Breaking News

ဖိုးစနေ - လွတ်မြောက်မှုသည် အလကားမရ

ဖိုးစနေ - လွတ်မြောက်မှုသည် အလကားမရ
(မိုးမခ) ဖေဖော်၀ါရီ ၂၄၊ ၂၀၂၂

တော်လှန်ရေးကာလ 
ရှည်ကြာလာတာနဲ့အမျှ 
အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ရှိလာတယ်။ 

ဒါဟာ စကစရဲ့ စိတ်ကြိုက်ဖြစ်စေမယ့် အခြေအနေတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့လည်း စကစ စိတ်ကြိုက် ဖြစ်စေမယ့် အခြေအနေကို မဖန်တီးမိဖို့ သတိ ပြုကြရပါလိမ့်မယ်။ ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကိုလည်း လူထုက လေးလေးနက်နက် နားလည်လက်ခံထားဖို့ လိုပါတယ်။ ဒီလိုနားလည်လက်ခံမထားပဲ မြေအောက် တော်လှန်ရေးက သာတယ်၊ မြေပေါ်တော်လှန်ရေးကမှ အရေးပါတယ်၊ မင်းထက်ငါပိုလုပ်နိုင်တယ်၊ ငါက မင်းထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ ဂုဏ်ဆာမှုတွေဟာ တော်လှန်ရေးအတွက် အင်မတန် အဟန့်အတား ဖြစ်စေပါတယ်။ 

ကျွန်တော်တို့အားလုံးဟာ ကိုယ်နိုင်ရာ တော်လှန်ရေးလမ်းစဉ်အသီးသီးကနေ နင်းလျှောက်ကြရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ပြောချင်တာက တော်လှန်ရေးလုပ်တဲ့နေရာမှာ တော်လှန်ရေးရဲ့သဘောသဘာဝကို နားလည်လက်ခံထားဖို့လည်း အင်မတန်လိုအပ်ပါတယ်။

"လွတ်မြောက်မှုဟာ အလကားမရဘူး"

ဆိုတဲ့ စကားလိုပါပဲ။ လွတ်မြောက်မှုကိုရလိုလျှင် ပေးဆပ်ရင်းနှီးရမှုတွေကတော့ မလွဲမသွေ ရှိနေမှာ ဖြစ်ပါတယ်။ ရွာတွေ မီးရှို့ခံရမှုတွေ သတ်ဖြတ်ခံရမှုတွေ ရှိနေမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အချိန်အခါမျိုးမှာ သပိတ်စစ်ကြောင်းကြောင့် ရွာနာရတယ်။ 

PDF ရဲဘော်တွေကြောင့် ရွာနာရတယ်ဆိုတဲ့ ခံယူချက်အမှားတွေကိုလည်း ပယ်ဖျောက်ကြဖို့လိုပါတယ်။ ကိုယ့်ရွာကိုတော့စံစေ သူများရွာတော့ ခံစေဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေကို ခဝါချဖို့ လိုပါတယ်။ 

ပြီးတော့ကျွန်တော်တို့တွေဟာ မြေပေါ်မြေအောက် မခွဲခြားဘဲ ဟန်ချက်ညီညီ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ချီတက် ကြဖို့လိုပါတယ်။ တော်လှန်ရေးလမ်းစဉ် အသီးသီး ညီညွတ်နေမှသာလျှင် ဒီတော်လှန်ရေးဟာ လျှင်မြန်စွာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့တော်လှန်ရေးဟာ ကျရှုံးသွားလို့ မဖြစ်ပါဘူး။ တော်လှန်ရေးကျရှုံးသွားတာနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်တွေ အချိန်တွေဟာ အချည်းအနည်း ဖြစ်ပါသွားပါလိမ့်မယ်။ နောက်လာမယ့် သားစဉ် မြေးဆက်တွေဟာလည်း စစ်ကျွန်ဘဝကနေ ရုန်းထွက်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီလိုမျိုး စစ်တပ်ရဲ့ ဆိုးညစ်ယုတ်မှုတွေ နောက်သားစဉ်မြေးဆက်တွေ မခံစားရစေဖို့ ညီညီညွတ်ညွတ်နဲ့ တော်လှန်ပေးကြဖို့ သုံးသပ်ရေးသားလိုက်ရပါတယ်။ 

မှတ်ချက်
ဆောင်းပါးရှင် "ဖိုးစနေ" သည် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင်တဦးဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar