ဦးကျော်သက်လင်း - ထိုမသိလိုက်ရသော ခရီးရှည်
(မိုးမခ) ဖေဖော်၀ါရီ ၁၉၊ ၂၀၂၂
အပိုင်း(၃)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
ဂိတ်တဲက လမ်းကနေ ပေ ၁၀၀ လောက်လှမ်းပြီး ကုန်းအမြင့်လေးပေါ်မှာပါ။ အဲဒီဂိတ်တဲရဲ့ဘေးမှာ ကင်းတဲအကျယ်တစ်ခုရှိပြီး စစ်သားငါးယောက် လက်နက်တွေဘေးချပြီး မနက်စာ စားနေကြပါတယ်။ အဲဒီတဲနှစ်လုံးအထက်ဘက်ကုန်းပေါ်မှာ စစ်သားတစ်ယောက်က လက်နက်နဲ့ထိုင်နေပါတယ်။ ဂိတ်တဲထဲရောက်တော့ အရပ်ဝတ်နဲ့ ဌာနဆိုင်ရာဘက်ကလို့ယူဆရတဲ့နှစ်ယောက်နဲ့ ရဲနှစ်ယောက်ရှိပါတယ်။ လာခေါ်တဲ့ရဲက ကျနော့်ကိုထားပြီး အပြင်ပြန်ထွက်သွားပါတယ်။
တဲထဲက လေးယောက်ထဲက အရပ်ဝတ်နဲ့တစ်ယောက်က ထိုင်ပါဆရာကြီးတဲ့။ ထိုင်ပြီးကာမှ ဦးထုတ်နဲ့ Mask ချွတ်ပါဦး ရောဂါမကူးလောက်ပါဘူးတဲ့။ တကယ့်ကျဥ်းထဲကြပ်ထဲရောက်မှ ထိုင်ပြီးကာမှ မျက်နှာပြခိုင်းတာဆိုတော့ တစက္ကန့်လောက်ထဲမှာတင် ပြန်ပြောရင် ဆယ်မိနစ်နဲ့ပြောမကုန်တဲ့အတွေးတွေက တရဟောဝင်လာပါပြီ။သွားပြီ၊ သိနေလောက်ပြီ။ ခဲလေသမျှ သဲရေကျပြီ။ မလွတ်တော့ဘူး၊ လက်ပြန်ကြိုးတုတ်၊ ရိုက်နှက်တော့ စစ်ကြတော့မယ် ဒီလိုအတွေးတွေကြောင့် အာခေါင်ခြောက် တံတွေးကမြိုချမရ အုန်းအုန်းထနေတဲ့ရင်နဲ့ နားထင်ကြောတွေက တအားထိုးကိုက်လာပါတယ်။
နောက်ဆုံးအနေနဲ့ဟန်ကိုယ့်ဖို့လုပ်ရပါတယ်။
ငါဟာဒရိုင်ဘာ... ဒီအသိကိုအရင်သွင်းပြီးမှ ဟုတ်ကဲ့ဗျ ဆရာတို့ဗျဆိုပြီး ကချင်သံလေးဝဲပီးပြောလိုက်ပါတယ်။ သူတို့ကို အရာရှိမဟုတ်မှန်းသိတဲ့အတွေ့အကြုံတွေကို မေ့ထားလိုက်ပါတယ်။ တအားရိုကျိုးပလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ လေးယောက်ဆိုင်ပြီး မျက်နှာကို စေ့စေ့ကြည့်နေကြပါပြီ။
ရင်ကလည်း တဒိန်းဒိန်းနဲ့ပွင့်ထွက်တော့မလားဆိုတာချည်းပဲလို့ ပြောကြမယ်ဆိုလည်းပြောပါ။ အိမ်နဲ့ဌာနကိုမစွန့်ခွာခင်ညတွေထဲက ဒီလိုနေ့တွေချည်းပါပဲ။ စက္ကန့်တိုင်းသတိမလွတ်ဖို့နဲ့ ငါ့ကိုဘာမေးပြီး ဘာဖြေရမယ်ဆိုတာသိဖို့ပဲ ခေါင်းထဲမှာထည့်ကာ စကားတိုင်းကို တိုင်းရင်းသားတစ်ယောက်လိုဝဲပီး မူရင်းအသံမထွက်ဖို့ကြိုးစားပါတယ်။
အခုကားက ဘယ်ကလာတာလည်း....?
.......ကလာတာပါ။
လိုင်စင်ပြ...?
လိုင်စင်ပါမလာဘူးဗျာ ဒီလမ်းကိုဒီဆရာတွေမမောင်းတတ်လို့ မမောင်းဘူးလို့ ကျနော့်ဆရာက လိုက်ပို့ခိုင်းလို့ပါ။ ရောက်ပြန်တဲ့ အရေးပေါ်ဆိုလို့ ချက်ခြင်းလွယ်အိတ်ဆွဲထွက်လာတာ ဟိုဘက်ဂိတ်ကြီးမှာလည်း ဖုန်းလှမ်းဆက်မေးပြီး သေချာလို့ ဆက်မောင်းခွင့်ရလာတာပါ ဆရာတို့။
ဘာလူမျိုးလည်း...?
ကချင် ဗမာပါဗျ။
မှတ်ပုံတင်...?
၁/မကန(နိုင်). .....
မြစ်ကြီးနား ဘယ်ရပ်ကွက်...
ယုဇနထဲမှာနေပါတယ်။
အခုထိလား အရင်ကရော...?
မေးတဲ့ပုံစံက ရယ်စစနဲ့ ပြောင်သလိုလှောင်သလိုမို့ အနေရကြပ်လှပါတယ်။ ပမ္မတီးထဲလည်း နေဘူးပါတယ်။ သီတာ၊ တပ်ကုန်း၊ ဝိုင်းမော်တွေမှာလည်း အမျိုးတွေရှိပါတယ်ဗျ။
ဘာလို့ဒီဘက်ရောက်လာတာလည်း....?
စက်ကြီးမောင်းဖို့ ဆောက်လုပ်ရေးက ကျနော့်ဆရာခေါ်လာတာပါဗျ။
ဘယ်မှာတာဝန်ကျလည်း...?
....မြို့နယ်........မှာ တာဝန်ကျနေပါတယ်။
ဆရာကြီးကိုမြင်ဘူးနေတယ်...!
ဟုတ်တယ် ကျနော်လည်းအတူတူပဲ ဒီဘက်တွေလည်း ကျနော် စက်ကြီးတွေသယ်တော့ ခဏခဏဖြတ်တယ်လေ့။
ကားပေါ်ဘာတွေပါလည်း...?
မသိဘူးဗျ ကျနော်က ကားပဲနေ့ချင်းပြန် လိုက်မောင်းပေးရတာပါ။
ဒီနေ့ပြန်လာမှာသေချာလား...?
သူတို့မေးကြည့်ပါဗျ။
ပိုက်ဆံကိစ္စလို့ပြောနေသံကြားတယ် ရရင်ပြန်မယ်နဲ့တူတယ်။ ဖြေရင်း စိတ်အေးလာသလိုခံစားလာရပါတယ်။ တကယ်တော့ ကျနော်ညာတာ ပိရိလို့မဟုတ်ဘူးဆိုတာ...!!!
ရပြီဆရာကြီး သွားတော့ ...။
ဂိတ်ကြီးကလည်း ကျနော်တို့လို ခင်လို့လွှတ်လိုက်တာနေမယ်။ ဘေးရှင်းပါစေ။ ကျနော်တို့အရာရှိတွေလာပြီ။ သူတို့နဲ့မတွေ့ခင်သွားတော့တဲ့။
အသံကတော့ အမြဲကြားဘူးနေကြဆိုတော့ ချစ်ပြီးသားပါတဲ့။ ကျနော်တို့ဆီမှာ အရာရှိတွေက မနက် ၈ နာရီလောက်မှ ဂိတ်မှာစထိုင်တာ မှတ်ထားဦးတဲ့။
ကျေးဇူးတင်ပါတယ်ဆရာတို့ ...
ရင်ထဲကနေပြောဖြစ်တဲ့စကားပါ
တစ်သက်မမေ့ပါဘူး.........။
ဒီနေရာမှာ ကျနော့်ဘဝမှာ မမေ့ရမယ့် လူယုံသတ်တဲ့ကိစ္စကို တမင်ရည်ရွယ်ချက်ရှိစွာချန်ခဲ့ရပါမယ်။ ထုတ်ရေးဖို့လည်းမရှိတော့ပါ။ သိသင့်တဲ့သူတွေကတော့ သိနေကြပါပြီ။
ဒီလိုနဲ့ နောက်တစ်မြို့မှာညအိပ်ပါတယ်။ အဲ့ဒီညမှာပဲ အဲဒီမြို့လေးရဲ့ပစ်ခတ်မှုတွေစခဲ့ပါတယ်။ မနက်စောစောမလင်းခင်ပဲ နောက်တမြို့ကိုခရီးဆက်ခဲ့ကြပါတယ်။ အဲဒီမြို့ရောက်တော့ နောက်နေ့မှာ ၂ ငါးလုံးသပိတ်ရှိတဲ့အတွက် ညအိပ်ဖို့ ခရီးမဆက်ကြဖို့ပြောကြတာနဲ့ အဲဒီမြို့နယ်လေးရဲ့သပိတ်မှာ ကားခနရပ်ပြီး ဓာတ်ပုံရိုက်ကြ၊ ဆန္ဒပြသမားတွေကို ဝန်းရံကြပါတယ်။ အတိုချူပ်ရရင်တော့ နောက်တမြို့ကိုခရီးဆက်ကြပြန်ပါတယ်။
နောက်တမြို့ကိုရောက်တော့ သူငယ်ချင်းရဲ့သူငယ်ချင်းတွေနဲ့ ထမင်းထိုင်စားရင်း သူတို့တွေက ကျနော့်ကိုသိသွားကြပါတယ်။ ဒါနဲ့ အဲဒီမြို့လေးမှာ ခနဖြစ်ဖြစ် နေဖို့ နားဖို့ဖြစ်လာပါတယ်။
(ရေးမရသေးတဲ့ နောက်တကြိမ် လွတ်မြောက်မှု)
သူတို့က ဒီမြို့က ထွက်ဖို့ပြောကြပါတယ်။ ဒါပေမယ့် အခုထွက်ရင် လမ်းမှာပိတ်ဖမ်းမယ်။ ဒါကြောင့် ဒီက တနေရာရာမှာ ရက်ကြာနေမှရမယ်လို့ ကျနော်ပြောတော့ သူတို့အိမ်တစ်လုံးစီစဉ်ပေးကြပါတယ်။
မမေ့နိုင်စရာ အမေတစ်ဦး သူငယ်ချင်းတစ်ဦးနဲ့ မိသားစု။ တခြားသူငယ်ချင်းသစ်တွေရခဲ့ကူညီခဲ့ကြပြီး အဲ့ဒီအိမ်မှာ တစ်လတိတိနေခဲ့ပါတယ်။ အခုတော့ ကျနော့်ကို သိပ်ဂရုစိုက်တဲ့သူငယ်ချင်းရဲ့အမေ (ယောက္ခမ) လည်း ပြီးခဲ့တဲ့ ၅ လက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။
ကျနော်သိတဲ့အချိန်က လွတ်မြောက်နယ်မြေရောက်နေပြီမို့ တောထဲမှာတစ်ယောက်ထဲသွားပြီး စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ကာ ရှိုက်ကြီးတငင် ငိုခဲ့ရပါတယ်။
ကျနော်ချစ်တဲ့သူတွေ ကျနော့်ကိုချစ်တဲ့သူတွေ....။ အဲဒီမြို့လေးမှာ တစ်လတိတိပြည့်တဲ့နေ့။ ကျနော်တို့မလုံခြုံနိုင်တော့ဘူးလို့ အဲဒီအိမ်ရှင်သူငယ်ချင်းကလာပြောတဲ့နေ့ တိုက်ဆိုင်စွာပဲ အင်တာနက်ဖွင့်တော့ ဌာနဆိုင်ရာကမိတ်ဆွေတစ်ယောက်က မက်ဆေ့ပို့လာပါတယ်။ အစ်ကိုနေကောင်းလား အဆင်ပြေလားတဲ့။
ကျနော်ချက်ခြင်းပဲ အကြောင်းပြန်လိုက်ပါတယ်။ သူတာဝန်ကျတဲ့မြို့က ကျနော်နဲ့နီးတာကိုး။ ကောက်ရိုးတပင်ကို အမိအရဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ သူ့အကူအညီနဲ့ လက်ရှိနေတဲ့မြို့က ကျနော်နဲ့ ခဏတာဆုံခဲ့ပေမယ့် ညီအစ်လိုရှိခဲ့ကြတဲ့သူနဲ့ နောက်နေ့မှာဆုံပြီး နောက်တမြို့ကိုသွားတဲ့လမ်းပေါ်က ရွာလေးကိုရောက်ခဲ့ရပါတယ်။ အဲဒီမှာ ၂ လတိတိ ကြာခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း အမှတ်ရစရာတွေအများကြီး ရှိခဲ့ပါတယ်။ ရက်ပေါင်း ၆၀ တောင်မှ ကြာခဲ့ပြန်တာလေ။
(ဆက်ပါဦးမည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar