ပန်ဒိုရာ - မင်းမှာ အူတွေရှိသလား
(မိုးမခ) ဖေဖော်၀ါရီ ၁၈၊ ၂၀၂၂
မင်းမှာ အူတွေရှိလို့လား။ မင်းမှာအူတွေရှိမှ အန္တရာယ်ရဲ့ အနံ့အသက်ကို အူပေါက်ထဲကတဆင့် ဖောက်ဝင်လိမ့်ဆင်း မင်းအာရုံတွင်း အလိုလိုသိရှိနိုင်မယ်။ တစ်ဖက်လူက လူဆိုးလား၊ လူယုတ်လား၊ လူညစ်လား။ သူ့မျက်နှာပေါ်မှာ မြင်လိုက်ရတာ အယောင်ဆောင် သကာအုပ်ထားတဲ့ ဗြောင်လိမ်ဗြောင်စား မာယာအပြုံး (ဒါမှမဟုတ်) သွေးရူးသွေးတမ်း သက်တမ်းကုန်ခါနီး ထတောက်လိုက်တဲ့ မီးစာကုန်ဆီခမ်း တစ်မွန်းတည့်ပဲခံမယ့် မချိသွားဖြဲ။
အူတွေထဲက ခံစားသိရှိတဲ့အခါ မင်းရဲ့အူတွေယားယံလာမယ်။ မင်းမှာ အူခွေတွေရှိနေတော့ မင်းပါးစပ်ဟလိုက်ရုံနဲ့ တလိပ်လိပ် လိမ်ယှက်နေတဲ့ မင်းဒေါသနဲ့ အနိုင်မခံအရှုံးမပေး တသွင်သွင်စီးဆင်းနေတဲ့ မင်းစိတ်ဓာတ်ကို သူတို့ထင်းထင်းလင်းလင်းမြင်ပြီး မင်းကိုဖြုံသွားလိမ့်မယ်။ အဲဒီအခါ ရယ်မောရလွန်းလို့ မင်းအူတွေတောင် နာလာမယ်။ အူတွေတက်သွားရင် ပြန်ဆွဲချ၊ အူတွေကျလာရင် ပြန်ဆွဲတင်။ မင်းမှာ အူတွေရှိရဲ့လား။
လက်မကို အပ်စိုက်သွင်းရင်း တွန့်မိသွားလို့ သတ္ထိရှိကြောင်း သက်သေပြဖို့ ဗိုက်ကိုဓားနဲ့ခွဲပြီး အူခွေတွေကို အဆုံးအထိ ဆွဲဆန့်ထုတ်ပြလိုက်တဲ့ မိုက်ရဲသူ သူရဲကောင်းဟာ ရာဇဝင်အူပေါက်ထဲမှာ ကျန်ခဲ့ပြီ။ နှစ်ဆယ့်ငါးပေရှည်တဲ့ အရွယ်ရောက် အူတိုင်းအူတိုင်းဟာ လပြည့်ည လကွယ်ညတွေမှာ ဟိုးအရှေ့ဘက်စွန်းစွန်း ကျောက်ဆောင်ပေါ်ကနေ အုပ်စုဖွဲ့ အတူတူ အူသံရှည် ပေးကြမယ်။
အူတွေတိုရင် ဝန်တိုစိတ်သာ အဖတ်တင်မယ်။ အူကြမ်းတွေကို ပင်လယ်ဆားကြမ်းနဲ့ ခပ်ကြမ်းကြမ်းပွတ်ဆေးမယ်။ ရင်ညွန့်အောက်တည့်တည့်ကနေ ကျောထိပေါက်အောင် ထိုးအောင့်တဲ့အနာ၊ ချက်တိုင်တဝိုက် လှိုက်လှိုက်ပြီး ကာလရှည်ကြာ တရစ်ရစ်နာနေတဲ့အနာ၊ တခါတလေ အူတွေမူမမှန်ဖြစ်တာကို ဝေဒနာ အံကြိတ်ခံရမယ်။ မှန်ပြောင်းနဲ့ ချောင်းကြည့်လိုက်တဲ့အခါ အူမကြီးတလျှောက် အနာပေါက် တွေ့သလား၊ ရောင်ယမ်းနေသလား၊ အစာအိမ်က ရိက္ခာထောက်ပို့ မှန်ရဲ့လား။ အစာဟောင်းတွေ ကောင်းကောင်းစွန့်ခွာသွားရဲ့လား။ မင်းကို ဒုက္ခပေးနေတာ အူသိမ်တွေများလား၊ မြစ်ပွားနာအဆင့် တစ်၊ နှစ်၊ သုံး၊ လေးလား။ တစ်ပေလောက် ဖြတ်တောက်ပစ်လိုက်ရင် အဆင်ပြေနိုင်မလား။ အူသွားလမ်းတလျှောက် ပိတ်ဆို့နေရင် တဒေါက်ဒေါက် ခေါက်ချလိုက်ရမလား။ ပိုက်ခေါင်းတွေ ဖြုတ်လဲရမလား။ ရေတိပ်နဲ့ ထပ်ပတ်ရမလား။ နောက်ဆုံး အက်စစ်လောင်းပြီး ရှင်းပေးရမလား။
ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာ အူတွေသာရှိစမ်းပါ။ အစားအစာတွေလည်း ကြေပျက်ပါစေ၊ သဘောတရားတွေလည်း ကြေညက်ပါစေ။ အစာခြေရည်တွေကို အသုံးချ။ လျှာပေါ်ရောက်လာသမျှ တမြုံ့မြုံ့ ဝါးစား။ အာဟာရတွေကို စုပ်ယူ မျိုချ။ ပြီးရင် ပြန်စွန့်ထွက်ရမှာပဲ။ အူလမ်းကြောင်းကို ဖြတ်မောင်းရတော့မှာပဲ။ စမိရင် အဆုံးရှိရမှာပဲ။ အူတူတူမလုပ်နဲ့။ မင်းမှာ အူတွေရှိလား။ ငါ့မှာရော အူတွေရှိသေးရဲ့လား။ ဟိုမှာ ယမ်းငွေ့တွေ တအူအူ။
ပန်ဒိုရာ
၈.၂.၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar