ ခုထိကို နားမလည် ဖမ်းဆုပ်မရ ဖြစ်နေတယ်။
(သတင်း - ၁)
အင်္ဂလန်က အမျိုးသမီးတစ်ယောက် Meta (ယခင် ဖေ့ဘုတ်ကုမ္ပဏီ) မှ တီထွင်ထားတဲ့ Horizon Worlds ပုံရိပ်ယောင်ဂိမ်းကို စမ်းသပ်ပြီးကစားကြည့်တော့ အထဲဝင်ကစားပြီး စက္ကန့် ၆၀ အတွင်းမှာပဲ အမျိုးသား avatars (အကောင့်တစ်ခုတိုင်း မိမိကိုကိုယ်စားပြုတဲ့ ရုပ်ပုံသင်္ကေတ) က သူမကို ဝိုင်းပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ သူမရဲ့အတွေ့အကြုံကို ထုတ်ဖော်ခဲ့တယ်။
(???? ပုံရိပ်ယောင်ထဲမှာပဲ မဟုတ်လား? တကယ်အပြင်လက်တွေ့မှာမှ မဟုတ်တာပဲ၊ ဘယ်လိုများလည်း?။ စာဖတ်သူတစ်ဦးရဲ့ ကွန့်မန့်ကတော့ . . . "အတော်ရယ်စရာကောင်းတာပဲ၊ မုဒိန်းကျင့်မခံရအောင် လွယ်လွယ်လေး ရှောင်လို့ရပါတယ်၊ မီးပလပ် ဆွဲဖြုတ်လိုက်ရုံပဲလေ။ (သို့မဟုတ်) တပ်ထားတဲ့ VR မျက်မှန်ကို ချွတ်လိုက်ရင် ရပြီလေ" လို့ ပြောထားတယ်။)
(သတင်း -၂)
ပုံရိပ်ယောင်ကမ္ဘာထဲမှာ အိမ်ခြံမြေအရောင်းအဝယ် ဒေါ်လာသန်း ၅၀၀ အထိရှိခဲ့၊ ၂၀၂၂ ခုနှစ်မှာ ရောင်းအား ၂ ဆအထိ မြင့်လာမယ်လို့ ခန့်မှန်းထား။ Metaverse အိမ်ခြံမြေတွေရောင်းတဲ့ Sandbox ဂိမ်းကုမ္ပဏီက မော်တော်ဘုတ်တွေပါတဲ့ အိမ်ရာခြံကြီး အလုံး ၁၀၀ ဆောက်နေပြီး အိမ်တစ်လုံးရဲ့ဈေးနှုန်းက အကြမ်းဖျင်း ဒေါ်လာ ၁၅၀၀၀ - ၁၀၀,၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။
(??? အပြင်မှာ တကယ်မရှိတဲ့ အိမ်ခြံမြေကို ဘယ်လိုသွားနေကြမလဲ? ဒုတိယသတင်းက ပိုရှုပ်သွားတယ် 🧐🤔။ မန့်တစ်ခုကတော့ . . "ဒစ်ဂျစ်တယ် ဘဏ်ချေးငွေကို ပြန်မဆပ်နိုင်လို့ ငါရဲ့ ပုံရိပ်ယောင် မိသားစုလေး ပြိုကွဲရပြီး၊ ငါ့မိန်းမနဲ့လည်း ပုံရိပ်ယောင်ထဲမှာ ကွာရှင်းနေရပြီ" လို့ ရေးထားပါတယ်။ 😆 )
ပုံရိပ်ယောင်ကမ္ဘာထဲမှာ မနေလိုပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar