Breaking News

ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ Update

Credit...Lynsey Addario for The New York Times

ကိုကျော်(မြစ်ကြီးနား) - ယူကရိန်းစစ်ပွဲ Update

(မိုးမခ) မတ် ၁၊ ၂၀၂၂


⚡️- မနေ့ညမှာတော့ ယူကရိန်း နေရာအနှံ့မှာ ရုရှားတပ်များမှ ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အကြံပေးအရာရှိ Oleksiy Arestovych မှ ပြောပါတယ်။ ဒီနေ့ တနင်္လာနေ့ မနက်မှာတော့ Kyiv, Zhytomyr, Zaporizhzhia နဲ့ Chernihiv မြို့များမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အသေးစိတ်အချက်အလက်များ မရရှိသေးဘူးလို့ ဆိုပါတယ်။

⚡️- တနင်္လာနေ့မှာ ထူးခြားစွာပဲ စင်ကာပူနိုင်ငံမှ ရုရှားကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ (ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မပါဘဲ စင်ကာပူမှ စီးပွားပိတ်ဆို့မှုပြုလုပ်တာ အလွန်ရှားပါတယ်။) ယူကရိန်းတိုက်ပွဲမှာ အသုံးပြုဖို့ နဲ့ ယူကရိန်းပြည်သူများကို ထိန်းချုပ်နိုင်ဖို့ စစ်လက်နက်များ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်မဲ့ ကိရိယာပစ္စည်းများကို ရုရှားသို့ တင်ပို့ရောင်းချမှု ထိန်းချုပ်သွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ္စနန် (Vivian Balakrishnan) မှ ပါလီမန်အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

⚡️- တောင်ကိုးရီးယားမှလည်း အရေးပါတဲ့နည်းဗျူဟာသုံး ပစ္စည်းကိရိယာများ ရုရှားသို့ တင်ပို့ရောင်းချမှုကို ပိတ်ပင်သွားမှာဖြစ်ပြီး၊ SWIFT နိုင်ငံတကာငွေလွှဲစနစ်မှာ ရုရှားကို ဖယ်ထုတ်ဖို့ ပူးပေါင်းလိုက်ပါတယ်။ လောလောဆယ်မှာ တောင်ကိုးရီးယားအစိုးရမှ ယူကရိန်းအတွက် လူသားချင်းစာနာမှု ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအတွက် အစီအစဥ်များပြုလုပ်နေတယ်လို့ သိရပါတယ်။

⚡️- ဖေ့ဘုတ်ရဲ့ ပင်ရင်းကုမ္ပဏီ Meta မှ ယူကရိန်းပြည်သူများအား ပစ်မှတ်ထားပြီး လုပ်ကြံသတင်းဝါဒဖြန့်ချိမှုနဲ့ စောင့်ကြည့်ခြေရာခံမှုတို့ ပြုလုပ်နေတဲ့ ရုရှားနဲ့ ယူကရိန်းအခြေစိုက် ဖေ့ဘုတ်စာမျက်နှာများ အပါအဝင် ဘယ်လာရု့စ်နဲ့ ဆက်စပ်မှုရှိတဲ့ ဟက်ကာအုပ်စုတစ်ခုတို့ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

⚡️- Google မှ ဂူဂဲလ်မြေပုံလမ်းညွှန်စနစ်မှာ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်တဲ့ live ဒေတာတချို့အား ရပ်တန့်ထားလိုက်ပြီး၊ ယူကရိန်းနယ်မြေ လုံခြုံရေးအတွက် မြေပြင်မှ ဒေသခံပြည်သူများနဲ့ ပူးပေါင်းတိုင်ပင်မှုနဲ့ ဆုံးဖြတ်ချခဲ့ရတယ်လို့ သိရပါတယ်။

⚡️ ဓာတ်ပုံ - တနင်္ဂနွေနေ့က တောင်ကိုးရီးယား ရုရှားသံရုံးရှေ့မှာ ယူကရိန်းနိုင်ငံသားနှင့် ထောက်ခံသူများ ၃၀၀ ခန့် ရုရှားကျူးကျော်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ကိုကျော်(မြစ်ကြီးနား)
(ကိုးကား။ ။ The New York Times - Feb 28, 2022 - Live Updates: Putin Places Nuclear Forces on Alert as Ukraine Agrees to Talks With Russia)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar