Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၇ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၇ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၂


ဖေဖော်ဝါရီ ၇ ရက် - စစ်ပွဲတွေ အရှိန်မြင့်နေချိန် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကြာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေက အဲအချိန်က အာဏာရ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ရေပန်းစားတဲ့ စကားလုံးဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုပေါင်း ရာထောင်ချီ လုပ်ခဲ့ကြသလဲ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး စင်တာအဆောက်အဦတွေ အခိုင်အမာ တည်ဆောက်ခဲ့ကြပြီး နိုင်ငံအဆင့် ငြိမ်းချမ်းရေး နဲ့ပတ်သက်တဲ့ အဖွဲအစည်းတွေ တခုမက ဖွဲ့စည်းတာဝန်ပေးခဲ့ကြသလို ငြိမ်းချမ်းရေး ညီလာခံလည်း တကြိမ်မက ကျင်းပခဲ့ကြကာ NCA, National Accord စသဖြင့် စာချုပ်တွေ လက်မှတ်ထိုးတဲ့ အဆင့်ထိ ရောက်ခဲ့ကြတာဖြစ်ပါတယ်။
 
အဖွဲ့ပေါင်းစုံသဘောတူညီကြတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုအဆင့်ထိ မရောက်ခဲ့တာ မှန်သော်လည်း ရှိပြီးရပြီး အဆင့်တခုထိ ရောက်ခဲ့တဲ့ အဲဒီဆွေးနွေးမှုတွေ သဘောတူညီမှုတွေ ၊ ကတိကဝတ်စာချုပ်တွေက အခုအခါမှာ စာရွက်တရွက်မျှသာ အဓိပ္ပာယ်သက်ရောက်တော့ပြီး ဝိညာဉ်ကင်းမဲ့ အသက်ဝင်မှုကင်းမဲ့သွားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
 
ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ အထက်က ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ပျက်ပြားစေဖို့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကွဲလွဲမှုတွေကို လက်နက်အားကိုးနဲ့ အနိုင်ယူ အာဏာသိမ်းလိုက်တဲ့အခါ လက်နက်ကိုင်လမ်းကြောင်းက တခုတည်းသော ရွေးချယ်စရာဆိုတဲ့ ယုတ္တိဗေဒကို ဖြစ်စေပြီး ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးဟာ “ရွှေပြည်အေးလမ်းစဥ်” လို့ အရာရာကို အညံ့ခံ ညှိနှိုင်းတဲ့ စကားလုံးသဖွယ် ရေပန်းမစားတော့တဲ့ သဘောဆောင်လာပါတော့တယ်။
 
ယခင်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအကြားမှာလည်း ပြန်လည် သုံးသပ်မှုတွေ အမြင်မတူမှုတွေ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာသလို အခုမှ လက်နက်ကိုင် တိုက်ခိုက်ဖို့ ပြင်ဆင်လာကြတဲ့ ပြည်မတိုင်းဒေသကြီးက အင်အားစုတွေအနေနဲ့ ဆို ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးဟာ အခုအချိန်အခါနဲ့ လားလားမှ မသင့်လျော်တဲ့ စကားလုံးဖြစ်လာပါတယ်။

ပြည်ထောင်စုနေ့ ကျရောက်မယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ပြည်ထောင်စုနေ့အခမ်းအနားနဲ့အတူ တဖက်မှာလည်း NUG နဲ့ CRPH၊ PDF၊ ARSA တို့လို အဖွဲ့တွေကလွဲပြီး ကျန်တဲ့ NCA နဲ့ Non-NCA အဖွဲ့တွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ထားတဲ့ ကမ်းလှမ်းမှုကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
 
အခုလို ဖိတ်ခေါ်ချိန်မှာ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ စစ်ကောင်စီတပ်တွေက ဒေသအလိုက် ပေါ်ထွက်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ်တွေကို ချေမှုန်းဖို့ အပြင်းအထန် ကြိုးစားနေပြီး မသက်ဆိုင်တဲ့ အရပ်သားတွေ အသက်ဆုံးရှုံးမှု၊ ညှင်းဆဲသတ်ဖြတ်မှု၊ ပီဒီအက်ဖ် မဟုတ်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ယူဆောင်သွားတာ၊ နေအိမ်မီးရှို့တာတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြချိန်လည်း ဖြစ်ပါတယ်။ အခုလို စစ်တိုက်တာတင် မဟုတ်ပဲ၊ ပစ္စည်းယူတာ၊ သံသယနဲ့ စွပ်စွဲသတ်ဖြတ်တာ၊ ကြိုတင်လက်ဦးမှုယူသတ်ဖြတ်တာ၊ ရပ်ရွာနေအိမ်တွမီးရှို့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဘယ်ကျူးလွန်မှုတခုကိုမျှ ဝန်ခံ အရေးယူတာ မရှိတာကြောင့် စစ်ကောင်စီအနေနဲ့ ဒီလို ကျူးလွန်မှုတွေကို သိသိကြီးနဲ့ ကျူးလွန်နေတယ်လို့ပဲ ကောက်ချက်ချရမှာဖြစ်ပါတယ်။
 
ဒီလိုအပြင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ဆန့်ကျင်ပြီး ဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ သဘောလို့သာ ကောက်ချက်ချရပါလိမ့်မယ်။ လက်နက်ကိုင် ဆန့်ကျင်သူတွေကို အင်အားနဲ့ ဖိတိုက်ပြီး ငြိမ်းချမ်းရေးစကားပြောမယ့် ရည်ရွယ်ချက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီလို ပရိယာယ်အရ ငြိမ်းချမ်းရေး စကားပြောတာမျိုးဟာ ဘယ်တော့မှ ကောင်းမွန်တဲ့ ရလဒ်ထွက်လာစရာ မရှိသလို တိုင်းပြည်အတွက်လည်း အကျိုးရှိမှာမဟုတ်ပါဘူး။
 
အတိတ်မှာလည်း ရန်သူအဖွဲ့တွေ ဝိုင်းနေချိန် ၊ များနေချိန်မှာ ပရိယာယ်အရ ဒုတိယ ဦးစားပေးတိုက်ရမယ့်သူ၊ တတိယဦးစားပေးတိုက်ရမယ့်သူတွေကို အပစ်ရပ်စကားပြောတာ၊ ငြိမ်းချမ်းရေးစကားပြောတာမျိုး စီးပွားရေး လုပ်ပိုင်ခွင့်ပေးပြီး လက်နက်ကိုင်ပဋိပက္ခကို ခေတ္တရွှေ့ဆိုင်းထားတာမျိုးတွေ သာဓကအများအပြား ရှိခဲ့ပြီးဖြစ်ပါတယ်။
 
၁၉၉၀ ကျော်ခုနှစ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို အပစ်ရပ် သဘောတူညီမှု ရယူထားချိန်မှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပြင်းပြင်းထန်ထန် ချေမှုန်းအနိုင်ယူခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဒီလို စစ်မျက်နှာကို တပြိုင်တည်း မဖွင့်ဘဲ တဖက်ကို တိုက်နေချိန်မှာ တဖက်ကို အပစ်ရပ်ထားတာဟာ စစ်ရေးအရ သဘာဝလို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအရ မရိုးသားတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ခုလတ်တလော ငြိမ်းချမ်းရေး ကမ်းလှမ်းမှုဟာလည်း ဘာရလဒ်ကောင်းမှ ထွက်လာနိုင်ဖွယ်မရှိတဲ့ ကမ်းလှမ်းမှုသာ ဖြစ်ပြီး တိုက်ခိုက်မှုတွေ စစ်မီးတွေသာ ဆက်လက်တောက်လောင်နေဖို့ အလားအလာ များနေဆဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar