ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၁၀)
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂
အခန်း ၁။
နွေဦးတော်လှန်ရေးဟာ မရှိရာမှ ရှိရာသို့ ချီတက်နေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ လူထုဟာခိုင်မာတဲ့ ယုံကြည်ချက်တခုနဲ့ပဲ အစချီခဲ့တာဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်ကနေ ခိုင်မာတဲ့ အတွေးအခေါ် တရပ်ကို ထူထောင်နိုင်ခဲ့ပါတယ်။ ခိုင်မာတဲ့ အတွေးအခေါ်တွေဟာ တနိုင်ငံလုံး စုစည်းမိတဲ့အခါမှတော့ ကနေ့တွေ့နေ မြင်နေရပြီဖြစ်တဲ့ တောင့်တင်း သန်မာအင်အားရှိတဲ့ ရုပ်ဝတ္ထုအင်အားကြီးတခု ဖြစ်လာတော့တာပါဘဲ။ ဒါဟာသီအိုရီအရ လုံးဝမှန်ကန်စွာ ဖြစ်ပေါ်တိုးတက်နေတာ လို့ ပြောရမှာဖြစ်ပါတယ်။
သဘောက စစ်တုရင် ကစားသမားတွေဟာ သူတို့ရဲ့ပြိုင်ဘက်ကို အလဲထိုးရာမှာ အခုလိုဘဲ စ လယ် ဆုံး သုံးခုလုံးမှာ ယှဥ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးမှာလည်း ကျနော်တို့ ဒီကာလ ၃ ပါးကို ကျော်နေကြရတာ ဖြစ်တယ်ဆိုတာ တွေးလိုက်တာနဲ့ လွယ်ကူစွာ သဘောပေါက်သွားမှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။
ဒီနေရာမှာ နွေဦးတော်လှန်ရေးမတိုင်မီကာလ နွေဦးတော်လှန်ရေး စစချင်း မှင်တက်မိသွားခဲ့သေ ာကာလ နိုးကြားစွာ လက်မတင်ကလေး လက်ဦးမှုရယူခဲ့သော ကာလနဲ့ နွေဦးတော်လှန်ရေးရဲ့ ကာလကနဦးကို ဖြတ်ကျော်ခြင်း ဆိုပြီး ကျနော်တို့ အခုလို ခွဲခွဲခြားခြားကြည့်မြင်မယ်ဆိုရင် လတ်တလော ရောက်ရှိနေတဲ့ ကာလကိုအခိုင်အမာ ခန့်မှန်းတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
ကျနော်တို့နဲ့ နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အဲဒီတုန်းက NLD လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးတိုင်း ဒီကိစ္စက အတော်စိတ်ပျက်စရာကိစ္စ ဖြစ်သလို အဖြေမထွက်တဲ့ ကိစ္စလို့ပဲ ပြောရပါလိမ့်မယ်။ NLD ပါတီရဲ့ ထိပ် ပိုင်းခေါင်းဆောင်တွေအဝန်းအဝိုင်းမှာလည်း ဒီကိစ္စကို အလေးအနက် စဥ်းစားမိနိုင်ပါတယ်။
စစ်တပ်ကို စည်းရုံးလို့ရမယ်ဆိုတဲ့ အတွေးအခေါ်ရဲ့နောက်မှာ NLD ပါတီဟာ နိုင်ငံရေးဂုဏ်သိက္ခာအရအတော်ထိခိုက်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ NLD ပါတီမှာ စစ်တပ်ကအင်အားစုတွေက ဒုနဲ့ ဒေးဆိုသလို အခိုင်အမာတပ်စွဲထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စစ်အုပ်စုက အပြင်ကရော အတွင်းမှာပါ အခိုင်အမာတပ်စွဲပြီး ထိုးစစ်အမျိုးမျိုးကိုထိုးခဲ့ကြကာ နောက်ဆုံး အာဏာသိမ်းတဲ့အဆင့်ကို ရောက်ခဲ့တာလို့ ပြောနိုင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းတဲ့အချိန်မှာ လွှတ်တော်အမတ်တွေဟာ လွှတ်တော်တက်ဖို့ စည်ပင်ဝင်းထဲကို လူစုလူဝေးနဲ့ ရောက်နေတဲ့အချိန် ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး သုံးသပ်စရာ အချက်အလက်ကတော့ ကိုလွင်ကိုလတ် မိုးမခမှာ ရေးတဲ့ CRPH သို့မဟုတ် အစရဲ့အစဆိုတဲ့ ဆောင်းပါးဖြစ်လိမ့်မယ် ထင်ပါတယ်။
ပထမဆုံးပြောချင်တဲ့အချက်က "ပြည်သူတွေကလည်း လွှတ်တော်မခေါ်ဘဲ ပြန်မလာနဲ့ လို့ သူတို့ကိုယ်စားလှယ်တွေကို ဖိအားပေးနေတာနဲ့တပြိုင်တည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း စည်ပင်ထဲကဘာမှမလုပ်ဘဲ ပြန်ရင် သစ္စာဖောက်တာပဲ။ ပြည်သူက လွှတ်တော်တက်ဖို့ လွှတ်လိုက်တာလို့ အားလုံးကို လှမ်းပြီးမှာကြားနေပါတယ်။" ဆိုတဲ့ စာသားဟာ အချက် ၃ ချက်ကို တပြိုင်နက်တည်း ဖော်ပြနေခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့တာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြတ်သားတဲ့ သဘောထားနဲ့ မိန်းမ(လူထု) ရဲ့ မှာကြားချက်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ (လူထုဖိအား)
၂။ စည်ပင်ဝင်းထဲမှာလည်း စည်ပင်ဝင်းထဲမှာပဲ လွှတ်တော်ခေါ်ယူရေးကိစ္စကို ဆွေးနွေးငြင်းခုံနေကြရတုန်းဖြစ်ပါတယ်။ ဒါကို သိတဲ့ စကစဟာ ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း စည်ပင်ဝင်းထဲက ထွက်ခွာသွားဖို့ ဖိအားပေးပါတော့တယ်။ ပိတ်ထားတဲ့ စည်ပင်ဂိတ်တွေကိုလည်း ဖွင့်ပေးလိုက်ပါတယ်။ စကစ တပ်က ဗိုလ်မှူးတွေ လွှတ်တော်ဝင်းထဲ အကြိမ်ကြိမ်ဝင်လာပြီး ဖိအားပေးကြတယ်။ ကိုယ်စားလှယ်တွေကလည်း ၂၄ နာရီအတွင်း လုံးဝမထွက်နိုင်ဘူးဆိုပြီး အချေအတင် ငြင်းဆန်ကြပါတယ်။ နောက်တော့ စကစဘက်က ဖေဖော်ဝါရီ ၆ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ပေးဖို့ ရက်ကို နောက်ဆုတ်ပေးလာတယ်။(တိုက်ပွဲ)
တက်ရောက်ပြီး အားလုံးထောက်ခံခဲ့ကြတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတည်ပြု ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။ (အောင်ပွဲ)
လူထုကတော့ အာဏာသိမ်းတဲ့ညကစပြီး ရန်ကုန်မြို့ရှိ နေအိမ်၊ တိုက်ခန်းတွေမှာ ည ၈ နာရီအချိန်က ၈နာရီ ၁၅ မိနစ်အထိ သံပုံးများတီးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး မြန်မာပြည်အနှံ့ ဆရာဝန်၊ ဆရာမများဟာ အလုပ်မဆင်းကြတော့ပါဘူး။
ပြောရမယ်ဆိုရင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ကစပြီး CDM လှုပ်ရှားမှု စတင်ခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့ ညကစပြီး လူထုကတော့ စစ်တပ်ကို စစ်ကြေညာလိုက်ကြပါတယ်။
ဒုတိယနေ့မှာ လူထု စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အင်အားစုကြီး ၃ ခုရှိတယ်လို့ မိုးမခအယ်ဒီတာက ခန့်မှန်းပါတယ်။
လက်တွေ့ လူထုရဲ့ ည ၈ စ်နာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးတိုက်ပွဲကတော့ ကမ္ဘာကြီးတခုလုံးကိုပါ တုန်ဟည်းစေလိုက်နိုင်သလို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ပြည်သူတွေကိုယ်တိုင်ကပါ စစ်အာဏာရှင်တော်လှန်ရေး သင်္ကေတတခုအဖြစ် လက်ခံ ရှုမြင်လိုက်ကြတာဖြစ်ကြောင်းပါဗျာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar