Breaking News

ကျော်မင်းထွန်း (New York) - ဖေဖော်ဝါရီသွေးစက်

ကျော်မင်းထွန်း (New York) - ဖေဖော်ဝါရီသွေးစက်
(မိုးမခ) ဖေဖော်၀ါရီ ၁၉၊ ၂၀၂၂

ဟိုတစ်စက် ဒီတစ်စက်
နှင်းစက်တွေ လွင့်လာရင်
ဟိုတစ်ပွင့် ဒီတစ်ပွင့်
ပေါက်ပန်းနီတွေ ပွင့်လာရင်
ဦးညွှတ်ချင်တယ်..
ဖေဖော်ဝါရီသွေးစက်တွေကို
ဦးညွှတ်ချင်တယ်။

အဲဒီ သွေးစက်တွေဟာ...
ပင်လယ်ပြာကြီးကို နီရဲစေတယ်
ကောင်းကင်ပြာကြီးကို နီရဲစေတယ်
တောင်တန်းပြာကြီးကို နီရဲစေတယ်။

အဲဒီ သွေးစက်တွေမှာ...
အနာဂတ်တွေ အရှင်လတ်လတ်သေတယ်
ငြိမ်းချမ်းရေးတွေ အရှင်လတ်လတ်သေတယ်
ဗြဟ္မစိုရ်တရားတွေ အရှင်လတ်လတ်သေတယ်။

အဲဒီ သွေးစက်တွေနဲ့...
အမှန်မြင်တဲ့မျက်လုံးတွေ မွေးဖွားလာတယ်
ကိုယ်ကျိုးစွန့်တဲ့နှလုံးသားတွေ မွေးဖွားလာတယ်
ဂျန်ဇီနဲ့ ပီဒီအက်ဖ်တွေ မွေးဖွားလာတယ်။

တကယ်တော့ ဖေဖော်ဝါရီဟာ..
ပင်နီတီကန်ဖို့ စစ်ကြေညာတဲ့လ
နေ့မစေ့လမစေ့ ကိုယ်ဝန်ပျက်တဲ့လ
သောက်နေကျစီးကရက် အရသာပျက်တဲ့လ။

တစ်နေ့တစ်လံ မရွေ့တဲ့ပုဂံ
ငါတို့အလံ အဖန်ဖန်လဲလည်း
လဲရာက ပြန်ထ
ဖေဖော်ဝါရီလဟာ..
ဖက်ဒရယ်ပြည်ထောင်စုတည်ဖို့
၁၉၄၇ မှာ
​ပင်လုံကတိကဝတ်ပြုခဲ့တဲ့လ
၂၀၂၁ မှာတော့
စစ်ကျွန်ဘဝ ရောက်ရတဲ့လ။

အပြင်မှာ အခုလို..
ဟိုတစ်စက် ဒီတစ်စက်
နှင်းစက်တွေ လွင့်လာရင်
ဟိုတစ်ပွင့် ဒီတစ်ပွင့်
ပေါက်ပန်းနီတွေ ပွင့်လာရင်
ဦးညွှတ်ချင်တယ်..
ဖေဖော်ဝါရီသွေးစက်တွေကို
ဦးညွှတ်ချင်တယ်။  ။

ကျော်မင်းထွန်း (New York)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar