Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၉၊ ၂၀၂၂

◾️အာဆီယံသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ သထုံမြို့မစျေး ဗုံးပေါက်ကွဲမှု၊ မြင့်တက်လာတဲ့ကိုဗစ်ကူးစက်မှု ကိန်းဂဏန်း
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စစ်ရေး အကြပ်အတည်းကို ဝိုင်းဝန်းဖြေရှင်းမယ်ဆိုတဲ့ ဒေသဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်သူတယောက် မြန်မာနိုင်ငံလာဖို့အရေးကိစ္စဟာ နှစ်နဲ့ချီကြာမြင့်လာနေခဲ့ပြီး ယမန်နှစ် ဧပြီလ သဘောတူညီမှုနောက်ပိုင်း အချိန်ကာလ တနှစ်ပြည့်ခါနီးသည်အထိ အကောင်အထည်မပေါ်နိုင်သေးပဲ ဖြစ်နေပါတယ်။ 

အဆိုပါကာလတွေအတွင်း မြန်မာနိုင်ငံရဲ့ နောက်ခံအခြေအနေအများကြီး ပြောင်းလဲခဲ့သလို လက်နက်ကိုင် တိုက်ခိုက်မှုအရှိန်လည်း မြင့်မားလာနေတာတွေ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဧရိယာတွေကျယ်ပြန့်လာပြီး စစ်ဘေးရှောင်အရေအတွက်က ၂ ဆနီးပါးတိုးမြင့်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါကာလတွေအတွင်းမှာပဲ ဒေသဖြစ် လုပ်သေနတ်တွေ၊ လက်ဖြစ်ဗုံးတွေ၊ မိုင်းတွေနဲ့ ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ ပီဒီအက်ဖ်အဖွဲ့ပေါင်း ဒါဇင်နဲ့ သို့မဟုတ် ရာဂဏန်းလောက်အထိလည်း တိုးတက်များပြားလာနေပါတယ်။ 

ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ အရပ်သားတွေရဲ့ သေဆုံးမှုတွေ ကိန်းဂဏန်းတွေလည်း ရာဂဏန်းမက ထောင်ဂဏန်းထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ထက်ကို တဖက်ရန်သူ အဖွဲ့အစည်းကို အပြီးတိုင်ချေမှုန်းရေးဆိုတဲ့ အယူအဆတွေက လူကြိုက်များလာနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ အမြင်မှာတော့ စစ်ရေးအင်အားနဲ့ တပွဲတလမ်း တိုက်ကြပြီးမှ အင်အားမျှခြေအပေါ်မှာမူတည်ပြီး နိုင်ငံရေးအရ အဖြေရှာရေးကို ပြန်သွားကြမယ်လို့ ရှေ့ဖြစ်ကို ခန့်မှန်းပြောဆိုကြပါတယ်။ နိုင်ငံရေးဖြစ်စဥ်ကို ခေါင်းဆောင်မှုက နိုင်ငံရေး လှုပ်ရှားမှုရဲ့ ရေစီးကို မထိန်းနိုင်တာမျိုး မလွန်ဆန်နိုင်တာမျိုး ကောက်ချက်ချကြပါတယ်။ ပဋိပက္ခရဲ့  ၂ ဖက်လုံးမှာ ရန်သူကို အမြစ်ပြတ်ချေမှုန်းရေးလို့ဆိုတဲ့ အယူအဆတွေက ရေပန်းစားတဲ့အခါ ခေါင်းဆောင်မှုက လှုပ်ရှားမှုရဲ့ အရှိန်အတိုင်းလိုက်ပြီး လုပ်ဆောင်ကြတဲ့ သဘောမျိုး ဆိုကြပါတယ်။ 

မြန်မာ့နိုင်ငံရေးအကြပ်အတည်းဟာ ဒေသန္တရ ပြဿနာဖြစ်နေပြီလားလို့ဆိုရင် ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပေမယ့်လည်း ဒေသန္တရပြဿနာ ဖြစ်ရုံမျှနဲ့လည်း မြန်မာ့အရေးကို အိမ်နီးချင်းနိုင်ငံတွေ အာဆီယံလို ဒေသန္တရအဖွဲ့အစည်းတွေက မလွှမ်းမိုးနိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရေး အချို့သောခေါင်းဆောင်တွေရဲ့ သွားလာလှုပ်ရှားမှု၊ အဖွဲ့ရဲ့ ငွေကြေးအရင်းအမြစ်စတာတွ ၊ လက်နက်အထောက်အပံ့ စတဲ့ကိစ္စရပ်တွေမှာသာ အကန့်အသတ်နဲ့ သြဇာရှိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့အနေနဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှာ အတိုင်းအတာတခုထိပဲ သြဇာရှိနိုင်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကိုရော အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ဖြစ်စေချင်တဲ့လမ်းကြောင်းကိုလျှောက်ကြဖို့ ဖိအားပေးနိုင်တဲ့ အနေအထားမှာ မရှိကြပါဘူး။ 

ဒီလိုနဲ့ အာဆီယံက မြန်မာနိုင်ငံအနေနဲ့ အနီးစပ်ဆုံး ဒေသန္တရ အဖွဲ့ဖြစ်တာကြောင့်တကြောင်း၊ လက်ရှိအချိန်အထိ အဖွဲ့ဝင်ဖြစ်နေပြီး အရှေ့တောင်အာရှဒေသမှာ နိုင်ငံရေးအရ သံတမန်ရေးအရနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရ တခုတည်းသောအဖွဲ့အစည်းဖြစ်တာကြောင့် အာဆီယံကနေလုပ်ဆောင်ခြင်းဟာ တနိုင်ငံချင်း ကြိုးစားတာထက် အထိရောက်ဆုံးဖြစ်မယ်လို့ နိုင်ငံအများစုက လက်ခံထားကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းက လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ကိစ္စတွေထက်ပိုပြီး နိုင်ငံရေးအရ ကြားဝင်နိုင်တဲ့ အနေအထားမရှိတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

ချုံ့ဆိုရရင် မြန်မာ့နိုင်ငံရေးအကြပ်အတည်းမှာ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုဟာ ဒုတိယ၊ တတိယအနေအထားသာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်းက နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်မှု အမြော်အမြင်ကသာလျင် ပထမ အရေးပါတယ်လို့ဆိုရမှာဖြစ်ပြီး မဝေးသောအနာဂတ်မှာဖြစ်လာမယ့် အကျိုးအကြောင်း အဆိုးအကောင်းတွေဟာ ပြည်တွင်းက အင်အားစုတွေအပေါ်မှာသာ မူတည်တယ်လို့ ဆိုရလိမ့်မှာ ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲက သတင်းတပုဒ်ကတော့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က မွန်ပြည်နယ် သထုံမြို့ မြို့မစျေးမှာ စျေးခေါင်းရုံးခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဗုံးခွဲရာမှာ စျေးခေါင်းရုံး ပျက်စီးခဲ့သလို အခြားဆက်စပ်နေတဲ့ ဆိုင်ခန်း ၂၀ လောက်ပါ ပျက်စီးခဲ့ပြီး လူ ၁၀ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ မြို့မစျေးက တထပ် အဆောက်အဦသာဖြစ်သော်လည်း စျေးခေါင်းရုံးက ပျဥ်ထောင် ၂ ထပ်အဆောက်အဦဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် စျေးရုံခေါင်တန်း ပြိုကျပြီး ဆိုင်ခန်းတွေပျက်စီးခဲ့တာ ဖြစ်ပါတယ်။ နံနက်ပိုင်း စျေးမကွဲခင်မှာ ပေါက်ကွဲတာဖြစ်တယ်လို့ သတင်းတွေက ဖေါ်ပြကြပါတယ်။ ဖောက်ခွဲရေးဟာ စစ်တပ်နဲ့ စစ်တပ်ကိုထောက်ခံတယ် တနည်းအားဖြင့် ထောက်တိုင်လို့ခေါ်ဆိုကြတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ထိခိုက်စေဖို့ ရည်ရွယ်တာမှန်သော်လည်း အရပ်သားတွေ လူအများ စျေးရောင်း စျေးဝယ် ပြုလုပ်ရာနေရာတွေဖြစ်တာကြောင့် မလိုအပ်ပဲ လူထိခိုက်မှု၊ စားဝတ်နေရေး လုပ်ကိုင်မှုတွေအပေါ်ပါ ထိခိုက်စေနိုင်တာလည်း သတိပြုသင့်တယ်လို့ မြင်ပါတယ်။ 

စစ်ရေး ပစ်မှတ်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ စခန်း၊ အင်အား စတာတွေကို အဓိကပစ်မှတ်ထားသင့်ပြီး အရပ်သားတွေ၊ စီဒီအမ်မလုပ်တဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားခြင်းက ရေရှည်မှာ စည်းရုံးမှုကို ကျဆင်းစေနိုင်တာလည်း သတိပြုသင့်ပါတယ်။ 

နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာတွေ့ရပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရပင်လျင် တရက်တာအတွင်း ကူးစက်ခံရသူ ၃ ထောင်ကျော်ရှိလာတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ စာရင်းထဲမဝင်တဲ့ ကူးစက်မှု နောက်ထပ် ၃ ဆကနေ ၅ ဆမက ရှိနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်က မလွှမ်းခြုံနိုင်တော့တဲ့ မြန်မာနိုင်ငံမှာ မိမိနည်းလမ်းနဲ့ မိမိကုသ နေထိုင်ကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မန္တလေးမြို့တွေမှာ အရင် ဇူလိုင်လနဲ့ သြဂုတ်လတွေလို သေဆုံးမှု မရှိသော်လည်း ကူးစက်ခံရသူ အရေအတွက်က ယခင် တတိယလှိုင်းထက်များပြားတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ခုတကြိမ် ကူးစက်တဲ့ ဗိုင်းရပ်စ်မျိုးကွဲရဲ့ ပြင်းထန်မှု မရှိခြင်းနဲ့ လူဦးရေရဲ့ ထက်ဝက်ခန့်က ကာကွယ်ဆေးထိုးပြီး ဖြစ်နေတာကြောင့် ခုတကြိမ်မှာ တတိယလှိုင်းလို အသေအပျောက် များများစားစား မရှိတာကို တွေ့ရပါတယ်။ စီးပွားရေးအရ ထိခိုက်မှု လူတွေရဲ့ စုဆောင်းထားတဲ့ ငွေကြေးကို ကျန်းမာရေး ကုသမှု အတွက်မဖြစ်မနေ သုံးစွဲရတာတွေကတော့ သေချာပေါက်ရှိနေတာလည်း ဖြစ်ပါတယ်။ 

ကူးစက်ကပ်ဘေးက မြို့တွေမှာတော့ အရှိန်အမြင့်ဆုံးဆီရောက်နေပြီဖြစ်ပြီး နောက်ဆက်လက်ပျံ့နှံ့သွားနိုင်တာကတော့ စစ်ဘေးသင့်နေတဲ့ ဒေသတွေ လက်နက်ကိုင် တိုက်ပွဲရှောင်နေကြပြီး လူစုဝေးနဲ့ နေကြရတဲ့ စစ်ရှောင်စခန်းတွေ ဖြစ်လာနိုင်ချေရှိနေပါတယ်။ အရင်တခါ တတိယလှိုင်းမှာလည်း ရန်ကုန်မန္တလေး မြို့ကြီးတွေ ကူးစက်ပျံ့နှံ့မှုအပြီး သီတင်းပတ်တွေ လတွေမှာ နယ်မြို့တွေမှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့သာဓကမျိုး ရှိခဲ့တာ ဖြစ်ပါတယ်။ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုတဲ့ စကားပုံလို စစ်ဘေးရှောင်နေရတဲ့ စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့နှံ့လာဦးမယ့်အရေး ကြိုတင်တွေးဆပြီး ပြင်ဆင်ထားဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar