ညိုထက်ညို - သီရိဟန်အပေါ် ဝေတဲ့ နှင်း
သီရိဟန်အပေါ် ဝေတဲ့ နှင်း
ညိုထက်ညို
(မိုးမခ) မတ် ၁၊ ၂၀၂၂
မီးငယ်
ကမ္ဘာအကျယ်ကြီးထဲတစ်နေ့ကပဲ
နင့်ဆီကအားဆေးတွေကိုဖြန့်ပေးဖူးတဲ့ ခိုကလေးလည်းလှောင်အိမ်ထဲကိုရောက်သွားတယ်
တစ်နေ့ကပဲအရယ် နဲ့ အပြုံးလည်းခေါင်းတွေချည်းတည့်တည့်ပဲတဲ့
အဲဒီမှာပဲငါလည်းစာအရှည်ကြီးတွေမရေးမိတော့တာ
လေညင်းကလေးကိုသေစာရင်းသွင်းလိုက်ရတာ
နွေဦးကိုလက်လွှတ်လိုက်ရတာ
တစ်ခါကတချို့ရဲ့ မတော်တဆ ည တွေလိုအချစ်တွေနဲ့ ပြည့်နှက်မနေတော့တာ
လေကိုယ်တိုင်ကအသက် တလှပ်လှပ် နဲ့ ကြပ်နေတာ
အဲဒီမှာပဲငါလည်းကောက်ရသလိုအဖျားဝင်သွားတာ
ဖြစ်သမျှအကြောင်းအကောင်းအနံ့ထောင်းထောင်းထရာကွင်းပြင် မှာငါတို့ မသေယောင်ဆောင်နေရတာ
ကုန်ကုန်ပြောမယ်ဟာအနံ့မပျောက်တာအသံမပျောက်တာမကွဲတာမအက်တာပွန်းရာရှရာ
မရှိသေးတာမှန်ပေမယ့် အဲဒီကမ္ဘာဆိုတဲ့ ငနဲကြီးကို ငါ စိတ်ကုန်သွားတာ
နင် မြင်စေချင်တယ် ညစဉ်ညစဉ် ငါတို့တိတ်တိတ်ကလေးခိုးအိပ်နေရတာ
ကမ္ဘာကြီးနှာစေးပြီးအာစေးမိနေတုန်းကရောက်လာတဲ့ ယူကရိန်း က
ရဟတ်ယာဉ်တွေသံချပ်ကာယာဉ် တွေကိုကြောက်နေရတာ
မအောင်မြင်သေးခင် တော့လည်းဒီလိုပေါ့ဟာပြောရဦးမယ်
နင် ချန်ထားခဲ့တဲ့ လမ်းထိပ်မှာ ငါ ဖယောင်းတိုင် သွားထွန်းမိတာနဲ့ မနှစ်ကပြေးလိုက်ရတာ
ပုန်းနေတဲ့ အခန်းကနေချောင်းကြည့်တော့ မျက်နှာချင်းဆိုင် မြေညီထပ် က နင့်အခန်းကိုလှမ်းမြင်နေရတာ
အဲဒီအချိန် နင်ကနင် ကောက်ရခဲ့တဲ့ လန်ဒန်မှာငါကနင် လွှတ်ချခဲ့တဲ့ ၃၈လမ်းမှာ
နင်လည်းသိမှာပါ နင့် သမီးနဲ့ သားသာသာကလေးတွေပိုးစိုးပက်စက် သေနေတာကိုခေါင်းငုံ့ကြည့်ရင်း ငါ့မှာပေါ်တင် ရူးနေတာ
အဲဒီမှာ ငါ့ဘဝကိုပြန်ထုတ်မရတော့တာပါ မီးငယ်ရယ် ထပ်ပြောမယ် ငါ့ကို
နင်ချန်ခဲ့တဲ့ နင့် လမ်းထိပ် နားမှာ၊ ဟိုတုန်းကနင် နဲ့ ငါ တလွှားလွှားပြေးခဲ့ဖူးတဲ့ နင့် အိမ်ရှေ့နားမှာ
ငါ မားမားမတ်မတ် ရပ်နေတာပါ မီးငယ်ရယ် ဖြစ်နိုင်ရင်သာတကယ့်ကိုဖြစ်နိုင်ရင်သာ
နင့်ဆီမှာဝေနေတဲ့ နှင်းတွေကို
အနုမြူဗုံးလိုဆုပ်ပြီး ငါ့အပေါ် ကြဲချလိုက်ပါ ။ ။
ညိုထက်ညို
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar