Breaking News

မောင်လူပေ - Stagflation မှ ဘယ်လိုရုန်းထွက်မှာလဲ

မောင်လူပေ - Stagflation မှ ဘယ်လိုရုန်းထွက်မှာလဲ
(မိုးမခ) ဇွန် ၉၊ ၂၀၂၂

ယူကရိန်းစစ်ပွဲကြာရှည်လာမှုကြောင့် လောင်စာဆီဈေးတွေ ထိုးတက်လာခြင်း၊ ရုရှားစစ်တပ်က ယူကရိန်းရဲ့ဂျုံပို့ကုန်တွေပိတ်ဆို့ထားတဲ့အတွက် အခြေခံစားကုန်တွေ ဈေးတက်ပြီး ရှားပါးလာခြင်း၊ ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်မှာ လုပ်ငန်းတွေရပ်ဆိုင်းရတဲ့အတွက် ထုတ်ကုန်ရှားပါးမှုဖြစ်ပြီး စက်မှုကုန်ပစ္စည်းဈေးတွေတက်ခြင်း၊ ငွေဖောင်းပွမှုတွေ များလာခြင်းစတဲ့ အခြေခံအချက်များကြောင့် လာမဲ့နှစ်အတွက် ကမ္ဘာ့နိုင်ငံအများအပြားမှာ ၁၉၇၀ နှစ်များကလို stagflation ဖြစ်မယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဌက ဟောကိန်းထုတ်ထားတယ်။ 
စီးပွားရေးပညာရှင်မဟုတ်တဲ့အတွက် stagflation ကို မြန်မာလို ဘယ်လိုဘာသာပြန်ရမယ်မသိ။ stagnation နဲ့ inflation ဆိုတဲ့စကားလုံးနှစ်လုံးပေါင်းထားတာတဲ့။ အနီးစပ်ဆုံးအဓိပ္ပာယ်ကတော့ စီးပွားရေးပျက်စီးခြင်း Economic malfunction ပေါ့။ 'စီးပွားရေးပျက်စီးသဖြင့် အထွေထွေချွတ်ချုံကြမှု' လို့ အလွယ်ခေါ်ကြပါစို့။ 

Stagflation ဘာလို့ဖြစ်လဲဆိုတော့ ငွေတန်ဖိုးကျဆင်းခြင်း Inflation ၊ တိုင်းပြည်ရဲ့ ဂျီဒီပီ GDP တွေ ထိုးဆင်းခြင်း၊ အလုပ်လက်မဲ့ unemployment တွေများလာခြင်း၊  စီးပွားရေးလုပ်ငန်းတွေအများစု အလုပ်မဖြစ်ကျဆင်းခြင်း recession in most of the economic activities  ၊ အစိုးရရဲ့ စီးပွားရေးပေါ်လစီတွေ ညံ့ဖျင်းခြင်း poor implementation of government policies စတာတွေကြောင့်လို့ဆိုတယ်။ 
ကျွန်တော်တို့မြန်မာပြည်ကတော့ အထက်ပါအချက်ပေါင်းစုံနဲ့ တချက်မှမလွတ်။ ငွေတန်ဖိုးကျဆင်းတာက ပြောစရာမလို။ အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို တစ်ထောင့်သုံးရာကျော်ကနေ အခုတော့ နှစ်ထောင်ကျော် မို့ ငွေတန်ဖိုးက ၆၅% ထိုးဆင်းသွားတယ်။ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ဂျီဒီပီဟာ အရင် ၆% လောက်ရှိနေခဲ့ရာက အခုအခါမှာ မတက်တော့တဲ့အပြင် အနှုတ်လက္ခဏာပါပြနေတယ်။ အလုပ်လက်မဲ့ပြဿနာကတော့ ပိုလို့သာဆိုးပေါ့။ ဒေါ်လာစားကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေကလူတွေပါ အလုပ်လက်မဲ့ဖြစ်ကုန်ကြတာ။ လုပ်ငန်းရှင်တွေအများစုလည်း အလုပ်လည်ပတ်ဖို့အတွက် အခြေမလှလို့ ရပ်သူကရပ်ကုန်ကြပြီ။ မြန်မာ့စီးပွားရေးအခြေအနေကတော့ သိကြတဲ့အတိုင်း။ 

စီးပွားရေးကျပ်တည်းနေကြပြီး အလုပ်မရှိကြတော့ နေရာတိုင်းမှာ ဈေးသည်တွေချည်းဖြစ်လာကြတယ်။ ဟိုလူကြည့်လည်းဈေးရောင်း၊ စားသောက်ဆိုင်ဖွင့်၊ ဒီလူကြည့်လည်းဈေးရောင်း၊ စားသောက်ဆိုင်ဖွင့်။ ဈေးဆိုင်တွေများလို့ ရောင်းအားကျလာတော့ အရင်းထဲကငွေတွေပါ စားစရိတ်ဖြစ်ကုန်ပြီးအရင်းပြုတ်သူလည်းမရှား။ ဒီကြားထဲမှာ  တိုင်းပြည်ရဲ့ တချို့နေရာတွေက စစ်ဘေးစစ်ဒါဏ်ပါ ခံနေကြရသေးတယ်။ မြန်မာပြည်ဟာ stagflation ဖြစ်ဖို့ ရာနှုန်းပြည့်ပဲ။ စစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နေသ၍ နိုင်ငံမတည်ငြိမ်တဲ့အတွက် မြန်မာ့စီးပွားရေးလည်း နလံထူဖို့မမြင်။ ပြည်သူအများစုရဲ့ အနာဂတ်ဟာ မှောင်နဲ့မဲမဲ။ 

ဘာမဆိုလုပ်ရဲတဲ့ စစ်အာဏာရှင်ရဲ့အောက်က မြန်မာတွေ ရုန်းမထွက်နိုင်သ၍ ကိုဗစ်ကြောင့် လဲကျနေတဲ့ မြန်မာ့စီးပွားရေးလောက ပြန်ရုန်းထဖို့မဖြစ်နိုင်။ စစ်တပ်နဲ့ဆက်နွယ်တဲ့ခရိုနီအနည်းစုသာ ချမ်းသာကြပြီး ပြည်သူအများစုက ဆင်းရဲတွင်းနက်ထဲက ထွက်ဖို့ မလွယ်။ နွေဦးတော်လှန်ရေးက အချိန်ကြာလာတဲ့အတွက် ပြည်သူတွေလည်း ပင်ပန်းကြပြီ။ တစ်ချို့တွေတောင့်ခံနိုင်ပေမဲ့ တချို့က က ဝမ်းရေးအတွက် တောင့်မခံနိုင်ကြ။ 

နိုင်ငံတစ်ခုရဲ့စီးပွားရေးက နိုင်ငံတည်ငြိမ်ရေးနဲ့တိုက်ရိုက်အချိုးကျတယ်။ အာဏာရူးကိုပြည်သူအများစုအားနဲ့ မောင်းထုတ်နိုင်မှသာ နိုင်ငံတည်ငြိမ်ပြီး စီးပွားတည်ငြိမ်မှုရလို့ စီးပွားရေးပျက်စီးခြင်း stagflation ထဲက ထွက်နိုင်မှာဖြစ်တယ်။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မဆိုင်သလိုနေတဲ့သူတွေရဲ့စီးပွားရေးတွေလည်း နိုင်ငံစီးပွားပျက်ရင် အများနည်းတူပျက်စီးမှာဖြစ်တယ်။ အဲဒီအချိန်ထိစောင့်နေရင်တော့ အလုံးစုံပျက်စီးတဲ့နိုင်ငံ failed state ဖြစ်နေလောက်ပြီ။ အစစအရာရာအတွက် ညီညွတ်ကြဖို့လိုပါမယ်။ စစ်အာဏာရှင်ကျရှုံးဖို့ ပြိုင်တူကြိုးစားရုန်းကန်ကြဖို့လိုပါတယ်။ တတ်နိုင်တဲ့ဖက်ကနေ နွေဦးတော်လှန်ရေးကို အားပေးကြပါ။ အားမလျှော့ပဲ ရှေ့ဆက်ချီတက်ကြမယ်လေ။ 

(လှည်းဘီးနွံနစ်နေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။)

ချစ်တဲ့
မောင်လူပေ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar