Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၃)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၃)
(မိုးမခ) ဖေဖော်၀ါရီ ၁၈၊ ၂၀၂၂

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ကြွေးကြော်ခဲ့ကြတဲ့ "ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး" ဆိုတဲ့ကြွေးကြော်သံဟာ တကယ့်အမှန်တရားဖြစ်သလို အမှန်တရားအတွက် တောင်းဆိုတာလည်းဖြစ်ပါတယ်။ 

အခက်အခဲတွေ ကြုံတွေ့ရပြီ၊ အားငယ်စိတ်တွေဝင်လာပြီဆိုရင် တချို့က ကိုယ့်မှာ ခွန်အားတွေမရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို မသိကြတာ၊ မေ့လျော့ကြတာတွေက အခက်အခဲတွေကို မကျော်ဖြတ်နိုင်တဲ့ အဓိကအားနည်းချက်ဖြစ်ပါတယ်။ အစွမ်းကုန်အားမထုတ်ဘဲ လက်လျှော့ခြင်းများကလည်း အောင်ပွဲနဲ့အလှမ်းဝေးစေတဲ့အချက်ပါပဲ။ ဒါတွေနဲ့ပတ်သက်လို့ ဖတ်ဖူးတဲ့စာတစ်ပုဒ်နဲ့ အကြောင်းအရာလေးတစ်ခုတို့ကို ဝေငှပါရစေ။ 

ပထမအကြောင်းအရာက ဒီလိုပါ။ လူတစ်ယောက်က လင်းယုန်ငှက်ဥတစ်လုံးကို ကောက်ရလို့ ကြက်မတစ်ကောင်ရဲ့ဝပ်ကျင်းထဲ ထည့်လိုက်ပါတယ်။ လင်းယုန်ဥကို ကြက်မက ကြက်ဥတွေနဲ့အတူဝပ်တော့ ကြက်က လေးတွေနဲ့အတူ လင်းယုန်ငှက်ကလေး အကောင်ပေါက်လာပါတယ်။ သူက သူ့ကိုယ်သူ ကြက်ကလေးလို့ ယူဆပြီး ကြက်လိုတွေး၊ ကြက်လိုနေထိုင်ပါတယ်။ 

လင်းယုန်ဆိုတာ လေမှာပျံဝဲပြီး သတ္တဝါငယ်တွေကို သုတ်ချီစားသောက်တဲ့ အလေ့အထရှိပေမယ့် သူကတော့ ကြက်တွေလိုပဲ မြေကြီးကို ခြေနဲ့ယက်၊ အင်းဆက်တွေ ပိုးကောင်တွေကို ရှာဖွေစားသောက်ပါတယ်။ ကြက်တွေလိုပဲ တွန်ပါတယ်။ အတောင်ပံကို တဖျပ်ဖျပ်ခတ်ပြီး ဟိုနားဒီနားကို ကြက်တွေပျံနိုင်သလောက်ပဲ ပျံပါတယ်။ 

နှစ်တွေတော်တော်ကြာလာတော့ လင်းယုန်ငှက်က ငှက်အိုတစ်ကောင်ဖြစ်လာပါတယ်။ တနေ့ ကောင်းကင်မှာ အင်မတန် ဟိတ်ဟန်ကြီးတဲ့ ငှက်ကြီးတစ်ကောင်ဟာ သူ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့အတောင်ပံတွေကို ဖြန့်ပြီး လေဟုန်စီး ဝဲပျံလာတာကို သူတွေ့လိုက်ရပါတယ်။ အဲဒီငှက်ကြီးဟာ စည်းချက်ညီညီ တောင်ပံတွေကို အားပါပါခတ်ရင်း လေအဟုန်မှာ ဝဲပျံနေပါတယ်။ 

ငှက်အိုကြီးက အံ့သြဘနန်းဖြစ်သွားပြီး "အဲဒါ ဘာကောင်ကြီးလဲ" လို့ အနားက ကြက်တစ်ကောင်မေးသတဲ့။ "အဲဒါ လင်းယုန် လို့ခေါ်တယ်။ ငှက်တွေရဲ့ဘုရင်ပေါ့။ သူ့တို့က ကောင်းကင်မှာ နေရတယ်။ တို့ကတော့ ကြက်ဆိုတော့ မြေကြီးပေါ်မှာပဲ နေရတယ်" လို့ သူ့မိတ်ဆွေက ပြန်ဖြေတယ်။ အဲဒီနောက်မှာတော့ လင်းယုန်ငှက်အိုကြီးဟာ သူ့ကိုယ်သူ ကြက်တစ်ကောင်လို့ခံယူပြီး သေတဲ့အထိ ကြက်လိုပဲ နေထိုင်သွားပါတယ်။ 

ဒီဇာတ်လမ်းလေးက တွေးစရာအများကြီးပါ။ ကိုယ်ဟာ ဘယ်သူနဲ့ တူတယ်၊ ဘယ်သူဖြစ်တယ်ဆိုတာ မသိခြင်းနဲ့ ကိုယ့်အစွမ်းအစ ဘယ်လောက်ရှိတယ်ဆိုတာ မတွက်ဆခြင်းတို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထားရာနေ၊ စေရာဘဝမှာ ပျော်မွေ့သွားတတ်တဲ့ အလေ့အထကိုလည်း တွေ့ရပါလိမ့်မယ်။ ကျနော်တို့တွေက ဘဝကို အဲဒီလို အဖြစ်ခံကြမယ့်လူတွေလား၊ တပါးသူတွေ နေစေချင်တဲ့ဘဝမှာ ပျော်မွေ့နေကြမှာလား။ အလေးအနက် တွေးကြည့်ရင် မမြင်နိုင်တဲ့ စွမ်းအားတွေ ကျနော်တို့မှာ ရှိနေကြောင်း တွေ့ရမှာပါ။ 

နောက်တစ်ခုက သုတေသနလုပ်တဲ့ ဖြစ်ရပ်ပါ။ သတ္တဝါတွေရဲ့ အသိဉာဏ်အဆင့်အတန်းကို ဆန်းစစ်လေ့လာမှုပါ။ သုတေသနပညာရှင်တွေက ရေကန်တစ်ခုထဲ ငါးမန်းတစ်ကောင်ကို လွှတ်ထားတဲ့အခါ ငါးမန်းက ရေကန်အနှံ့ ကူးခတ်သွားလာနေပါတယ်။ အချိန်အတော်ကြာတဲ့အခါ သူတို့က ရေကန်ရဲ့အလယ်ကို မှန်အကြည်တစ်ချပ် ကာလိုက်ပါတယ်။ ဒီတော့ လွတ်လွတ်လပ်လပ် ကူးခတ်နေတဲ့ငါးမန်းက ကာထားတဲ့မှန်ကို ဝင်တိုက်တော့တာပေါ့။ 

ရေထဲမှာကာထားတဲ့မှန်ကို ဝင်တိုက်မိတဲ့ငါးမန်းဟာ တစ်ခါ နှစ်ခါ ဝင်တိုက်မိချိန်မှာ မှန်ရှိတဲ့ဘက်ကို ဖြတ်သန်းကူးခတ်ဖို့ ကြိုးစားပေမယ့် အကြိမ်များလာတဲ့အခါမှာတော့ မှန်ကာထားတဲ့ဘက်ကို မလာတော့ပါဘူး။ အချိန်နည်းနည်းကြာတော့ ပညာရှင်တွေက သူတို့ကာထားတဲ့မှန်ကို ဖယ်လိုက်ပါတယ်။ ဒါပေမယ့် ငါးမန်းက မှန်ကာထားခဲ့တဲ့ဘက်ကို ဘယ်တော့မှပြန်မလာတော့ပါဘူး။ 

ဒီဖြစ်ရပ်မှာလည်း တွေးစရာအများကြီးပါ။ အခက်အခဲတွေ ကြုံရတဲ့အခါ တစ်ခါမအောင်မြင်တာနဲ့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ တွေးတတ်တဲ့စိတ်ကို ပြင်ဆင်အားတင်းရမှာ ဖြစ်ပါတယ်။ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့သူတွေဆီကိုပဲ အောင်မြင်မှုတွေ ထိုက်ထိုက်တန်တန် ရောက်ရှိတာဖြစ်ပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံရပါစေ ကိုယ်တစ်ယောက်တည်း ဒါမျိုးကြုံရတာမဟုတ်ဘူး၊ ကိုယ်လိုလူတွေ အများကြီးရှိခဲ့တယ်၊ အများကြီးရှိနေတယ်လို့ သတိပြုပါ။ 

လူအများပါဝင်တဲ့ တော်လှန်ရေးမှာဆိုရင် ကိုယ်လိုရုန်းကန်လှုပ်ရှားနေသူတွေ အများအပြားရှိနေတာမို့ ပိုပြီးတောင် အားတက်စရာပါ။ "ငါတို့မှာ ငါတို့ရှိတယ်" လို့ တွေးလိုက်တာနဲ့တောင် ခွန်အားတွေအလိုလိုရှိလာပါလိမ့်မယ်။ ဒီကနေ့ ကျနော်တို့ဆင်နွှဲနေကြတဲ့ တော်လှန်ရေးဟာ မလွဲမသွေ အောင်မြင်မှာပါ။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၁၅၊ ၂၊ ၂၀၂၂ 
Ref:Song of the Bird by Anthony DeMello

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar