ကိုကျော်(မြစ်ကြီးနား) — Meta အခက်အခဲကြုံနေရတဲ့ အကြောင်းရင်း (၆) ခု
ကိုကျော်(မြစ်ကြီးနား) — Meta အခက်အခဲကြုံနေရတဲ့ အကြောင်းရင်း (၆) ခု
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၂
ယခင်က ဖေ့ဘုတ်လို့ (Facebook) လူသိများကြတဲ့ Meta ကုမ္ပဏီရဲ့ ၂၀၂၁ ခုနှစ် နောက်ဆုံး ၃ လပတ် ဝင်ငွေအစီရင်ခံစာမှာ အမြတ်ငွေ ၈ ရာခိုင်နှုန်း (၁၀.၃ ဘီလီယံ) ကျဆင်းသွားပါတယ်။ ဒီသတင်းကြောင့် ကြာသပတေးနေ့ တစ်ရက်တည်းမှာပဲ ရှယ်ယာဈေး ၂၆ ရာခိုင်နှုန်း ထိုးကျသွားပြီး ကုမ္ပဏီရဲ့တန်ဖိုး ၂၃၀ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။
အောက်မှာဖော်ပြထားတာကတော့ Meta က အကျပ်အတည်းမှာ ရောက်နေရတဲ့ အကြောင်းရင်း ၆ ခု ဖြစ်ပါတယ်။
(၁) သုံးစွဲသူတိုးပွားနှုန်း ဂိတ်ဆုံးရောက်သွားခြင်း
ဗုဒ္ဓဟူးနေ့ ၃ လပတ်စာရင်းအရ Meta ရဲ့ တခြားသောဆော့ဝဲတွေဖြစ်တဲ့ Instagram, Messenger နဲ့ WhatsApp တို့မှာ သုံးစွဲသူအသစ် အသင့်အတင့်တိုးများလာမှုရှိခဲ့ပေမဲ့ အဓိကဖြစ်တဲ့ ဖေ့ဘုတ်မှာ သုံးစွဲသူ ၅ သိန်းခန့် လျော့နည်းခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့သက်တမ်း ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်ပြီး ဖေ့ဘုတ်အသုံးပြုမှုဟာ အမြင့်ဆုံးအမှတ်ကို ရောက်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ ဖေ့ဘုတ်ရဲ့ လစဥ်သုံးစွဲသူ တိုးများမှုနှုန်းကလည်း အနှေးကွေးဆုံးဖြစ်ခဲ့တာ ၃ နှစ်ကျော်လောက်ရှိပါပြီ။
WhatsApp မှလည်း ပိုက်ဆံဝင်တဲ့လမ်းတွေ ရှိလာနိုင်ပါတယ်လို့ ကုမ္ပဏီအုပ်ချုပ်မှု အကြီးအကဲတွေက ပြောနေပေမဲ့ အခုချိန်ထိတော့ ကြီးမားတဲ့ဝင်ငွေရအောင် မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ရှယ်ယာရှင်များအနေနဲ့ Meta ရဲ့ တခြားဆော့ဝဲတွေ ဥပမာအားဖြင့် အင်စတာဂရမ်ကလည်း သုံးစွဲသူတိုးပွားနှုန်း ဂိတ်ဆုံးအမှတ်ကို စပြီးရောက်နေပြီလား ဆိုပြီး သတိထားစောင့်ကြည့်လာကြမှာ ဖြစ်ပါတယ်။
(၂) Apple ရဲ့အပြောင်းအလဲ Meta အတွက် ကန့်သတ်မှုရှိစေခြင်း
လွန်ခဲ့တဲ့နှစ်ထဲမှာ Apple ကုမ္ပဏီက "App Tracking Transparency" နဲ့ပတ်သက်ပြီး အိုင်ဖုန်း IOS စနစ်ထဲမှာ အပြောင်းအလဲတစ်ခု လုပ်ခဲ့ပါတယ်။ ဆိုလိုတာက အိုင်ဖုန်းသုံးသူများရဲ့ ကိုယ်ရေးကိုယ်တာ အွန်လိုင်းအချက်အလက်များကို ဖေ့ဘုတ်နဲ့ တခြားသောဆော့ဝဲများအား ခြေရာခံစောင့်ကြည့်ဖို့ ခွင့်ပြုချက်ပေး၊ မပေး ရွေးချယ်နိုင်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အိုင်ဖုန်းသုံးစွဲသူ အများစုက ခွင့်ပြုချက်မပေးဘူး ရွေးချယ်ကြပါတယ်။
ဒါကြောင့် ဖေ့ဘုတ်မှာ အိုင်ဖုန်းသုံးသူတွေရဲ့ ဒေတာများရရှိဖို့ မလွယ်ကူတော့ပါဘူး။ ဖေ့ဘုတ်ရဲ့ အဓိကဝင်ငွေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ကြော်ငြာပစ်မှတ်များမှာ ဒေတာများကို အသုံးပြုရတာကြောင့် အခုချိန်မှာ ပိုပြီးခက်ခဲသွားစေပါတယ်။ ပိုပြီးဆိုးတာက လုပ်ငန်းရှင်များအတွက် အိုင်ဖုန်းသုံးသူများက အန်းဒရွိုက်ဖုန်းသုံးသူများထက် အကျိုးအမြတ်ပိုကြီးမားတဲ့ ဈေးကွက် ဖြစ်ပါတယ်။ အိုင်ဖုန်းသုံးသူများက ဖုန်းကြော်ငြာတွေကတဆင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနဲ့ ဆော့ဝဲများတို့မှာ ပိုက်ဆံပိုပြီးသုံးစွဲကြပါတယ်။
Apple ရဲ့အပြောင်းအလဲကြောင့် လာမယ့်နှစ်ထဲမှာ Meta ရဲ့ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယံအထိ ထိခိုက်စေနိုင်မယ်လို့ သိရပါတယ်။
(၃) Google မှ အွန်လိုင်းကြော်ငြာဈေးကွက်မှာ ဝင်ရောက်ဖဲ့ယူလာခြင်း
Apple ရဲ့ အပြောင်းအလဲကြောင့် လုပ်ငန်းရှင်ကြော်ငြာသူများက ဖုန်းသုံးစွဲသူများရဲ့ အချက်အလက် အမူအကျင့်တို့ကို သိမြင်ခန့်မှန်းနိုင်စွမ်း အားနည်းစေလာတာကြောင့် Google မှာကြော်ငြာဖို့ ပြောင်းရွှေ့မှုတွေ စတင်ဖြစ်လာခဲ့တယ်လို့ Meta ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) David Wehner က ပြောပါတယ်။
ဖေ့ဘုတ်နဲ့ မတူတာက ဂူဂဲဟာ အိုင်ဖုန်းသုံးစွဲသူတွေရဲ့ ဒေတာတွေအပေါ် အဓိက အားထားတာမဟုတ်ဘဲ Meta ကြော်ငြာစနစ်ထက် ပိုပြီးကောင်းမွန်တဲ့ တိုင်းတာတွက်ချက်မှုအတွက် တတိယကြားခံကုမ္ပဏီမှတဆင့် ဒေတာများကိုရယူတာ ဖြစ်တယ်လို့ David Wehner က ပြောပါတယ်။
နောက်တစ်ချက်က Apple နဲ့ ဂူဂဲတို့ သဘောတူညီထားချက်အရ အိုင်ဖုန်းရဲ့ Safari ဘရောက်ဆာမှာ Google ကို ပုံသေရှာဖွေရေးအင်ဂျင် (Default Search Engine) လုပ်ထားတယ်လို့ David Wehner က ထောက်ပြပါတယ်။ ဆိုလိုတာက ဂူဂဲလ်ရဲ့ကြော်ငြာတွေကို နေရာအများအပြားမှာ ပိုပြီးမြင်ရတာဖြစ်ပြီး စုဆောင်းသိမ်းဆည်းရတဲ့ ဒေတာများက လုပ်ငန်းရှင်များအတွက် ပိုပြီးအသုံးကျနိုင်ပါတယ်။ ဒါက ရေရှည်မှာ ဖေ့ဘုတ်အတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် လုပ်ငန်းရှင်တွေက ဂူဂဲကြော်ငြာဆီ ရွေ့ပြောင်းမှု ပိုပြီးများလာတဲ့အခါမှာ ဖြစ်ပါတယ်။
(၄) တစ်တော့ (TikTok) နဲ့ ရီးစ် (Reels) ပြဿနာ
ထူးထူးခြားခြား စွဲလမ်းစေတဲ့ ဗီဒီယိုအတိုအစတွေနဲ့ သုံးစွဲသူ ၁ ဘီလီယံကျော်ရှိတဲ့ တစ်တော့က ရန်သူအဖြစ် ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်း ဇူကာဘတ် ပြောခဲ့ပါတယ်။ လူတွေရဲ့ စွဲဆောင်မှုနဲ့ အာရုံစိုက်မှုကိုရဖို့ တစ်တော့က အင်စတာဂရမ်နဲ့ အပြင်းအထန် ပြိုင်ဆိုင်နေလျက်ရှိပါတယ်။
တစ်တော့လို ပုံစံတူကူးပြီး ဇူကာဘတ်က Reels ကို ထုတ်လုပ်ခဲ့ပြီး အခုချိန်မှာ အင်စတာဂရမ်မှာ နံပါတ်တစ် ကြည့်ရှုသုံးစွဲမှု တွန်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ ပြဿနာက Reels မှာ သုံးစွဲသူများကို ပိုပြီးစွဲဆောင်လာနိုင်ပေမဲ့ ဝင်ငွေကြီးကြီးမားမားရအောင် မလုပ်နိုင်သေးပါဘူး။ အကြောင်းရင်းကတော့ လူတွေက ဗီဒီယိုကြော်ငြာကို မကြည့်ဘဲ ကျော်သွားလေ့ရှိတာကြောင့် ဝင်ငွေရဖို့ ပိုပြီးနှေးကွေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Reels ဆီသို့ သုံးစွဲသူများများ တွန်းပို့လေလေ ဝင်ငွေရဖို့ ပိုပြီးနည်းလာနိုင်မှာ ဖြစ်ပါတယ်။
(၅) ပုံရိပ်ယောင်ကမ္ဘာ မက်တာဗာ့စ်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးမားခြင်း
ဇူကာဘတ်က အင်တာနက်ရဲ့ မျိုးဆက်သစ်နောက်တဆင့်က ပုံရိပ်ယောင်ကမ္ဘာ (Metaverse) ဆိုတာ အရမ်းကိုယုံကြည်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ထဲမှာ မက်တာဗာ့စ်နဲ့ပတ်သက်ပြီး ၁၀ ဘီလီယံကျော် ရင်းနှီးခဲ့ပြီး နောင်နှစ်တွေထဲမှာ ဒီထက်ပိုပြီး ရင်းနှီးသွားမယ်လို့ ဇူကာဘတ်က ပြောပါတယ်။
ပုံရိပ်ယောင်လူမှုကွန်ရက် အသုံးပြုမှုက သီးခြားဝါသနာရှင် အုပ်စုတစ်ခုအဖြစ်သာ ရှိနေသေးပြီး ပင်မရေစီးကြောင်းအဖြစ် မပြောင်းလဲနိုင်သေးပါဘူး။
ဇူကာဘတ်ကတော့ သူရဲ့ဝန်ထမ်းများ၊ သုံးစွဲသူများ နဲ့ ရှယ်ယာရှင်များတို့အား သူ နဲ့ သူရဲ့မက်တာဗာ့စ်အပေါ် ယုံကြည်မှုထားရှိဖို့ တိုက်တွန်းနေပါတယ်။ ဒါဟာ လာမဲ့နှစ်များမှာ ကုမ္ပဏီအတွက် ဘီလီယံပေါင်းများစွာ ကုန်ကျစေမဲ့ ဇူကာဘတ်ရဲ့ တောင်းဆိုချက်တစ်ခုဖြစ်ပြီး ဘယ်တော့မှ အသီးအပွင့်ဖြစ်ထွန်း မလာနိုင်တာလည်း ဖြစ်သွားနိုင်ပါတယ်။
(၆) ဈေးကွက်လက်ဝါးကြီးအုပ်မှု တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရခြင်း
ဈေးကွက်ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး Meta က ဖယ်ဒရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ ပြည်နယ်တချို့တို့ရဲ့ စုံစမ်းစစ်ဆေးမှုများကို ရင်ဆိုင်နေရပြီး ဇူကာဘတ်အတွက် ခေါင်းခဲနေရပါတယ်။ အမေရိကန်အစိုးရ ဥပဒေပြုအမတ်များကလည်း နည်းပညာကုမ္ပဏီများကို အဓိကပစ်မှတ်ထားတဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှု ကာကွယ်သည့်ဥပဒေသစ်ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။
Meta က လူမှုကွန်ယက်ဈေးကွက်မှာ လက်ဝါးကြီးအုပ်နေတာ မဟုတ်ဘဲ တစ်တော့၊ Apple, Google စတာတွေရဲ့ အလွန်ကြီးမားတဲ့ပြိုင်ဆိုင်မှုများကို ရင်ဆိုင်နေရကြောင်း ဇူကာဘတ်မှ ဒေါသတကြီးနဲ့ ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှု စွပ်စွဲခံရမှုတွေရဲ့ ခြိမ်းခြောက်မှုဟာ Meta အတွက် လူမှုကွန်ရက်ရေစီးကြောင်းသစ်များနဲ့ ဆက်စပ်နေတဲ့ နည်းပညာများကိုဝယ်ယူဖို့ ပိုပြီးခက်ခဲစေပါတယ်။ အရင်တုန်းက အင်စတာဂရမ် နဲ့ WhatsApp တို့ကို ဝယ်ယူခဲ့တဲ့အခါ စစ်ဆေးကြပ်မတ်မှု အနည်းငယ်သာ ရင်ဆိုင်ခဲ့ရပြီး ဘီလီယံချီတဲ့ သုံးစွဲသူအရေအတွက်ကို ရရှိခဲ့ပါတယ်။ အခုချိန်မှာ ပုံရိပ်ယောင်လူမှုကွန်ရက်နဲ့ GIFs တို့မှာ အငြင်းပွားဖွယ်ရာသိပ်မရှိတဲ့ ဝယ်ယူမှုတွေမှာတောင် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှု စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုမ္ပဏီများထပ်ပြီးဝယ်ယူရန် ညှိနှိုင်းသဘောတူညီမှုရဖို့ ဖြစ်နိုင်ခြေ နည်းလာတာကြောင့် Meta မှ စိန်ခေါ်မှုများကိုကျော်ဖြတ်ပြီး တီထွင်ဆန်းသစ်မှုလုပ်နိုင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။
အရင်တုန်းကတော့ သူ လုပ်နိုင်ပါ့မလားဆိုပြီး သံသယရှိခဲ့ပေမဲ့ ဇူကာဘတ်ကို ယုံကြည်မှုတွေပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့မှာတော့ ဝေါစထရိစတော့ဈေးကွက်မှာ ယုံကြည်မှု နည်းပါးသွားခဲ့ကြောင်း။ ။
(The New York Times - Feb 3, 2022 - 6 Reasons Meta Is in Trouble)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar