Breaking News

ကျော်မင်းထွန်း(NEW YORK) — နှစ်ကာလများ



ကျော်မင်းထွန်း(NEW YORK) — နှစ်ကာလများ

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၂



ညသန်းခေါင်ကျော်တံခါးခေါက်
ခဏလောက်လိုက်ခဲ့ပါ
မေးစရာလေးရှိလို့ပါဆိုရင်
အိမ်ပြန်ရောက်ဖို့
ဆယ်နှစ်လောက် ကြာတယ်။

ကလေးမုန့်လုစားသလို
လုပ်စားစရာ ပါတီတွေများ
ဖောင်ဒေးရှင်းတွေများ
ပရဟိတတွေများပေမယ့်
ထားစရာ မရှိသူနဲ့
စားစရာ မရှိသူကြား
အလုပ်လက်မဲ့များသွားတာ
နှစ်ပေါင်းနှစ်ဆယ် ကြာပြီ။

နှင်းပေါက်သဖွယ်
ပျောက်ပျက်လွယ်တာ
အသက်ရဲ့သဘောပါလို့ဆိုပေမယ့်
အာဏာရှင်သက်ဆိုတာ
တစ်ခါလာရင်
နှစ်သုံးဆယ်ကြာတယ်။

အမျိုးကို ချစ်ပြပြီး
အမြစ်ကို ချိုးချတဲ့
သူခိုးက လူဟစ်ပြနေတာက
နှစ်ပေါင်း လေးဆယ်။

မိုးပေါ်ထောင်မပစ်တတ်လို့
ပြည်တွင်းစစ်ရပ်မရတာက
နှစ်ပေါင်း ငါးဆယ်။

ချောက်ထဲ တမင်ဆွဲချပြီးမှ
ချောက်ထဲမကျအောင် ကယ်တင်လိုက်ရတာ
ကာရာအိုကေသီချင်းရှင်တွေလိုပဲ
စင်ပေါ်တက်ပြီးရင် ပြန်မဆင်းတော့ဘူး။

နိပ်သဗျာ..
အာဏာရှင်ဆိုတာ
မသာလည်း သာရအောင်
မညာလည်း ညာရအောင်
မကြာလည်း ကြာတတ်တာ
နှစ်ပေါင်းခြောက်ဆယ်ကျော်သွားပြီ။    ။

ကျော်မင်းထွန်း(NEW YORK)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar