Breaking News

ညိုထွန်းလူ - သံလမ်းရိုး

ညိုထွန်းလူ - သံလမ်းရိုး
(မိုးမခ) ဖေဖော်၀ါရီ ၂၅၊ ၂၀၂၂

မီးရထားဖြင့် ခရီးသွားရသည့်အကြောင်းကိုတွေးမိလိုက်တိုင်း ရထားသံလမ်းရိုးတလျှောက်ရှိ မိတ်ဆွေသူငယ်ချင်းများကို အမှတ်မထင် သတိရလိုက်မိသည်။ ချောင်းရိုးမြောင်းရိုးလိုပဲ ကျွန်တော်တို့က မန္တလေးမြစ်ကြီးနားမီးရထားသံလမ်းတလျှောက်ကို သံလမ်းရိုးဟု အလွယ်တကူခေါ်လိုက်ကြသည်။ အရာရာ ကြပ်တည်းခက်ခဲသည့်ခေတ်တခေတ်ကို ကျွန်တော်တို့သည် ခရီးသွားလာရေးအတွက် မော်တော်ကားလည်း မော်တော် ကားမို့ မီးရထားလည်းမီးရထားမို့ သင်္ဘောလည်း သင်္ဘောမို့ဆိုသလို ကိုယ်နှင့်ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေးကိုပဲအားကိုးပြီး ပင်ပန်းကြီးစွာဖြင့် ဖြတ်သန်းခဲ့ကြရသည်။ မီးရထားက အလာနောက်ကျရန်ကောဟု မညည်းညူရဲပါ။ ဘူတာရုံမှာ ညအိပ်ပြီးရထားစောင့်ခဲ့ရတာမျိုးလည်း ကြုံခဲ့ရသည်။

သင်္ဘောနှင့် မော်တော်ကားကို အားကိုးအားထားပြုနေကြသူတွေခမျာလည်း ထိုနည်းနှင်နှင် ဖြစ်ပါလိမ့်မည်။မြေပေါ်နှင့် ရေပေါ်မှာ​ စသဖြင့် ယာဥ်အခက်အခဲတွေကြုံတွေ့နေရမှတော့ လေယာဥ်ဖြင့် ခရီးသွားလာနေကြသူတွေကတော့ ဘာမို့နည်း။ သူတို့မှာလည်း သူတို့ဒုက္ခနှင့် သူတို့ရှိကြမှာမလွဲ။

မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်းရိုးတလျှောက်တွင် ဝက်လက် ရွှေဘို ခင်ဦးထန်းတပင် ထန်းကုန်းနှင့် ကန့်ဘလူ။ အဲသည်နောက် ကောလင်း ဝန်းသို မဲဇာနှင့် အင်းတော်။ နန့်စီးအောင်ကျော်လိုက်သည်နှင့် ကချင်ပြည် နယ်ထဲသို့ရောက်သွားခဲ့ပြီ။ ထိုစဥ်က ရွှေဘိုမြစ်ကြီးနား မော်တော်ကားလမ်းကလည်း မပေါက်သေး၍ သံလမ်းရိုးတလျှောက်မှာနေခဲ့ကြသူအားလုံး မီးရထားနှင့်သာ ခရီးသွားခဲ့ကြရသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရွေးချယ်ခွင့်မရှိ။ မီးရထားသည် ခရီးသွားပြည်သူလူထုအတွက် ကျေးဇူးရှင်ဟု ဆိုရလောက်သည်။ တချိန်က မန္တလေးနှင့်မြစ်ကြီးနားကို စာပို့ရထားတစ်စီးသာပြေးဆွဲသည်။ နောက်တော့ အမြန်ရထားနှင့် အထူးအမြန်ရထားတွေပေါ်လာခဲ့သည်။

သည်ရထားတွေက ကိုယ်နေခဲ့သည့်ဘူတာမှာ ညမှာပဲရောက်လာသည်မို့ မန္တလေး-နဘား လော်ကယ်မီးရထားကိုပဲ အားကိုးရ၏။ ရထားတွေ တိုးချဲ့ပြေးဆွဲခဲ့သော်လည်း မီးရထားတိုင်းမှာ ခရီးသည်တွေဖြင့် အမြဲပြည့်ကျပ်နေလျှက်။ ကျွန်တော်တို့သည် သံလမ်းရိုးတလျှောက်ရှိ မြို့တွေရွာတွေက ခရီးသည်များနှင့် အစုန် အဆန် ရထားတစ်စီးတည်း အတူစီးကြရင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးသွားခဲ့ကြသည်။ သူ့အကြောင်း ကိုယ်သိ၊ ကိုယ့်အကြောင်း သူသိလာကြပြီး ကျနော်တို့၏ ရင်းနှီးခင်မင်မှုသည် ပို၍ခိုင်မြဲလာကြစမြဲ။ 

ကျွန်တော့်ဘဝ၏ ရှေ့ပိုင်းကာလများသည် မီးရထားဖြင့်ဆက်စပ်နေလျှက်။ ယခုလို နွေဦးပေါက်ချိန်ရောက်တိုင်း မန္တလေးမှ နဘား ခေါက်ပြန်လော်ကယ်ရထားဖြင့် မိဘနှစ်ပါးနေထိုင်သည့်အရပ်ဆီသို့ ပြန်ရစမြဲ။ မီးရ ထားက မနက်လေးနာရီမှထွက်သော်လည်း မန္တလေးဘူတာကြီးသို့ စောစောကြိုရောက်နှင့်သည်။

ရထားတွဲထဲမှာ လျှပ်စစ်မီးမရှိ၍ အမှောင်ထဲမှာ ငုတ်တုတ်။ ခြင်တွေက တဝီဝီ။ ကြမ်းပိုးကလည်း ကိုက်လိုက်သေး။ ရထားတွဲထဲမှာ ခရီးသည်အနည်းငယ်သာရှိသည်။ ခရီးသည်တစ်ယောက်က အတွေ့အကြုံရှိဟန်တူသည်။ ရှဲကနဲ မီးခြစ်ခြစ်သံနှင့်အတူ ဖရောင်းတိုင်ထွန်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ မီးရထားက မနက်လေးနာရီမှာ အချိန်မှန်ထွက်၍ သည်ဒုက္ခတွေဖြင့် ကင်းဝေးသွားသည်။အမရပူရဆိပ်ကမ်းဘူတာကိုရောက်တော့ မိုးစင်စင်လင်းနေလေပြီ။ မီးရထားသံလမ်းတလျှောက်မှာ တဖြုတ်ဖြုတ်ကြွေကျနေသည့် လက်ပံပွင့်တွေက ရဲပဒေါင်းခတ်နေလျှက်။ ဧရာဝတီမြစ်၏တစ်ဖက်ကမ်းမှာတော့ မြူတွေယှက်သန်းနေသည့် စစ်ကိုင်းတောင်။ တလှုပ်လှုပ်ခုတ်မောင်းလာသည့် မီးရထားက ရွာထောင်ဘူတာသို့ဆိုက်ရောက်လာချိန်တွင် အုံခဲနေသည့်ခရီးသည်တွေက အဆင်သင့်စောင့်ကြို၍နေကြသည်။ တခဏချင်းမှာပင် ရထားတွဲထဲမှာ ခြေချစရာမကျန်အောင် ခရီးသည်တွေဖြင့် ပြည့်ကျပ်သွား၏။

နှစ်ယောက်ထိုင်ခုံသည် သုံးယောက်ထိုင်ခုံဖြစ်သွားသည်။ နေရာမရသူတွေက ထိုင်ခုံလက်တန်းပေါ်မှာ တင်ပါးတစ်ခြမ်းတင်၍ ထိုင်သည်။ လုံးဝနေရာမရသူတွေကတော့ ထိုင်ခုံကျောမှီနေရာကို မမှီမကမ်းကိုင်ဆုပ်ရင်းမတ်တတ်ရပ်နေလျှက်။

နံနက်ခင်းဖြစ်သော်လည်း အညာနွေ၏နေရှိန်သည် တဖြေးဖြေးအပူရှိန်တက်လာခဲ့ပြီ။ ဘူတာတစ်ခုဆီသို့မီးရထားရောက်သည်နှင့် ရထားတစ်တွဲလုံးခေါ်သံအော်သံတွေဖြင့် ပွက်ပွက်ကယ်ညံ။ အဆင်းခရီးသည်ထက်ရထားတွဲပေါ်သို့တက်လာကြသူတွေက ပိုများသည်။ နေပူ လေမတိုက် မီးရထားကလည်းမထွက်နိုင်သေး၍ ငရဲကျနေရသည့်အလား။ သို့ရာတွင် သည်လိုအတွေ့အကြုံတွေက ရိုးနေပြီမို့ မည်သူမျှ ညည်းညူနေကြခြင်းမရှိ။

မနက် ၉ နာရီလောက်မှာ ရွှေဘိုဘူတာသို့ရောက်သည်။ ကျွန်တော်သည် ရထားတွဲပြတင်းပေါက်ကိုကျော်ခွပြီးအောက်သို့ခုန်ဆင်းကာ ထမင်းဆိုင်သို့အမြန်ပြေးရတော့သည်။ ရထားတွဲ အဆင်းအတက်နေရာမှာ ခရီးသည်တွေဖြင့် တိုးလို့တွဲလောင်းဖြစ်နေသမို့ ပြတင်းပေါက်ပေါ်မှဘဲ ဆင်းရတက်ရသည်။ ထမင်းတစ်ထုပ်ဝယ်ပြီး ကိုယ့် ရထားတွဲရှိရာနေရာသို့ အမြန်ပြန်ပြေးလာခဲ့သည်။ ထို့နောက် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ပြီး လွှားကနဲ ခုန်တက်လိုက်သည်။

ခဏအကြာ မီးရထားလည်းထွက်ပြီ။ အင်ဖက်ဖြင့်ထုပ်ထားသည့် ထမင်းထုပ်ကို ဖြေလိုက်သည်။ကြက်သား ဟင်းတစ်တုံး။​ ပဲလှော်ကြော်က လေးငါးဆယ်စိခန့်။ သရက်ချဥ်လည်းပါလိုက်သေး။ ဆာနေချိန်မို့ တကယ့်နတ်သုဒ္ဓါအလား။ ခန္ဓာကိုယ်လေးကိုကြုံ့ပြီး ဘက်ဖက်လက်ဖဝါးပေါ်မှာ ထမင်းထုပ်ကိုဖြန့်၍ သကာလ ပွဲတော်တည်ရလေ၏။ မီးရထားက အငြိမ်မနေ လှုပ်၏ ခါ၏ တချက်တချက် ဒုန်းကနဲခုန်ဆောင့်၏။ကြက် သားဟင်းရည် ခပ်ရွှဲရွှဲဆမ်းပေးလိုက်၍ အင်ဖက်ထဲက ဟင်းရည်တွေကို အောက်သို့စီးကျမသွားအောင် လက်ကို မနည်းထိန်းထားရသည်။

စားသောက်ပြီးသွားပြီ။ အင်ဖက်တွေကိုစုကိုင်ပြီး ပြတင်းပေါက်အပြင်ဖက်သို့လွှင့်ပစ်လိုက်သည်။ သွားရော့လဟယ်။ ခုတ်မောင်းနေသည့်မီးရထားအရှိန်ကြောင့် အင်ဖက်ရွက်တွေက မြေပြင်ပေါ်သို့ ချက်ချင်းကျမသွား။မီးရထားအရှိန်ကြောင့် ပျံဝဲနေလျှက်။ သည်ကိစ္စကို အစအဆုံးကြည့်မနေအားပေ။ ရေကုသိုလ်သည်ဆီက ဆယ်ပြားပေး၍ ထည့်ထားသည့်ရေပုလင်းကိုဖွင့်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လက်တွေဆန့်ထုတ်ကာလက်ဆေးလိုက်သည်။

လက်ဆေးရေတွေက ဖွားကနဲလွင့်စင်ပြီး နောက်တွဲတွေဆီက ပြတင်းပေါက်တွေထဲသို့ဝင်သွားလည်း ဘာမျှမတတ်နိုင်။ ခရီးသွားသူအချင်းချင်း သည်လိုပဲနားလည်ခွင့်လွှတ်ပေးကြရမည်ကော။ ကျွန်တော်လည်း တစ်ခါခံရဖူးသည်။ ရှေ့ခုံမှ ပြတင်းပေါက်အပြင်သို့ ဖွီးကနဲ ထွေးထုတ်လိုက်သည့်ကွမ်းသွေးတွေက မျက်နှာပေါ်သို့လာစဥ်သည်။ ခရီးတစ်ခုတည်းသွားနေကြရသည်မို့ ဒေါသဖြစ်နေ၍မရပေ။ ဒါမျိုးက အခန့်မသင့်လျှင် ကြုံရတတ်သည်။ သို့ဖြင့် ရေပုလင်းကိုဖွင့်ပြီး မျက်နှာသစ်လိုက်ရလေသည်။

မီးသွေးစက်ခေါင်းတွေပြေးဆွဲတုန်းကလည်း မှုတ်ထုတ်လိုက်သည့်မီးသွေးမှုံတွေက မျက်လုံးထဲသို့ ဝင်ချင်ဝင်တတ်သည်။ ထို့ကြောင့် ရလိုက်သည့်အတွေ့အကြုံတွေက နည်းနည်းနောနောမဟုတ်တော့၍ ရထားစက်ခေါင်းကိုကျောပေးထားသည့်ထိုင်ခုံနေရာကို အမိအရယူထားရသည်။

ဗိုက်တင်းလာ၍ ငိုက်ချင်လာသည်။ မီးရထားတွဲကလည်း ဟိုဖက်ယိမ်းလိုက် သည်ဖက်ယိမ်းလိုက်ဖြင့် ပုခက်လွှဲပြီးချော့သိပ်နေသည့်နှယ်။ သည်အခိုက် တနည်းအားဖြင့် မီးရထားနှင့်ခရီးသွားလာကြသည့် လုပ်သားပြည်သူအပေါင်းတို့ခင်ဗျားဆိုသည့် ဆေးရောင်းသူအော်သံကြောင့် တစ်တွဲလုံးအိပ်ငိုက်နေရာမှ နိုးလာကြသည်။ သူသည်ခြေချစရာမရှိသည့်ရထားတွဲထဲသို့ ဖြစ်သည့်နည်းနှင့် ရအောင်ဝင်သည်။ ဝဲယာရှိ ထိုင်ခုံလက်တင်နေရာတွေပေါ်သို့ ခြေထောက်တစ်ဖက်ချင်းချလိုက် ရှေ့သို့ တဖြေးဖြေးချင်း တိုးရွေ့သွားလိုက်။ ရထားလှုပ်ခါသွားချိန်တွင် သူ့ခန္ဓာကိုယ်သည် အောက်သို့ပြုတ်ကျလုလု။

ဘာမှမဖြစ်ပါ။ အနားရှိခရီးသည်တစ်ယောက်က အောက်မှလက်ဖဝါးကိုပင့်၍ သူ့လက်တစ်ဖက်ကို ထောက်ပြီး ဟန်ချက်ညီအောင်ထိန်းပေးထားသည်။ အကြောင်းမသိလျှင် တရုတ်သိုင်းကားထဲကလို အတွင်းအားချင်းပြိုင်နေရော့လားထင်မှတ်စရာ။ ကန့်ဘလူဘူတာသို့ရောက်သွားပြီ။ ရထားအဆုံရှိနေ၍ ကျွန်တော်တို့စီးလာသည့်ရထားက ရပ်စောင့်ပေးနေရ၏။ ရထားတွဲ အတက်အဆင်းလုပ်သည့်နေရာနားဆီမှ တူဝေဝေကြေးစည်သံကိုကြားရသည်။

ဟဲ့ ဘာတဲ့တုန်း။ ဘုရားထီးတင်ဖို့တဲ့ အဒေါ်ကြီး။ အလိုလေးတော် ဒီဘုရားကလည်း ထီးတော်ကိုတင်ကို မတင်နိုင်သေးဘူး။ အလှူခံတာ ဆယ်နှစ်လောက်တောင်ရှိနေပြီ။ အံ့ပါရဲ့။ အချီအချစကားပြောသံတွေကို နားထောင်မိကြသည့် ခရီးသည်တွေမျက်နှာတွေက ပြုံးစိ ပြုံးစိ။ မည်သို့ပင်ဖြစ်စေ ပိတ်ဖြူဝတ်ပြီးကြေးစည်ထုနေသည့်အလှူခံပုဂ္ဂိုလ်ကတော့ ရွတ်ဖတ်ပြောဆိုနေဆဲ။ သီရိဓမ္မာသောကမင်းကြီးရော ရေတွင်းပေါင်းရှစ်သောင်းလေးထောင် ရေကန်ပေါင်းရှစ်သောင်းလေးထောင်ရော ညောင်စေ့လောက်လှူသော်ငြား ညောင်ပင်ကြီးလောက်ရတာရော စုံတကာစေ့အောင် အပြောအဟောကောင်း၍ ရထားတွဲထဲရှိခရီးသည်တော်တော်များများ အိပ်ကပ်တွေနှိုက်ကုန်ကြရတော့သည်။

ငါးပြားစေ့ ဆယ်ပြားစေ့နှင့် မတ်စေ့တွေလည်း အဝါရောင်ဆေးသုတ်ထားသည့် သံဖြူပုံးထဲသို့ ဒေါက်ကနဲဒေါက်ကနဲ ခုန်ဝင်သွားကြရရှာသည်။ ကျွန်တော်လည်း မနေသာတော့ပါ။ ဆယ်ပြားစေ့တစ်စေ့ကို သံဖြူပုံးထဲသို့ထည့်ပြီး ကြီးစွာသောဒါနမျိုးစေ့ကို စတင်စိုက်ပျိုးလိုက်ရချေတော့သည်။ အလှူခံပုဂ္ဂိုလ်သည် ပိုက်ဆံငါးမူး တစ်ကျပ် ထည့်ဝင်လှူဒါန်းမည့်သူရှိလျှင် အချိန်ကြာကြာဆုတောင်းပေးဖို့ဟန်ပြင်ထားသော်လည်း ရထားတစ်တွဲလုံး ငါးပြားဆယ်ပြားလောက်သာတတ်နိုင်ကြသူတွေချည်းဖြစ်နေ၍ မှန်းချက်နှင့်နှမ်းထွက်မကိုက်။ ထို့ကြောင့် နောက်တစ်တွဲသို့ အလျင်အမြန်ကူးသွားတော့၏။

အထက်မှစုန်ဆင်းလာသည့်မီးရထားလည်း ရောက်လာခဲ့ပြီ။ သို့သော်လည်း မည်သို့ကြောင့်မှန်းမသိ မီးရထားနှစ်စီးစလုံး ဦးတည်ရာအရပ်ဆီသို့ ဆက်လက်မထွက်ခွါနိုင်ကြသေး။ နေ့လည်ခင်းမို့ နေရှိန်ကပူပြင်းလှ၏။ လေမတိုက်၍ မွန်းကြပ်နေ၏။ ရထားနှစ်စီးယှဥ်ပြီးရပ်ထား၍ ရထားတွဲတွေထဲက ခရီးသည်တွေခမျာ တစ်ယောက်ကိုတစ်ယောက် ငေးမောနေကြသည်။ ဘာရယ်မဟုတ် ငေးစရာကြည့်စရာကုန်သွားပြီး မီးရထားကလည်းထွက်တော်မမူနိုင်သေး၍ စိတ်အာရုံအပြောင်းအလဲဖြစ်လိုဖြစ်ငြား ဘဝတူအချင်းချင်း အပြန်အလှန်ငေးမောနေကြခြင်းမျှသာ။ ကျွန်တော့်မှာ မီးရထားဖြင့် စုန်သည်ဖြစ်စေ ဆန်သည်ဖြစ်စေ သည်လိုပဲအမြဲကြုံတွေ့ရစမြဲ။
× × × ×

လွန်ခဲ့သည့်ရှစ်နှစ်လောက်က အနောက်ဥရောပနိုင်ငံတွေဆီသို့ ရောက်ခဲ့သည်။ သူတို့နိုင်ငံတွေမှာဖြင့် လေယာဥ်က မီးရထားထက်စျေးသက်သာ၍ လေယာဥ်စီးသူတွေများသည်။ ကျွန်တော်က မီးရထားကိုသံယောဇဥ်ကြီးနေမိသူ။ သူတို့နိုင်ငံတွေကိုရောက်တုန်း ပေါက်တုန်း တစ်ကြိမ်တစ်ခါလောက် မီးရထားစီးလိုက်ဦးမှဟု တွေး သည်။ သို့ဖြင့် ဆွစ်ဇာလန်မှ ပြင်သစ်ပါရီသို့အသွားမှာ မီးရထားစီးခဲ့သည်။ ရထားတွဲတွေက ကျွန်တော်တို့စီးနေကျရထားတွဲတွေထက်ကြီးသည်။ ထိုင်ခုံဆိုဖာတွေကလည်း တအိအိ။ ခရီးဆောင်အိတ်တွေပါလာလျှင် ရထားတွဲထောင့်မှာထားဖို့ နေရာပေးထားသည်။

ငြင်သာလွန်း၍ ရထားထွက်သွားတာကို မသိလိုက်။ မီးရထားသည် ဆီသုတ်ထားသည့်သံလမ်းပေါ်သို့သွားနေဘိအလားအလား လျောကနဲပြေးလွှားနေလျှက်။ ခဏနေတော့ မီးရထားလက်မှတ်စစ်ရောက်လာသည်။ ရထားလက်မှတ်စာရွက်ကလေးကို သူ့လက်ထဲကကရိယာဖြင့် စကင်ဖတ်သည်။ ကျွန်တော်တို့ဆီမှာဖြင့် အဲလိုမဟုတ်ပေါင်။ ရထားလက်မှတ်ကို နီပြာတံဖြင့်ခြစ်သည်။ လက်မှတ်စစ်ရင်း အသိမိတ်ဆွေတွေနှင့်တွေ့လျှင် ရှေ့ဆက်ပြီးလက်မှတ်မစစ်သေးဘဲ ဆယ်မိနစ်ခန့် တော်လ်ကီပွားသည်။

ဘယ်လောက်ဟန်ကျလိုက်ပါသလဲ။ ရထားပေါ်မှာ အကြောင်းကြုံမှ ဆုံခဲ့ကြရခြင်းဖြစ်၍ လက်ရည်တပြင်တည်းခင်မင်နေကြသည်ပဲ။

မီးရထားသည် အမြန်နှုန်းမြှင့်ပြီး ခုတ်မောင်းနေသော်လည်း လှုပ်လည်းမလှုပ် ခါလည်းမခါ။ သံလမ်းအကွေ့တွေမှာ ပြတင်းပေါက်အပြင်ဖက်သို့ ခေါင်းထုတ်ပြီး ရှေ့ကရထားတွဲတွေနှင့် နောက်ကရထားတွဲတွေကို လှမ်းမျှော်ကြည့်ချင်သော်လည်း မှန်တံခါးတွေအသေပိတ်ထားတာကြောင့် အပြင်ဘက်ကရှုမျှော်ခင်းတွေကိုသာ ထိုင်ရင်းဖြင့်ငေးနေရလေတော့သည်။ ရထားတွဲထဲသို့ ဆေးရောင်းချသူလည်းမရှိ။ အလှူခံဆိုတာ ဝေးသေး။ ဒါကမီးရထားတဲ့လား မနိပ်ပါဘူးဟာဟု တွေးလိုက်မိသည်။

ကိုယ်တို့ဆီက မီးရထားတွေနှင့်နှိုင်းယှဥ်လျှင် အဆင့်အတန်းခြင်းကွာလှချည့်။ အမှန်တော့ သည်လိုလေးခရီးသွားရတာ စည်းစိမ်ရှိလှပါသည်။ ခက်တာက တစ်ချိန်က ရထားစီးရသည့်ဒုက္ခတွေက အရိုးစွဲနေသည်ဖြစ်၍ သုခဘုံမှာရောက်နေသော်လည်း မပျော်နိုင်ဘဲဖြစ်နေရသည်။

ကျွန်တော်တို့သည် အရာရာမပြည့်စုံခဲ့သည့်ခေတ်တွေထဲမှာဖြတ်သန်းရင်း ဒုက္ခဆိုသည့်အရာဖြင့် နေသားကျနေမိသည်။ ပြီးတော့ ထိုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကိုလည်း ဒုက္ခဟူ၍လည်း မမှတ်တော့ပြီ။ သံလမ်းရိုးမှာနေခဲ့ကြသူ ကျွန်တော်တို့အချင်းချင်းဆုံလျှင် တစ်ချိန်က ရထားစီးခဲ့ရသည့်ဒုက္ခတွေကို အလွမ်းပြေပြောကြရင်းပြုံးရယ်မိကြစမြဲ။ ကျွန်တော်တို့လူမျိုးက တော်တော်အံ့သြဖို့ကောင်းသည်။ အတိတ်ကာလကို ဆင်ခြင်နိုင်မှလက်ရှိပစ္စုပ္ပန်ကို ခိုင်မာစွာတည်ဆောက်၍ အနာဂတ်ဆီသို့လှမ်းမျှော်ရစမြဲ။ သို့သော် ကျွန်တော်တို့ကတော့ ဆင်ခြင်ခြင်းထက် ကိုယ်ခံစားရသမျှတွေကိုပဲ အရသာခံပြီးပြောကြ၍ နိုင်ငံခြားသားတွေက မည်သို့မှတ်ချက်ပြုမည်မသိ။

ခေတ်တွေပြောင်းလဲသွားရင်း မြန်နှုံးမြင့်သည့်ခေတ်ထဲသို့ရောက်နေလေပြီ။ သွားရေးလာရေးလည်း ကောင်း ၏။ ဆက်သွယ်ရေးစနစ်လည်းကောင်းလာ၏။ သည်နှယ်ဟန်ကျနေလိုက်ကြတာက ဘာမျှမကြာ သမိုင်းဘီးသည်တစ်ကြော့ပြန်၍ ရောက်လာခဲ့ပြန်လေပြီ။ အင်တာနက်ကို သူ့ချည်းသုံး၍မရ။ VPN ခံ၍ သုံးရသည်။လျှပ်စစ်မီးလည်းပျက်လာခဲ့ပြီ။ တတိယလှိုင်းပြီးသည့်အချိန်မှာ အိုမီခရွန်ရောက်လာခဲ့သည်။ တိုက်ပွဲတွေလည်းနေရာအနှံ့။ အန္တရာယ်သည် ကိုယ့်အနီးအနားမှာရှိနေ၍ မည်သူမျှ စိတ်ဖြောင့် လက်ဖြောင့် မနေကြရ။

မည်သို့ပင်ဖြစ်စေ ဒုက္ခတွေဖြင့် လုံးထွေးကြီးပြင်းလာခဲ့ကြသည့် ကျွန်တော်တို့သည်  သည်အရေးကိုတွေးပြီး မပူကြတော့။ ကြုံလာလျှင်ကြုံလာသည့်အလျောက် ရင်ဆိုင်ကြရုံသာ။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထဲသို့ရောက်လာခဲ့ပြီ။ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ဒုက္ခတွေအမျိုးမျိုးကြုံရသည်။ သို့သော် ပြည်သူလူထုသည် ကြံ့ကြံ့ခံနိုင်စွမ်းရှိခဲ့သည်။ တစ်ခရီးတည်းသွားသည့် ရထားစီးခရီးသည်တွေလို တစ်ယောက်ကို တစ်ယောက် ကူညီကြ  မျှဝေခံစားကြသည်။

ခေတ်ကပေးလိုက်သည့်ဒုက္ခတွေမှန်သမျှကို ခါးစည်းခံနိုင်ကြသည့် ကျွန်တော်တို့လူမျိုးက အံ့သြရသလိုလေးစားဖို့လည်းကောင်းပါသည်။ ကျွန်တော်တို့လူမျိုးဆိုတာက မြန်မာလူမျိုးသာမဟုတ်ပဲ ကချင် ကရင် ကယား ရခိုင် ရှမ်းမွန် ချင်း စသဖြင့် မြန်မာပြည်တွင်းမှာနေထိုင်ကြသူ တိုင်းရင်းသားအားလုံးကို ဆိုလိုသည်။ ဒုက္ခမှန်သမျှတွေကိုရင်ဆိုင်ပြီး ဖြတ်သန်းကြရင်းဖြင့် ရွှန်းစိုဝင်းပသည့် နေ့သစ်တစ်နေ့ကို ရောက်လာပါတော့မည်။ပြောရဲလှချည်လားဟု မေးချင်မေးနိုင်ပါသည်။ လောကသဘောမှာ အရာရာတိုင်းသည် တသမတ်တည်း အမြဲမရှိ။

အဆိုးတွေပြီးဆုံးသွားသည်နှင့် ကောင်းတာတွေရောက်လာစမြဲမို့​ မျှော်လင့်ချက်ဖြင့်ပြောရခြင်းဖြစ်ပါသည်။ထိုအခါတွင် တစ်ချိန်တစ်ခါကရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ဒုက္ခတွေအကြောင်းကို မီးရထားစီးခဲ့ရသည့် အတွေ့ အကြုံတွေ ပြောသလို မျိုးရယ်မောရင်းပြောကြဦးမည်လားမသိ။ တွေးရင်းဖြင့် သံလမ်းရိုးတလျှောက်မှာနေထိုင်ခဲ့ကြရသည့်မိတ်ဆွေသူငယ်ချင်းများကို လွမ်းသွားခဲ့ရတော့သည်။ အဝေးဆီမှ အဟောင်းတွေချွေ၍ အသစ် အဖူးတွေ အစားထိုးဝင်ရောက်လာသည့် နွေဦး၏ပုံရိပ်တွေက ကျွန်တော့်ရင်ထဲသို့ တိုးဝင်လာခဲ့ပြီ။


ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar