Breaking News

ကိုအောင်မှိုင်း — ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၉)


ကိုအောင်မှိုင်း — ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၉)

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂


၁။ နွေဦးတော်လှန်ရေးအပေါ် လက္ခဏာ သတ်မှတ်ခြင်း။

၂။ နွေဦးတော်လှန်ရေးရောက်ရှိရာ အဆင့်သတ်မှတ်ခြင်း။

၃။ ရန်သူ၏ နွေဦးတော်လှန်ရေးအား ဖြိုခွဲနှိင်သော နည်း ၂ နည်းနှင့် တုံ့ပြန်ရမည့် လူထုနည်းနာများ။

၄။ ပြောက်ကျားစစ် ဆိုတာ ဘာလဲ။ ဘာတွေ ရှောင်သင့်၊ ဆောင်သင့်သလဲ။

၅။ ရန်သူ့ထိုးစစ်များကို မည်သို့ ရိုက်ချိုးမည်နည်း။

၆။ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်၊ နေရာယူစစ် အခြေခံဒေသ တည်ဆောက်ရေးဖြစ်စဥ်ကို ကျော်ဖြတ်ခြင်း။အခြေခံဒေသတည်ဆောက်ရေး၏ ထူးခြားသောလက္ခဏာနှင့် ခိုင်တိုးဆက်စီမံကိန်း။

၇။ တော်လှန်ရေးအား ကြာမြင့်စေမည့် "တော်လှန်ရေးအဓွန့်ရှည်ပါစေ"ဆိုသည့် သဘောတရားနဲ့ လုပ်ဟန်တို့ကို ဆန့်ကျင်ခြင်း။

၈။ ကျေးလက်လူထုအုပ်ချူပ်ရေးမှ တနိုင်ငံလုံးလူထုအုပ်ချူပ်ရေးသို့ တည်ဆောက်ခြင်း။

၉။ တနိုင်ငံလုံး ညီညွတ်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ခြင်းနဲ့
ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် အားထုတ်ခြင်း။

၁၀။ နိဂုံးချူပ်။

၁။ နွေဦး တော်လှန်ရေးအပေါ် လက္ခဏာသတ်မှတ်ခြင်း။

နွေဦးတော်လှန်ရေးကို လူထုတော်လှန်ရေးအဖြစ် သုံးသပ်ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေကို လေ့လာသုံးသပ်ပါက တော်လှန်ရေးနှင့် လူထုဟာ တထပ်တည်း၊ တသားတည်း တမျိုးတစားတည်း ဖြစ်နေတာကို အခိုင်အမာတွေ့ရမှာ ဖြစ်ပါတယ်။

တိုက်ပွဲသဏ္ဌာန်ကို လူထုက ပြဋ္ဌာန်းလေ့မရှိဘဲ ရန်သူကသာ ပြဋ္ဌာန်းလေ့ရှိတယ်ဆိုတဲ့ အဆိုအမိန့်ကတော့ လုံးဝ မှန်ကန်ကြောင်း နွေဦးတော်လှန်ရေးက သက်သေပြခဲ့ပါတယ်။ လူထုလို့ ဆိုရာမှာ လူငယ်ထုရဲ့အခန်းကဏ္ဍဟာ အလွန်ကြီးမားခဲ့ပါတယ်။

လူငယ်ထုရဲ့အသက်တွေ၊ စိတ်ဓာတ်တွေ၊ စွန့်လွှတ်မှုတွေ၊ ယုံကြည်ချက်တွေနဲ့ရင်းပြီး တွန်းတင်ခဲ့တဲ့ တိုက်ပွဲသမိုင်းလို့ အခိုင်အမာ ပြောရမှာ ဖြစ်ပါတယ်။ အလွန်ကြီးမြတ်လှပါတယ်။

နွေဦးတော်လှန်ရေးနဲ့ တိုက်ပွဲလက္ခဏာသတ်မှတ်ချက်ကို သတ်မှတ်ရာမှာ နွေဦးတော်လှန်ရေးရဲ့ အစ ချီချက်ဖြစ်တဲ့ စည်းကမ်းတကျ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုက အစချီရမှာ ဖြစ်ပါတယ်။ 

G Z လို့ အမည်ရတဲ့ ကနေ့ လူငယ်မျိူးဆက်သစ်တွေဟာ မထင်မှတ်လောက်အောင် စည်းကမ်းရှိကြတယ်။ စည်းလုံးမှုရှိကြတယ်။ ထက်မြက်ကြတယ်။ တိုက်ပွဲဝင်စိတ်ဓာတ်တွေကလည်း အလွန်မြင့်မားကြတာ တွေ့ရပါတယ်။ 

အားအသာဆုံးစုစည်းမှုကတော့ ဘာသာမတူတာတွေ လူမျိုးမတူတာတွေ၊ လိင် မတူတာတွေ၊ ပညာတတ်တာ၊ မတတ်တာတွေ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေဆိုတဲ့ တံတိုင်းကြီးကို ရိုက်ချိုးလိုက်နိုင်ကြတာ ဖြစ်တယ်လို့ ကျနော် ထောက်ပြလိုပါတယ်။

အဲဒါကြောင့် ဒီစုစည်းမှုဟာ ကျောက်တောင်ကြီးတတောင်လို ခိုင်မာတောင့်တင်းပြီး မီးတောင်ကြီးတတောင်လို ပြင်းထန်နေတယ်။ လူငယ်အချင်းချင်းရဲ့သွေးစည်းညီညွတ်မှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ သံချေးတက်နေတဲ့ လူကြီးဆိုသူတွေရဲ့ ဦးဏှောက်တွေကို ဆေးကြော ရှင်းလင်း လမ်းပြနိုင်ခဲ့တယ်။ တသက်လုံး ပေ ဘဝတွေကို တူဘဝတွေအဖြစ် လှည့်ပြောင်းနိုင်ဖို့ တွန်းအားတွေ ဖြစ်ခဲ့တယ်။ 

လူငယ်ထုရဲ့ လမ်းမတွေပေါ်က စစ်အာဏာရှင်စနစ်ကို အန်တုမှုတွေဟာ ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွေ ဂျပန်ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေလိုပဲ ပြင်းထန်ကြတယ်။ စည်းလုံးညီညွတ်မှုလည်း အလွန်အားကောင်းတယ်။ တိုက်ပွဲဝင်စိတ်ဓာတ်တွေလည်း အလွန်မြင့်မားကြတယ်။ နည်းပညာအရလည်း ခေတ်မီကြတယ်။ စဥ်းစားတွေးခေါ်မှုကလည်း လက်တွေ့ကျတယ်။

နွေဦးးတော်လှန်ရေးဟာ မြန်မာနိုင်ငံတဝန်း နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လက် ၃ချောင်းထောင်တာ တရားမျှတမှုကောင်းတဲ့ကိစ္စလို့ ကလေးကအစ သိရှိလက်ခံကြသလို မြတ်မြတ်နိုးနိုး တန်ဖိုးထားတာလည်း တွေ့ရပါတယ်။ 

စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တရား စစ်အာဏာရှင်စနစ်ကို အပြီးပိုင်ဖျက်သိမ်းဘို့ တိုင်းပြည်တဝန်းလုံးက သန္နိဋ္ဌာန်ချလိုက်ပြီ ဆိုတာကလည်း အခိုင်အမာ ဖြစ်လာပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ လက္ခဏာသတ်မှတ်ချက်ကတော့—

၁။ လူပုဂ္ဂိုလ် တဦး တယောက် အဖွဲ့အစည်းတခု ပါတီတခု လွတ်မြောက်ရေးအတွက် မဟုတ်။

၂။ လူတန်းစားတရပ် လွတ်မြောက်ရေးအတွက် မဟုတ်။

၃။ လူမျိုးတမျိုးလွတ်မြောက်ရေးအတွက် မဟုတ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့အတွက် လွတ်မြောက်ရေးအဖြစ် နွေဦးတော်လှန်ရေးကို လက္ခဏာသတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာ သတ်မှတ်ချက်ဟာ မြန်မာနိုင်ငံတဝန်းလုံး ငြိမ်းချမ်းပြီး သာယာဝပြောရေးကို ဦးတည်စေနိုင်မယ့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကနဦးခြေလှမ်းပင် ဖြစ်တယ်လို့ အခိုင်အမာ ပြောလိုပါတယ်။

လူငယ်ထု၏ ကျေးဇူးတရားကား ကြီးမြတ်လှပါပေသည်။


ကိုအောင်မှိုင်း
ဖေဖော်ဝါရီ ၂၃ ရက် ၂၀၂၂ ခုနှစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar