အောင်ဝေး - ဖျားနေတဲ့နှင်း
အောင်ဝေး - ဖျားနေတဲ့နှင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၂
xxx တောင်ကုန်းလေးတစ်ခုပေါ်ကို တက်လှမ်းတော့
လမ်းခရီးမှာ ကျေးငှက်တွေကို အဖော်ပြုခဲ့ရတယ်
ရေတွင်းလေးတစ်ခုကို တွေ့တော့ ရေငင်သောက်ရင်း
ရေတွင်းထဲကို ငုံ့ပြီး နှင်းရေ... လို့အော်ခဲ့တယ် xxx
(ခင်ဝမ်း၏နှင်း မှ)
+++
နှင်းတွေ ကျနေတာပါ
အင်ဒီယားနားမှာ
အောင်ဝေးအတွက်
နှင်းတွေ ကျနေတာပါ ကိုခင်ဝမ်း။
ရေခဲမှတ်အောက်ကို
နောက်ကျွမ်းပစ်ပြီး ရောက်နေတဲ့
ညနေခင်း
နှင်းတွေ ထူထူထဲထဲ ကျနေတယ်။
ခင်ဗျားရဲ့ လွမ်းတတ်တဲ့
နှင်းတွေတော့ မဟုတ်ပါဘူး
အခုကျနေတာက
ဒေါ်ကြည်အေးရဲ့ နှင်းတွေလေ။
"နှင်းခင်းဖုံးကွယ်၊ နိုင်ငံကျယ်စွ
ကြွယ်ဟန်ဆောင်သည်
နှင်းမှောင်ကန္တာရတကား" တဲ့။ *
ကြည်အေးရဲ့
ရက်စက်တဲ့နှင်းတွေပါ ကိုခင်ဝမ်း။
အမေရိကရဲ့
အရှေ့ဘက်ကမ်းရိုးတန်းမှာ
နှင်းမုန်တိုင်းကြမ်း
လမ်းသလားနေရဲ့။
အလယ်ပိုင်းကုန်းတွင်းကျ
အင်ဒီယားနားကတော့
မုန်တိုင်းကို ဝတ်ဆင်မလာတဲ့
Naked snow တွေကျသပေါ့။
ရေခဲမှတ်အောက်
မမြင်ရတဲ့ ကောင်းကင်အောက်မှာ
အဲဒီနှင်းတွေ ဖျောက်ထားလို့
ကျနော် လမ်းပျောက်နေတယ်။
"ကျမ အနှစ်နှစ်ဆယ်လုံးလုံး
လမ်းပျောက်နေခဲ့တာပါ" တဲ့
လေထန်ကုန်း ဝတ္ထုကြီးထဲက
ကက်သရင်းအန်းရှောလိုပဲလေ။
နတ်မင်းကြီးဇုရဲ့
မီးကိုခိုးသူမဟာ အကျဥ်းသား
ပရိုမီးသီးယပ်စ်ဟာ
ဇိအုန်တောင်ပေါ်မှာ။
နေ့အခါ ရေခဲလှံတံနဲ့
အထိုးခံရ
ညကျတော့
လင်းယုန်က သူ့အသည်းနှလုံး
ထိုးဆိတ်ပြန်သတဲ့။
ပြည်ပြေး ၁၄ နှစ်
ကျနော့်ခေတ်တစ်ခုလုံး
ထိုးဆိတ်ခံနေရတာပါဗျာ။
ကျနော်က
နှင်းမှောင်ကန္တာရမှာ
ကျနော့်ပြည်သူတွေက
စစ်ကြောရေးကန္တာရမှာ။
ကျနော်
မပျော်ပါဘူး ကိုခင်ဝမ်းရယ်။
ခင်ဗျားတို့
ပိုင်သတို့
ငှက်တို့ကတော့
(အင်္ဂလိပ်မီဒီယံထဲကလို)
Rolling in your graves
ဖြစ်နေရော့မလား။
ခင်ဗျားတို့ သုံးယောက်သား
အုတ်ဂူတွေထဲမှာ
လူးလှိမ့်နေတော့မလား။
ဒေါသနဲ့ တောက်ခေါက်သံက
သုသာန်အပြင်ကို
လျှံထွက်သွားတယ်။
ကျနော်တို့ လေးယောက်
ပန်းဆိုးတန်း ဟောလိဝုဒ်မှာ
၃၃- လမ်း ညနေခင်းမှာ
ငြင်းခုန်ရင်းပုလင်းကုန်သွားတဲ့
ရန်ဖြစ်ရင်းပြန်ချစ်သွားတဲ့
ခင်ဗျားရဲ့ နောက်ဆုံးနေ့တွေ။
အခု
ခင်ဗျား ဘယ်မှာလဲ ကိုခင်ဝမ်း။
တိုင်းပြည်ကတော့
သွေးအလူးလူး သံအလူးလူး
ခွေးရူးဆွဲခံနေရပြီ။
မနေ့တစ်နေ့က
(ဖေဖော်ဝါရီ ၁၊ ၂၀၂၂)
မြစ်ကြီးနား မနက်ခင်း။
အိပ်ရာမနိုးသေးတဲ့ ကလေး
မောင်ဘုန်းခန့်ထည်
အသက် (၇) နှစ်။
စစ်တပ်က ပစ်တဲ့
ကျည်ဆန်ထိ သေရသတဲ့။
ကျည်ဆန်က
ကိုယ်ချင်းစာတရား မပါဘူး
ပစ်တဲ့ စစ်သားက
နှလုံးသား မပါဘူး။
အိမ်နံရံကို ဖောက်ပြီး
ကလေးကို လာမှန်တဲ့ ကျည်ဆန်က
ဒီမှာ
နှင်းနံရံကို ဖောက်ပြီး
ကျနော့်ရင်ကို လာမှန်တယ်လေ။
ကျနော့်မှာ ခုခံစရာဆိုလို့
ကဗျာပဲ ရှိပါတယ်။
လွမ်းမြိုင်ကျေးရဲ့အဝေးမှာ
ပြည်ပြေးဟာ
စိတ်ပဲ ကျန်တယ်လေ။
အခုလည်း
အိမ်နောက်က
ရေတွေခဲနေတဲ့ ကန်ပေါ်မှာ
ကျနော် လမ်းလျှောက်နေတယ်
လမ်းဆက်လျှောက်ရမယ်ဆိုတဲ့
စိတ်နဲ့ပဲပေါ့။
အဆိပ်တစ်ဂါလံ
သောက်မိမှားရင်တောင်
စစ်မိစ္ဆာကောင်ကို သတ်ချင်နေတဲ့ စိတ်က
အဆိပ်နှစ်ဂါလံ ထပ်သော်လည်း
ဘယ်တော့မှ မသေနိုင်ဘူး။
သေခြင်းတရားရဲ့
ဟိုမှာဘက်မှာ
ဘာတွေရှိမလဲ။
ကျနော် မစဥ်းစားဘူး
သေရင်
ခင်ဗျားတို့နဲ့ တွေ့မှာပဲ
ဘာအရေးလဲ။
လောကကမ်းပါးမှာ
လွမ်းနေရသမျှ
ကျနော် အဓိပ္ပာယ်ရှိချင်တယ်။
မိစ္ဆာရဲ့ပဉ္စမံတပ်သားတွေကလည်း
"အဓိပ္ပာယ်" တဲ့။
အဓိပ္ပာယ်မရှိတဲ့ကောင်တွေက
အဓိပ္ပာယ်သိချင်နေပြန်တယ်။
စစ်တပ် ထောက်ခံရင်
တပ်ခံပေါ့။
နွေဦးက ကြိုးကျစ်နေပြီဆိုရင်
ကြင်စိုးပေါ့။
ရေစိုးသိန်းစာအုပ်မှာ
အမှာစာရေးတာ
မြွေသိန်းညွန့်နဲ့
အမွှေငြိမ်းမောင်ပေါ့။
သင်းတို့နဲ့တော့
ပိုင်သရဲ့
အချစ်နားနီး အချစ်ရုပ်ရှင်ထဲကလို
သေနတ်ချင်း ယှဥ်ပစ်ရတော့မယ်။
ငှက်ကတော့
ကျနော် လက်ဖြောင့်မှန်း သိပါတယ်။
မသေခင်တော့
နွေဦးကောက်ရိတ်သိမ်းပွဲ
နွှဲသွားချင်သေးတယ်။
နွေဦးမှာ ပွင့်မဲ့ပန်းတွေ
မြင်သွားချင်သေးတယ်။
နွေဦးမှာ ပွင့်တဲ့ပန်းတွေက
နွေဦးရဲ့ ရနံ့ရှိတယ်။
အဲဒီရနံ့
ကျနော် သိတယ်။
ကျနော့်စိတ်က
အဲဒီ ခရမ်းနုရောင်ရနံ့ကို ရတယ် ကိုခင်ဝမ်း။
စစ်ခွေးတွေ ကျဆုံးသွား
တိုင်းပြည် ဘေးကင်းသွား
ပြည်သူတွေ ပျော်ရွှင်သွား
ဒေါ်အောင်ဆန်းစုကြည်လည်း
ပြန်လွတ်လာတဲ့အခါပေါ့။
xxx တစ်လောကလုံးမှာ
ခရမ်းနုရောင်ကလေးတွေ
မှိုင်းမှိုင်းဝေနေ xxx
ကိုခင်ဝမ်းရေ
အဲဒီအချိန်ကျရင်
ကျနော် အိမ်ပြန်လာမယ်
ခင်ဗျားရဲ့ ခရမ်းနုရောင်နှင်းတွေထဲမှာပဲပေါ့။
အခုတော့
"တပ်ကိုကြိတ်မဲ့မိန်းမများ
သံတိုင်ကြားက လက်ထောင်ထား" တဲ့
အင်ဒီယားနား
နှင်းတွေကြားမှာ
ကျနော် ဖျားသွားတယ် ကိုခင်ဝမ်း။ ။
အောင်ဝေး
(ဖေဖော်ဝါရီ ၃၊ ၂၀၂၂)
* ကြည်အေး၊ ပထမအမြင်၊ ရှုမဝမဂ္ဂဇင်း၊ ၁၉၇၃ ဇန်နဝါရီ။
ခင်ဝမ်း(နိုဝင်ဘာ ၂၄၊ ၁၉၄၇ - ဖေဖော်ဝါရီ ၃၊ ၂၀၀၀)
ကွယ်လွန်တဲ့ (၂၂) နှစ်ပြည့်နေ့မှာ သူ့ကို သတိရတဲ့စိတ်နဲ့ရေးပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar