မြန်မာနွေဦး ခရိုနီကယ် - မေ ၂၈ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၈ မြင်ကွင်း
(မိုးမခ) မေ ၂၉၊ ၂၀၂၂
နောက်တခေါက်လာဦးမယ့် အာဆီယံ ကိုယ်စားလှယ်နဲ့ ပထမဆုံးအကြိမ် လာခွင့်ရမယ့် ကုလအထူးကိုယ်စားလှယ်
ကမ္ဘောဒီးယား နိုင်ငံက အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံက မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူရသူ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်ဟာ မြန်မာနိုင်ငံကို ဒုတိယမြောက်အနေနဲ့ လာမယ့် ဇွန်လထဲ လာရောက်ပါလိမ့်မယ်။
ပရတ်ဆိုခွန် အနေနဲ့ ပြီးခဲ့တဲ့ မတ်လက မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့ပြီး စစ်ကောင်စီ၊ နိုင်ငံရေးပါတီအချို့ နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တော့ မရခဲ့ဘဲ အခုတခေါက်မှာလည်း တွေ့ဆုံခွင့် ရနိုင်ဖို့ အလားအလာနည်းပါးပါတယ်။
ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ အာဆီယံအလှည့်ကျ အဖြစ်တာဝန်ယူပြီး မကြာမီမှာပဲ မြန်မာနိုင်ငံကို နိုင်ငံကိုယ်စားပြုသလိုအာဆီယံ ကိုယ်စားပြုသလို ကွဲကွဲပြားပြား သိပ်မရှိတဲ့ ကိုယ်စားပြုမှုနဲ့ လာရောက်ခဲ့ပါသေးတယ်။
ဟွန်ဆန်အနေနဲ့တော့ သူကိုယ်တိုင်လည်း ကမ္ဘောဒီးယားနိုင်ငံကို အာဏာရှင်စနစ်တပိုင်း အုပ်ချုပ်နေသူ ဖြစ်လို့ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို နားလည်ပေးနိုင်သူ တယောက် အနေအထားမျိုး ပြောမယ်ဆို ပြောနိုင်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီကို အတိုက်အခံ အဖွဲ့တွေနဲ့ လက်တွေ့ကျကျ ဆွေးနွေးစကားပြောဖို့ ဆိုတဲ့ လမ်းကြောင်းမျိုးကို တွန်းအားပေးချင်ပုံရပြီး အတိုက်အခံ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း လက်နက်ကိုင် တိုက်ခိုက်ခြင်းထက် တွေ့ဆုံဆွေးနွေးစကားပြောကြဖို့ လမ်းကြောင်းမျိုးကို တိုက်တွန်းတဲ့ အရိပ်လက္ခဏာတွေ တွေ့ရပါတယ်။ မကြာခင်လပိုင်းတွေအတွင်းက ကမ္ဘောဒီးယားနိုင်င်ငံက ဖွင့်ပွဲအခမ်းအနားတခုအပြီး သတင်းသမားတွေရဲ့ မေးခွန်းဖြေကြားရာမှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ပါဝင်ပတ်သက်နေသူတွေက ဆွေးနွေးဖို့ထက် လက်နက်ကိုင်တိုက်ဖို့သာ စိတ်အားထက်သန်နေကြတော့ ၄င်းအနေနဲ့ လက်လျှော့တဲ့ သဘောမျိုး၊ ဒီတနှစ်တာ ကာလအတွင်း မပြေလည်ရင် နောက်အလှည့်ကျသူက ဆက်လက်ကြားဝင် ဖြေရှင်းကြရမယ် ဆိုတဲ့သဘောမျိုးလည်း ပြောခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေအထဲမှာ ဒီမိုကရေစီနည်းကျကျ လွတ်လပ်တဲ့ ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ အစိုးရမဟုတ်ဘဲ ရွေးကောက်ပွဲနီးတိုင်း အတိုက်အခံပါတီတွေ နိုင်ငံရေးခေါင်းဆောင်တွေကို ထိန်းချုပ်ပြီး ရွေးကောက်ပွဲ ကျင်းပလေ့ရှိတဲ့သူ ဖြစ်ပါတယ်။
တကယ်တော့ အာဆီယံ ၁၀ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံချည်းမဟုတ်ဘဲ နိုင်ငံရေး စနစ်အမျိုးမျိုးကွဲပြား အာဏာကို ထိန်းချုပ်ထားကြပုံ အမျိုးမျိုး ကွဲပြားနေကြတဲ့ နိုင်ငံတွေ ဒေသတွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
အာဆီယံရဲ့ ကိုယ်စားလှယ် မြန်မာနိုင်ငံလာမယ့် ခရီးစဥ် အတည်ပြုတဲ့ သတင်းနဲ့အတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ခန့်အပ်ခံထားရတဲ့ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရလိမ့်မယ်လို့ သတင်းဖော်ပြနေကြပါတယ်။
စစ်အာဏာသိမ်းပြီးကာလကတည်းက နိုလင်းဟေဇာ အရင် ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဖြစ်သူ ခရစ်စတင်းဘာဂးနာဟာလည်း မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ခွင့်မရခဲ့ရာက အခု တနှစ်ကျော်အကြာမှာ နိုလင်းဟေဇာ လာရောက်မယ်ဆိုတဲ့ သတင်းထွက်လာတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းအပြီးကာလတွေမှာ ကုလအထူးကိုယ်စားလှယ် ဖြစ်သူ ခရစ်စတင်းဘာဂူနာနဲ့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် ဗိုလ်ချုပ် စိုးဝင်းတို့ အွန်လိုင်းကနေ တကြိမ်မက ဆက်သွယ်ဆွေးနွေးမှုရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီလို ဆက်သွယ်မှုတောင် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
အခုလို အာဆီယံ ကိုယ်စားလှယ်နဲ့ ရှေ့ဆင့်နောက်ဆင့် ကုလကိုယ်စားလှယ် လာရောက်မယ့် ကိစ္စဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ စစ်ကောင်စီကို စည်းရုံးနားချရေး အတိုင်းအတာတခုထိ ထိရောက်မှုရှိတာကြောင့်လား သို့မဟုတ် မကြာသေးခင်က အမေရိကန် မှာ အာဆီယံနဲ့ အမေရိကန် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ NUG ရဲ့ သံတမန် ရေးရာ အောင်မြင်မှုအချို့ရခဲ့တာကို အာရုံလွှဲပြောင်းဖို့ စစ်ကောင်စီဘက်က နည်းပရိယာယ်အရ လုပ်ဆောင်လာတာလား ဆိုတာ တိတိကျကျ ကောက်ချက်ချ မပြောနိုင်သော်လည်း တခုခုကြောင့် ဖြစ်နိုင်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်လို့ ယူဆမှုရှိကြတာမှန်သော်လည်း လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက် ဒုက္ခသည်တွေ နယ်စပ်ကို ကျော်ပြီး အပြင်ရောက်လာနိုင်တဲ့ ဒုက္ခသည်တွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ လိုအပ်လာမယ့် လူသားချင်းစာနာမှု အကူအညီတွေ ထိခိုက်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စတဲ့အကျိုးဆက်တွေက အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar