Zelle, Paypal, Venmo စတဲ့ Cash App တွေနဲ့ မပေးရ မလှူရတော့ဘူးလား
Zelle, Paypal, Venmo စတဲ့ Cash App တွေနဲ့ မပေးရ မလှူရတော့ဘူးလား
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂အခု ဘိုင်ဒင်၏ အမေရိကန်ကယ်ဆယ်ရေးဥပဒေ (American Rescue Act) ထဲမှာ ပြဌာန်းချက်တခုက အထက်ပါ ငွေပေးဆောင်တဲ့ အက်ပ်တွေကနေ အချင်းချင်းပိုက်ဆံလွှဲရင် IRS ဆိုတဲ့ အခွန်ရုံးကို သတင်းပို့ရမယ်၊ အခွန်တွေ ဆောင်ရတော့မယ်လို့ သတင်းထွက်နေကြတာပါ။ တကယ်က အသေးစိတ်မှာ အဲသလိုမဟုတ်ပါဘူး။ သတင်းက အဓိပ္ပါယ်ကောက်တာ နဲနဲ လွဲပါတယ်။ မိမိတို့ မိတ်ဆွေ မိသားစုအချင်းချင်း ငွေပေး ငွေယူလုပ်ကြတဲ့ဆီမှာ - စီးပွားဖြစ် ရောင်းဝယ်တာ မဟုတ်သ၍ အခွန်ဆောင်စရာ မလိုပါ။ စီးပွားရေးနဲ့ ကုမ္မဏီတွေအတွက်ကတော့ အဲသည် အက်ပ်တွေကနေ ငွေလက်ခံ ရောင်းဝယ်ကြရင် ငွေ ၆၀၀ နဲ့ အထက်ကို အခွန်ရုံးကို သတင်းပို့ရန် တာဝန်ရှိတယ်။ အဆိုပါ အက်ပ် ကုမ္မဏီတွေကလည်း ဒီစာရင်းတွေကို အစိုးရအခွန်ဌာနကို သတင်းပို့ရမယ်လို့ ပြဌာန်းထားတာပါ။
၂၀၁၂ တုန်းက အခွန်ဥပဒေမှာ လုပ်ငန်းတခုက ငွေ ၂သောင်းနဲ့ အထက် ဝင်ငွေ ရှိရင် ပြီးတော့ အရောင်းအဝယ် အရေအတွက် ၂၀၀ အနည်းဆုံးရှိရင် အခွန်ရုံးကို အကြောင်းကြားရမယ်လို့ ဆိုခဲ့ပါတယ်။ အခုကျတော့ လုပ်ငန်းတခုမှာ ငွေ ၆၀၀ နဲ့ အထက် အဝင်အထွက်ရှိတာနဲ့ မှတ်တမ်းတင်ရမယ်၊ သတင်းပို့ရမယ်လို့ ၂၀၂၂ ဇန်နဝါရီလကစပြီး အစောက အမေရိကန်ကယ်ဆယ်ရေးဥပဒေက ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ အခု ထပ်ဆွေးနွေးနေတဲ့ ပြဌာန်းချက်တခုက ပိုတောင် ရှုပ်သေးတယ်။ ဘဏ်ထဲမှာ ငွေ ၆၀၀ အထက် ရှိရင် သို့မဟုတ် ၆၀၀ နဲ့အထက် အဝင်အထွက်ရှိရင် အစိုးရအခွန်ရုံးကို သတင်းပို့ကြရမယ် ဆိုသတဲ့။ အခွန်ထမ်းပြည်သူတွေ၊ လုပ်ငန်းရှင်တွေ စာရင်းကိုင်တွေ အလုပ်တွေ ပိုရှုပ် နားလည်မှုတွေ ပိုလွဲကုန်ကြမှာပေါ့ဗျာ။ ဥပဒေနောက်ထပ်မတိုးလိုက်ပါနဲ့ မင်းအမေ —— ဆိုတဲ့ စကားလို ဖြစ်ကုန်တာ အမေရိကန်မှာပါ။
တကယ်တန်းက နိုင်ငံရေးပါ။ အစိုးရက လူတွေကို ကူဖို့ ပြဌာန်းချက်တွေ ထုတ်တယ်။ အချို့အမတ်မင်းတွေ ပါတီဝင်တွေက လူတွေကို လွယ်လွယ်နဲ့ မကူညီစေချင်ဘူး၊ လူတွေကို မယုံဘူး။ အလကားထိုင်စားမယ့်သူတွေလို့ နိုင်ငံရေးသမား လူတွင်ကျယ်အချို့က မြင်တယ်။ သည်လို ဝါဒဖြန့်တယ်။ ဆိုတော့ အခုလို လူတွေကို သက်သာဖို့ အလုပ်အကိုင် ပေါများဖို့ ကူညီမယ့် ပရိုဂျက်တွေ ပေးမယ်ဆိုတဲ့အခါ အခုလို နှောင်ကြိုး ပုဒ်မတွေ တွဲထည့်လိုက်ကြတာပါ။ သူတို့ပြောတာကတော့ အခွန်အကောက်ရမယ့်ငွေနဲ့ လူတွေ ဝင်နေတဲ့ငွေ ကွာဟချက်ကို ချုံ့ချင်တဲ့ စေတနာပါတဲ့။ ဘာဆိုလိုမှန်းတော့ မသိဘူး။
တကယ်တန်းက အမေရိကားမှာ အခွန်ပေးနေရသူတွေအများဆုံးက အလုပ်သမားလူတန်းစားနဲ့ လူလတ်တန်းစားတွေချည်းပါ။ သေဌေးတွေက အခွန်ကင်းလွတ်အောင် ဥပဒေလက်တလုံးခြား လုပ်ကိုင်စားသောက်တတ်ကြတော့ ... အခွန်အကြီးအကျယ်ပေးကြရတဲ့သူဆိုတာ ညံ့လို့ အခွန်ပေးကြရတာတဲ့။ ဒိစကားလုံးက သွားလေသူ အရင်သမတကြီး ဒေါ်နယ်ထရန့်ပြောခဲ့တာပါ။ ခုချိန်ထိလည်း ထရန့်က အခွန်ရှောင်လို့ဆိုပြီး နာမယ်ကြီးဆယ်လီ ဖြစ်နေဆဲပါ။
ကိုးကား - https://grow.acorns.com/paypal-venmo-tax-rule-requirements/
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar